ရန်ကုန်မြို့ ဒေါပုံမြို့နယ်တွင် ရှိသော မဟာဗန္ဓုလ တံတားတွင် ယာဉ်ကြံ့ခိုင်မှုမရှိဘဲ အရှိန်လွန်မောင်းနှင်ခြင်း များပြားနေ သောကြောင့် ယာဉ်မတော်တဆမှု အများဆုံး ဖြစ်ပွားရာ နေရာတခု ဖြစ်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်း တပ်ဖွဲ့မှူးရုံး၏ အဆိုအရ သိရသည်။
“ကုန်းဆင်းဖြစ်ပြီး အရှိန်လွန် မောင်းနေကြတော့ Slow Down တုံးတွေထားပေမယ့် ယာဉ်တိုက်မှုတွေက ဖြစ်နေတာပဲ။ ယာဉ်တိုက်မှုမဖြစ်အောင် ယာဉ်ထိန်းရဲ ပိုချလည်းမထူးဘူး။ ရဲကိုပါ တိုက်သွားမှ ဆုံးရှုံးမှုဖြစ်တာပဲ ရှိမယ်။ ယာဉ်တိုက်မှု လျော့အောင် ထိန်းသိမ်းဖို့က အင်ဂျင်နီယာပိုင်းကနေပဲ လုပ်လို့ရမယ်” ယာဉ်ထိန်း တပ်ဖွဲ့မှူးရုံးမှ စခန်းမှူး ဦးမြင့်နိုင်က ဧရာဝတီသို့ ပြောသည်။
မဟာဗန္ဓုလတံတား မီးပွိုင့်အနီးတွင် နိုဝင်ဘာ ၂၀ ရက်က ဆီဘောက်ဆာ ယာဉ်တစီး အရှိန်လွန် မောင်းနှင်ရာမှ ဘရိတ်ပေါက်ပြီး အိမ်စီးကား၊ အငှားယာဉ် ၈ စီးနှင့် ယာဉ်ထိန်းရဲကင်းကို တိုက်မိခဲ့သောကြောင့် ၁ ဦးသေဆုံးကာ ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဒဏ်ရာရသူ ၁၀ ဦးကို ရန်ကုန်ဆေးရုံကြီးရှိ ဦးနှောက်နှင့် အာရုံကြော ဌာနနှင့် အထွေထွေ ရောဂါကုသဆောင်တို့တွင် ပို့ဆောင်ကုသခဲ့သည်ဟု ရန်ကုန်ဆေးရုံကြီးမှ တာဝန်ရှိသူများက ပြောသည်။
“အဲဒီတံတားမှာက ယာဉ်တိုက်မှု လေးမှုလောက်တော့ ဖြစ်ထားတယ်၊ စာရင်း ပြုစုထားတာမရှိတော့ အတိအကျတော့ ပြောလို့မရဘူး” ဟု ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ ရဲတပ်ကြပ်ကြီး တဦးက ဆိုသည်။
အဆိုပါ တံတားတွင် ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပွားနေခြင်းကြောင့် လမ်းကြော နှစ်ဘက်ကြားတွင် အကာအကွယ်ပြု တုံးများချထားခြင်း၊ Slow Down များများ ပြုလုပ်ခြင်းနှင့် လမ်းရှင်းစနစ် ဆောင်ရွက်ခြင်းများကို ပိုမို ပြုလုပ်နေရကြောင်း သိရသည်။ လက်ရှိ မဟာဗန္ဓုလ တံတားတွင် ယာဉ်စည်း၊ ကမ်းလမ်းစည်းကမ်း ထိန်းသိမ်း ကျပ်မတ်နိုင်ရန် ယာဉ်ထိန်းရဲ နှစ်ဦးက တာဝန်ယူဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။
“အရှိန်လွန် မောင်းနှင်နေတာတွေကို ယာဉ်ထိန်းရဲတွေကလည်း အရေးမယူကြဘူး။ တံတားက ကုန်းဆင်းဖြစ်နေပြီး Slow Down တွေက ပျက်နေတော့ ကားတွေကအရှိန်နဲ့ဆင်းရာကနေ ယာဉ်တိုက်မှုတွေ ဖြစ်နေတာ။ မီးပွိုင့်မှာ စောင့်ကြည့် ကင်မရာ တပ်တာဖြစ်ဖြစ်၊ ကြပ်မတ်အရေးယူတာဖြစ်ဖြစ် လုပ်သင့်တယ်” ဟု အဆိုပါ တံတားအနီးတွင် နေထိုင်သော ဒေသခံတဦးက ဆိုသည်။
အဆိုပါ တံတားနေရာတွင် Slow Down များ ထပ်မံချထားခြင်း၊ လမ်းပြုပြင်ထိန်းသိမ်းခြင်းများ ထပ်မံဆောင်ရွက်ရန် ရှိမရှိကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းတံတား) သို့ ဧရာဝတီက ဆက်သွယ် မေးမြန်းသော်လည်း ဖြေကြားခြင်း မရှိပေ။
ယင်းနေရာသည် ကုန်တင်ကားများ၊ သစ်လုံးတင် ကားများနှင့် ဆီဘောက်ဆာ ယာဉ်များ၊ ထရပ်ကားကြီးများ အပါအဝင် သာကေတ၊ သန်လျင်၊ ကျောက်တန်း၊ ဒေါပုံ၊ ယုဇနဥယျာဉ်မြို့တော် စသည့်မြို့နယ်များမှ ခရီးသည်တင် ယာဉ်လိုင်းများ၊ အငှားကားနှင့် အိမ်စီးယာဉ်သေးများ အများဆုံး ဆက်သွယ် သွားလာနေသော တံတားဖြစ်ကြောင်း၊ ခရီးသည်တင် ယာဉ်တချို့မှာ ဒိုင်နာ၊ ဘီအမ် စသည့် ကြံ့ခိုင်မှုနည်းသော ယာဉ်များ ဖြစ်ကြောင်း၊ ဒေါပုံမြို့နယ်မှ မြို့ထဲဘက်သို့ နေ့စဉ် ရုံးတက်ရုံးဆင်း ပြုလုပ်သူအများအပြား ရှိနေသော်လည်း ယာဉ်မောင်း အများစု၏ အရှိန်လွန်မောင်းနှင်ခြင်း များကြောင့် ယာဉ်မတော်မဆမှု မကြာခဏ ဖြစ်ပွားနေသဖြင့် တံတားအနီးတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းမှု ပိုမို ပြုလုပ်စေလိုပြီး ယာဉ်အန္တရာယ် ကင်းရှင်းစေရန် ကြပ်မတ် စေလိုကြောင်း ဒေါပုံ ဒေသခံများက ပြောသည်။
နိုဝင်ဘာ ၂၀ ရက် နေ့လည် ၁၁ နာရီ ၄၅ မိနစ်က အဆိုပါ တံတားအဆင်းလမ်း မီးပွိုင့် နေရာတွင် တောင်မှမြောက်သို့ ယာဉ်မောင်း စိုင်းမြတ်သူ မောင်းနှင်လာသော နစ်ဆန်း ဒီဇယ်ထရပ်ကား ၂/ ခ … သည် အရှိန်လွန်ရာမှ ကားဘရိတ်ပေါက်ပြီး ယင်းရှေ့မှ မောင်းနှင်လာသော ကား ၅ စီး၊ တဘက်ယာဉ်ကြောမှ ကား ၃ စီးနှင့် တံတားအဆင်းရှိ ယာဉ်ထိန်းနားခိုတဲတို့ကို တိုက်မိပြီး ၁ ဦးသေဆုံးကာ ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းဖြစ်စဉ်အတွက် ဒေါပုံမြို့နယ် ရဲစခန်းမှ ပ နံပါတ် ၄၆၀/ ၁၁ ပုဒ်မ ၂၇၉/ ၃၃၇/ ၃၃၈/ ၃၀၄ – က အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
မဟာဗန္ဓုလ တံတားတွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် မေလ ၂၀ ရက်နေ့ ည ၇ နာရီခန့်ကလည်း သစ်လုံးတင်ကား တစင်း အရှိန်မထိန်းနိုင်ဘဲ ခရီးသည်တင် မီနီဘတ်စ် ၃၅ ယာဉ် တစီးကို နောက်မှ ဝင်တိုက်မိခဲ့ရာ ထိခိုက်ဒဏ်ရာ ရမှုများ ရှိခဲ့သေးသည်။