မြန်မာ-ဘင်္ဂလာဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်တွင် မြန်မာဘက်က ၃ လကျော်ကြာ ပိတ်ထားခဲ့သော ၇ ရက် ပတ်စ်ပို့နှင့် တပတ်ခန့် ပိတ်ထားလိုက်သော တရက် ပတ်စ်ပို့တို့ဖြင့် နှစ်နိုင်ငံ ကူးသန်းသွားလာခွင့်များကို မြန်မာဘက်က ၂၄ ရက်နေ့တွင် ပြန်ဖွင့်ပေးလိုက်ကြောင်း သတင်းရရှိသည်။
ဘင်္ဂလာဒေ့ရှ်နိုင်ငံ တာ့ခ်နာမြို့ရှိ နယ်ခြားစောင့်တပ်နှင့် နီးစပ်သူတဦးက “နှစ်နိုင်ငံ ကူးသန်းသွားလာ ခွင့်တွေကို မြန်မာဘက်က ပြန်ဖွင့်ပေးလိုက်တော့ မြန်မာ ကုန်သည်တွေလည်း လာတယ်။ ကျနော်တို့ ဘင်္ဂလားဒေ့ရှ်ဘက်က ကုန်သည်တွေလည်း မြန်မာဘက်ခြမ်း မောင်တောကို သွားနေကြပါပြီ။ နယ်စပ်ဖွင့်တာတော့ ဘယ်နေ့ ပြန်ဖွင့်မယ် ဆိုတာတော့ အကြောင်းကြားတယ်။ နယ်စပ်ကို ဘာကြောင့်ပိတ်တယ်၊ ဘာကြောင့်ဖွင့်တယ် ဆိုတာကို ကျနော်တို့ကို ဘာမှ ပြောတာမရှိဘူး” ဟု ပြောသည်။
နယ်စပ်ပြန်ဖွင့်သည့်အတွက် မောင်တောမြို့မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်အခြမ်း တာ့ခ်နာမြို့သို့ စောင်၊ လုံချည်စသည့် ပစ္စည်းများတင်ကာ သွားလာနေပြီဖြစ်ကြောင်း တရက် ပတ်စ်ပို့သမားများကို သယ်ပို့ပေးသူ မြန်မာ စက်လှေသမားတဦးက ဆိုသည်။
နှစ်နိုင်ငံ ကူးသန်းသွားလာခွင့် ၇ ရက်ပတ်စ်ပို့နှင့် တရက်ပတ်စ်ပို့ လမ်းကြောင်းများကို ယခုနှစ် ဇွန်လ ၈ ရက်နေ့တွင် ရခိုင်ပြည်နယ်တွင်း ပရိပက္ခများကြောင့် မြန်မာဘက်ကပိတ်ခဲ့သည်။ သြဂတ်လ ၂၇ ရက်နေ့တွင် တရက်ပတ်စ်ပို့ကို ပြန်ဖွင့်ပေးသော်လည်း ၇ ရက်ပတ်စ်ပို့ကို ဆက်လက်ပိတ်ထားခဲ့သည်။ ယခုလ ၁၉ ရက်နေ့က တရက်ပတ်စ်ပို့ကိုပါ ထပ်မံပိတ်ခဲ့ပြီးနောက် ၁၆ ရက်နေ့တွင် ကူးသန်းသွားလာခွင့် ၂ မျိုးစလုံးကို ပြန်ဖွင့်ပေးလိုက်ခြင်း ဖြစ်သည်။
မြန်မာနှင့် ဘင်္ဂလာဒေ့ရှ် နှစ်နိုင်ငံအကြား တရားဝင် နယ်စပ်ဖြတ်ကျော် သွားလာနိုင်ရန် တရက်ပတ်စ်ပို့နှင့် ၇ ရက်ပတ်စ်ပို့ဟူ၍ ၂ မျိုးရှိပြီး မြန်မာနိုင်ငံဘက်သို့ သွားလိုသူ ဘင်္ဂလာဒေ့ရှ်နိုင်ငံသားများအနေဖြင့် တာ့ခ်နာမြို့ရှိ ရွှမ်းနားလီဘဏ်တွင် တရက်ပတ်စ်ပို့တွက် တာကာ ၅၀၀ နှင့် ၇ ရက်ပတ်စ်ပို့အတွက် တာကာ ၁၂၀၀ စီပေးသွင်းကာ ကူးသန်းသွားလာခွင့် ပတ်စ်ပို့စာအုပ် ရယူနိုင်သည်။
မြန်မာနိုင်ငံဘက်သို့ တခေါက်ဖြတ်သန်းလိုလျှင် တရက်ပတ်စ်ပို့ခအတွက် တာကာ ၁၀၀ စီနှင့် ၇ ရက်ပတ်စ်ပို့ခ တာကာ ၅၀၀ စီ ဆိပ်ကမ်းအာဏာပိုင်များကို ထပ်မံပေးသွင်းရကြောင်း၊ ဘင်္ဂလာဒေ့ရှ် နိုင်ငံသားများသည် မြန်မာဘက်သို့ ရောက်လျှင် မောင်တောမြို့တွင်းသာ သွားလာခွင့်ရှိကြောင်း သွားရောက်ခဲ့ဖူးသူ တာ့ခ်နာမြို့ခံ နူဒူဟူဆင်က ပြောသည်။
“ဘင်္ဂလာဒေ့ရှ်နိုင်ငံကနေ မြန်မာဘက်ကို တရားဝင်ပတ်စ်ပို့နဲ့ သွားတဲ့လူတွေ အနေနဲ့ မောင်တောမြို့ထဲ အတွင်းမှာပဲ သွားလို့ရတယ်။ တခြားမြို့တွေကို သွားမယ်ဆိုရင် မောင်တောကိုရောက်တဲ့ အခါက POE (Port of Exit) ဂိတ်မှာ ထပ်ပြီးခွင့်ပြုချက် တောင်းရတယ်။ စရဖတို့၊ နစကတို့က ခွင့်ပြုမှ မောင်တောမြို့အပြင်ကို သွားလို့ရတယ်” ဟု နူဒူ ဟူဆင်က ပြောသည်။
မြန်မာနိုင်ငံကနေ ဘင်္ဂလာဒေ့ရှ်နိုင်ငံကို တရားဝင်ပတ်စ်ပို့နဲ့ ကူးသန်းလိုသူတွေအနေနဲ့ တရက်ပတ်စ်ပို့တွက် ကျပ် ၆၀၀၀၊ ၇ ၇ရက်ပတ်စ်ပို့အတွက် ကျပ် ၃၀၀၀၀ ကုန်ကျပြီး တရက်ပတ်စ်ပို့ကို POE ဂိတ်ထဲမှာပဲ လုပ်လို့ရပြီး ၇ ရက်ပတ်စ်ပို့ လုပ်လိုသူများအနေဖြင့် မောင်တောမြို့ ကျီးကန်းပြင်ကျေးရွာ အခြေစိုက် နစကဌာနချုပ်တွင် သွားရောက်လုပ်ရကြောင်း မောင်တောမြို့ခံတဦးက ပြောသည်။
“တရက်ပတ်စ်ပို့သမားတွေက တယောက်ကို ကျပ် ၃၀၀ စီ အခွန်ဆောင်ရတယ်။ တပတ်သမားတွေကျတော့ ကျပ် ၅၀၀ စီ အခွန်ဆောင်ရပါတယ်။ တရက်သမားတွေကျတော့ တာ့ခ်နာမြို့ကနေ အပြင်ကို သွားလို့ မရဘူး။ သွားလို့လည်း အချိန်မမီဘူး” ဟု ယင်းမြို့ခံက ပြောသည်။