ကိုယ်ထိလက်ရောက် ကျူးလွန်ခံရမှုများအတွက် အမှုဖွင့်တိုင်းတန်းထားသော မတင်နီလာအေး၏ အမှုကို မန္တလေး မဟာအောင်မြေ မြို့နယ်တရာရုံးက စွပ်စွဲခံရသူအား ရက်ပိုင်းအတွင်း စွဲချက်တင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
အသက် ၁၄ နှစ်အရွယ်ရှိ အိမ်အကူ အလုပ်သမ မတင်နီလာအေးက အိမ်ရှင် ဒေါ်ခင်နီလာဝင်း (ခ) ဒေါ်နီနီကို ညစ်ညမ်းစွာ ဆဲဆိုမှု၊ နာကျင်စေမှုတို့ဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄/၃၂၃ တို့ဖြင့် အမှုဖွင့်တိုင်ကြားထားမှုကို ဒီဇင်ဘာ ၅ ရက်နေ့တွင် စွဲချက်တင်တော့မည်ဖြစ်ကြောင်း မတင်နီလာအေး၏ ရှေ့နေ ဦးဇော်ဟိန်းအောင်က ပြောသည်။
“စွဲထားတဲ့ ၂ မှုထဲက ဒီတမှုကို တရားရုံးက အရင်စွဲချက်တင်မှာ ကျန်တဲ့ တမှုကတော့ စစ်ဆေးဆဲကာလမို့လို့၊ တရားရုံးက ဘယ်လိုပုံစံနဲ့ စွဲချက်တင်မလဲဆိုတာတော့ စောင့်ကြည့်ရမှာပဲ။ အမှုကတော့ ဆေးစာအရရော၊ ဒဏ်ရာအရရော မြောက်ပြီးသားပဲလေ” ဟု ရှေ့နေ ဦးဇော်ဟိန်းအောင်က ဧရာဝတီသို့ ပြောသည်။
အမှုဖွင့်ထားသော ၂ မှုအနက် အခြားတမှုမှာ စွပ်စွဲခံရသူများကို စစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။ ထိုအမှုမှာ မတင်နီလာအေး ဒဏ်ရာရရှိစဉ်က ဆေးစစ်ချက် ဓာတ်မှန်များကို အမှုဖွင့်ခံထားရသူ ဒေါ်ခင်နီလာဝင်းမှ တရားမဝင် သိမ်းယူသွားခဲ့သဖြင့် မိမိပိုင်ပစ္စည်းမဟုတ်ဘဲ မတရားသောနည်း၊ မရိုးမဖြောင့်သောနည်းဖြင့် ရယူမှု ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့် တိုင်တန်းထားခြင်း ဖြစ်သည်။
စွပ်စွဲခံထားရသူ ဒေါ်ခင်နီလာဝင်းက တရားရုံးတွင် ၎င်းအား စွဲဆိုထားချက်များနှင့် ပတ်သက်၍ ငြင်းဆိုခဲ့ကြောင်း သိရသည်။
မတင်နီလာအေးက “တရားရုံးမှာ သူ (ဒေါ်ခင်နီလာဝင်း) က မလုပ်ဘူးလို့ လိမ်ပြောတယ်၊ လုပ်ပြီးတော့ ဝန်မခံရဲဘူး။ သူကသမီးကို တကယ်လုပ်ခဲ့တာ။ မီးကြွေအိုး တိုက်တာ မပြန့်လို့ဆိုပြီး မီးကြွေအိုးနဲ့ သမီးကို ကပ်တယ်။ အဝတ်လျှော်တာ မပြောင်လို့ ဆိုပြီးတော့မှ လက်ကို သံဘရပ်နဲ့ တိုက်တယ်။ အုတ်နံရံနဲ့လည်း ခေါင်းကိုတိုက်တာ ခေါင်းတောင်ပေါက်တယ်။ သမီး ပါးကိုလည်း သူစီးတဲ့ ဒေါက်ဖိနပ်နဲ့ ရိုက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယခုနှစ် ဇူလိုင်လ ၅ ရက်နေ့ နံနက်က မတင်နီလာအေးကို အိမ်ရှင် ဒေါ်ခင်နီလာဝင်းက ဒေါက်ဖိနပ်ဖြင့် ရိုက်ခြင်း၊ ကုလားထိုင်ဖြင့် ရိုက်ခြင်း၊ ပါးရိုက်ခြင်း၊ မီးပူဖြင့်ကပ်ခြင်း တို့ကြောင့် ဦးခေါင်း ပေါက်ပြဲဒဏ်ရာ၊ ဘယ်ဘက်လက် အရိုးကျိုးဒဏ်ရာ၊ နှုတ်ခမ်း ပေါက်ပြဲ ဒဏ်ရာနှင့် ခန္ဓာကိုယ်အနှံ့ အပူလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း မျက်မြင်များကလည်း ထွက်ဆိုထားသည်။
အမှုဖြစ်စဉ်နှင့် ပတ်သက်၍ အမှုဖွင့် တိုင်တန်းခံထားရသူ ဒေါ်ခင်နီလာဝင်းကို ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေဆိုခြင်း မရှိပေ။
တရားရုံး၌ အမှုရင်ဆိုင်ရာတွင် စွပ်စွဲခံရသူဘက်မှ ငွေကြေးအသုံးပြုပြီး သက်သေများကို ချည်းကပ်မှုများ ရှိနေကြောင်း ကြားသိရသဖြင့် တရားလိုအတွက် စိုးရိမ်စိတ်မကင်းဖြစ်မိကြောင်း အခင်းဖြစ်ပွားစဉ်က မတင်နီလာအေးကို ကယ်တင်ခဲ့သည့် မစိုးရိမ်တိုက်မှ ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။
သို့သော်လည်း အမှုဖွင့်ဆိုထားသော ၂ မှုလုံးတွင် တရားလိုဘက်မှ အထောက်ထား ခိုင်လုံမှုများရှိသဖြင့် တရားဘက်မှ အမှုမှလွတ်ကင်းရန် ကြိုးစား၍ မဖြစ်နိုင်တော့ကြောင်း၊ အကယ်၍ တရားရုံး၏ ဆုံးဖြတ်ချက် မျှတမှုမရှိပါက တိုင်းအဆင့်သို့ တက်ရန်ပင် စီစဉ်ထားပြီးဖြစ်ကြောင်း မတင်နီလာအေး၏ ရှေ့နေ ဦးအောင်ဇော်ဟိန်းက ပြောသည်။
ယခုအခါ တရားလို မတင်နီလာအေးမှာ ညီမ၊ မောင်ဖြစ်သူတို့နှင့်အတူ ဆရာတော် ဦးဝီရသူ၏ အကူအညီဖြင့် မန္တလေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးသင် အခမဲ့ ပညာရေးကျောင်းတွင် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
၂၀၁၂ ခုနှစ် မတ်လအတွင်းကလည်း ပဲခူးမြို့တွင် အသက် ၁၅ နှစ်အရွယ် အိမ်အကူအမျိုးသမီးငယ် မအေးယုအောင်ကို အိမ်ရှင် ပဲခူးမြို့ ဒုတိယ တရားသူကြီး၏ ဇနီးက မီးပူ၊ ပုလင်းနှင့် ဓားတို့ဖြင့် ကိုယ်ထိလက်ရောက် ညှဉ်းပန်းနှိပ်စက်မှု ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာသို့ အမှုဖွင့် တရားစွဲဆိုထားခဲ့သည်။ သို့သော်လည်း တရားခံဖြစ်သူမှာ ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်သည်။
ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် (CRC) ကို ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ အတည်ပြုခဲ့ပြီး မြန်မာနိုင်ငံသည် CRC တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ၁၉၉၁ ခုနှစ်က လက်မှတ် ရေးထိုးခဲ့သည်။ မြန်မာနိုင်ငံ၏ ကလေးသူငယ်ဆိုင်ရာ ဥပဒေကို ၁၉၉၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည်။ သို့သော်လည်း ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်မှု မရှိသေးပေ။