ဂျပန်နိုင်ငံ တိုကျိုဆိပ်ကမ်း၌ ဖမ်းဆီးရမိသည့် ယူရေနီယမ်သန့်စင်ခြင်းနှင့် ဒုံးကျည်ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် အဆင်မြင့် သတ္တုပိုက်များသည် မြန်မာနိုင်ငံနှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လက တိုကျိုဆိပ်ကမ်း၌ ထိုင်ဝမ်မှတ်ပုံတင် ကုန်တင်သင်္ဘောတစီးပေါ်မှ DPRK (ကိုရီးယား ဒီမိုကရက်တစ် သမ္မတနိုင်ငံ) တံဆိပ်ပါရှိသည့် အဆင့်မြင့် သတ္တုပိုက် ၆၅ ချောင်းကို ဖမ်းဆီးရမိခြင်းဖြစ် ပြီး၊ ၎င်းသင်္ဘောသည် မြောက်ကိုရီးယား နိုင်ငံမှ ထွက်ခွာလာသည်ဟု အာဏာပိုင်များက ယူဆနေကြောင်း၊ တရုတ်နိုင်ငံမှတဆင့် မြန်မာနိုင်ငံသို့ ပို့ရန်ဖြစ်ကြောင်း နိုဝင်ဘာ ၂၄ ရက်နေ့ထုတ် ဂျပန်နိုင်ငံထုတ် အဆာဟိ ရှင်ဘွန်းသတင်းစာက ပြီးခဲ့သည့် ရက်ပိုင်းက စုံစမ်းဖော်ထုတ် တင်ပြထားသည်။
သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက “လွန်ခဲ့တဲ့ သြဂုတ်အတွင်းက မိတယ်၊ တရုတ်လည်း ပါဝင်ပတ်သက်တယ်လို့ ပါတယ်။ တကယ်သာ မြန်မာပြည်ကို ပို့ဖို့မှန်ရင် ဂျပန်အစိုးရ အပါအဝင် နိုင်ငံတကာအစိုးရတွေက တရားဝင် ပြောကြားကန့်ကွက်မှာပါ” ဟု ဆိုသည်။
အဆိုပါဖြစ်ရပ်တွင် ပါဝင်ပတ်သက်ခြင်း ရှိ မရှိ မြန်မာအစိုးရနှင့် နိုင်ငံတကာအစိုးရများ ဆက်ဆံရေး ကောင်းမွန်နေခြင်းကို ကြည့်ခြင်းဖြင့် သိနိုင်ကြောင်း၊ ဂျပန်အစိုးရထံမှလည်း တရားဝင်ပြောဆိုမှု မရှိသည့်အပြင် မြန်မာအစိုးရ ပါဝင်ပတ်သက်နေသည် ဆိုပါက အမေရိကန်သမ္မတ အိုဘားမား အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များ လာရောက်လည်ပတ်မည် မဟုတ်ကြောင်း ဦးဇော်ဌေးက ဆက်ပြောသည်။
စစ်အစိုးရလက်ထက်က မြောက်ကိုရီးယားနိုင်ငံနှင့် နျူကလီးယား စီမံကိန်းများ အပါအဝင် ဒုံးကျည် ထုတ်လုပ်မှုများ ပြုလုပ်နေကြောင်း၊ မြောက်ကိုရီးယား ကျွမ်းကျင်သူများ မြန်မာနိုင်ငံတွင် ရောက်ရှိနေသည်ဆိုသော သတင်းများကြောင့် အမေရိကန် အပါအဝင် နိုင်ငံတကာအသိုင်းအဝန်းက သံသယဖြင့် စောင့်ကြည့်ခြင်းကို ခံခဲ့ရသည်။
“မြောက်ကိုရီးယားနဲ့ စစ်အစိုးရ လက်ထက်ကသာ စစ်ရေးဆက်ဆံမှု ရှိခဲ့တာပါ။ အခု သမ္မတ ဦးသိန်းစိန် လက်ထက်မှာ လုံးဝမရှိပါဘူး” ဟု ဦးဇော်ဌေးက ရှင်းပြသည်။
စစ်အစိုးရလက်ထက်က ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းကိုယ်တိုင် မြောက်ကိုရီးယားသို့ သွားရောက်ကာ စစ်ရေးဆက်ဆံမှုများ ပြုလုပ်ခဲ့ဖူးရာ အမေရိကန်နိုင်ငံက မြန်မာနှင့် မြောက်ကိုးရီးယားတို့၏ စစ်ရေးဆက်ဆံမှုများကို ဖြတ်တောက်ပစ်ရန် မြန်မာအစိုးရကို အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် ရုရှားနိုင်ငံ အကူအညီဖြင့် နျူကလီးယားသုတေသန ဓာတ်ပေါင်းဖို တည်ဆောက်ရန် စစ်အစိုးရက ကြိုးစားခဲ့သော်လည်း လုံလောက်သည့် ငွေကြေးနှင့် နည်းပညာ မတတ်နိုင်ခြင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်း၏ အထင်အမြင် လွဲမှားခြင်းများကြောင့် အစိုးရသစ်လက်ထက်တွင် ရပ်ဆိုင်းလိုက်ကြောင်း၊ ထို့ကြောင့် နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ စည်းကမ်းချက်များကို လိုက်နာပြီး သဘောတူ လက်မှတ်ရေးထိုးရန်လည်း သဘောတူညီပြီးဖြစ်ကြောင်း နိုဝင်ဘာ ၁၈ ရက်နေ့ အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က ဆိုသည်။