စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုမှုကို အာဏာပိုင်များက အကြမ်းဖက် ဖြိုခွဲခဲ့သော်လည်း လှုပ်ရှားမှုမှာ မပြီးဆုံးသွားဘဲ ဒေသခံများနှင့် အဖွဲ့အင်အားများ စုစည်းကာ ဆန္ဒထပ်ပြမည်ဟု သပိတ် အဖွဲ့ ခေါင်းဆောင်များက ဧရာဝတီသို့ ပြောသည်။
စီမံကိန်းရပ်တန့်ရေး တောင်းဆိုနေသော သပိတ်စခန်းများကို အစိုးရအာဏာပိုင်များက အကြမ်းဖက် ဖြိုခွဲခဲ့သော်လည်း ရဟန်းသံဃာများ၊ ဒေသခံလူထုများနှင့် အနယ်နယ်အရပ်ရပ်မှ လက်ပတောင်းတောင် အရေး စိတ်ဝင်စားသူများနှင့် ပူးပေါင်းကာ ထိုစီမံကိန်း ရပ်တန့်သွားသည်အထိ လုပ်ဆောင်သွားမည်ဟု သပိတ်ခေါင်းဆောင်များက ပြောသည်။
“ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ရှိလို့ ကျနော်တို့တွေ ခဏငြိမ်မှာပါ။ ကွဲသွားတဲ့ လူစုတွေလည်း ပြန်စုရင်းနဲ့ပေါ့၊ နောက် တနိုင်ငံလုံးမှာ ရှိတဲ့ အဖွဲ့အသီးသီးကို အကြောင်းကြားပါမယ်၊ ပြီးရင် အထွေထွေသပိတ်ကို အင်နဲ့အားနဲ့ပြန်စမယ်၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ ကျနော်တို့ကို ခုလိုဖြိုခွင်းတဲ့အပေါ် သမ္မတကို ကျနော်တို့ နားလည်ရခက်သွားပြီ” ဟု သပိတ်ခေါင်းဆောင် တဦးက ဧရာဝတီသို့ ပြောသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ယနေ့ သွားရောက်နေပြီး ပြည်သူလူထုကို စကားမပြောမီ မီးလောင်ဒဏ်ရာ ရသူများကို ဦးစွာ သွားရောက်တွေ့ဆုံမည်ဟု သိရသည်။
သပိတ်စခန်းများကို ယနေ့မနက် ၃ နာရီခန့်က မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဒေသခံ အာဏာပိုင် အဖွဲ့များက ဝင်ရောက် ဖြိုခွဲခဲ့သဖြင့် ရဟန်းသံဃာနှင့် လူပုဂ္ဂိုလ် ၇၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း NLD မှ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဧရာဝတီသို့ ပြောသည်။
ဆန္ဒပြ သပိတ်စခန်းများထဲသို့ အာဏာပိုင်အဖွဲ့များက မီးသတ်ပိုက်များဖြင့်ထိုးခွဲခြင်း၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခွဲခြင်း၊ မီးဗုံးများဖြင့် ပစ်ခွဲခြင်းပြုလုပ်ပြီးနောက် အင်အားအလုံးအရင်းဖြင့် “တွေ့တဲ့လူ အကုန်ရိုက် အကုန်ဖမ်း” ဟုဆိုကာ ဝင်ရောက်ရိုက်နက် ဖြိုခွဲ ခဲ့ကြောင်း အခင်းဖြစ်ပွားရာတွင် ကြုံတွေ့ခဲ့ရသော သပိတ်အဖွဲ့ဝင်များထံမှ ဧရာဝတီသို့ ပြောဆိုကြသည်။
ထိုအထဲမှ အတွင်းလူနာအဖြစ် သံဃာတော် ၂၂ ပါးနှင့် လူပုဂ္ဂိုလ် ၂ ဦး မီးစွဲလောင်ဒဏ်ရာများ၊ ထိခိုက်ဒဏ်ရာများဖြင့် မုံရွာ ဆေးရုံကြီးတွင် အရေးပေါ် ဆေးကုသမှုခံယူနေရကြောင်း သိရပြီး ဒဏ်ရာပြင်းထန်လွန်းသည့် သံဃာတော် ၂ ပါးကို မန္တလေး ဆေးရုံကြီးသို့ NLD ၏ အကူအညီဖြင့် ပို့ဆောင်ကုသလျက်ရှိကြောင်း သိရသည်။
“သပိတ်စခန်းတွေကို သူပုန်စခန်းဝင်စီးသလို မီးသတ်ပိုက်တွေနဲ့ထိုး၊ မျက်ရည်းယိုဗုံးတွေနဲ့ ပစ်ခွဲ၊ မီးလာင်ဗုံးတွေနဲ့ အရင်ပစ်ခွဲပြီး တွေ့တဲ့လူ အကုန်လုံးရိုက်ဖမ်းဆိုပြီး ညာသံပေးပြီးဝင်ရိုက်တော့ မိတဲ့လူတွေလဲအရိုက်ခံ၊ အဖမ်းခံကြရတယ် ကျနော်တို့တွေ အကုန်ထွက်ပြေးကြပြီး လူစုတွေကွဲကုန်တယ်” ဟု သပိတ်အဖွဲ့ထဲတွင် ပါဝင်သူ တဦးက ဧရာဝတီသို့ ပြောသည်။
အာဏာပိုင်များက သပိတ်စခန်း ၆ ခုရှိသည့်အနက် စီမံကိန်းအတွင်း ဝမ်ပေါင်ကုန်မ္ပဏီရှေ့မှ သပိတ်စခန်းအပါအဝင် အဓိက စီမံကိန်း အဝင်အထွက် လမ်းကြောင်းပေါ်ရှိ သပိတ်စခန်းကြီး များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် တိုက်ခိုက်မှုကြောင့် သပိတ်စခန်းများတွင် ဆန္ဒပြနေသော ဒေသခံများနှင့် ပူးပေါင်း သပိတ်အဖွဲ့ဝင်များ ကိုယ်လွတ်ရုန်းထွက်ပြေး ခဲ့ကြရသည်ဟု ကာယကံရှင်များက ပြောသည်။
အခင်းဖြစ်ပွားစဉ်တွင် ရဲတပ်ရင်းများ အလုံးအရင်းဖြင့် ဝင်ရောက် ရိုက်နက်ဖမ်းဆီးမှုများ ပြုလုပ်ရာတွင် သံဃာတော် အနည်းဆုံး ၆ ပါးနှင့် လူပုဂ္ဂိုလ်အချို့ ဖမ်းဆီးခံခဲ့ရပြီး ပျောက်ဆုံးနေသူများလည်း ရှိကြောင်း သိရသည်။ ထို့ပြင် ရဲတပ်ဖွဲ့ဝင်များက သပိတ်စခန်း လာရောက်သူများ စီးနင်းလာသော ဆိုင်ကယ်များနှင့် သတင်းထောက်တချို့ စီးနင်းလာသော ကားများကို စုပုံကာ မီးရှို့ပစ်ခဲ့ ကြောင်း မျက်မြင်များကပြောသည်။
ယင်းသို့ ပစ်ခတ်ဖြိုခွဲရာတွင် အသုံးပြုသော မီးဗုံးများမှာ ရေစိုနေသော အရာဝတ္ထုများနှင့် အသားအရေကို စွဲလောင်ခြင်းကို သပိတ်အဖွဲ့ဝင်များက နားမလည်နိုင်ဖြစ်ရကြောင်း မူလပက်ဖြန်းခဲ့သည့် ရေ သို့မဟုတ်၊ မီးဗုံးများတွင် ဓာတုပစ္စည်းများ ပါဝင်နိုင်ဟု သပိတ်အဖွဲ့ဝင်များက သံသယ ရှိနေကြသည်။
“အံ့သြစရာကောင်းတာက သူတို့ပစ်တဲ့ မီးဗုံးတွေက ရေစိုနေတဲ့နေရာတွေကို ပိုပြီးစွဲလောင်တာတွေ့ရတယ်၊ ဦးဇင်းတွေဆိုရင် အသားတွေ မီးစွဲလောင်ပြီးကို ကွာကျတယ်၊ ပြေးနေတုန်း မိတဲ့လူတွေရော၊ ဦးပဉ္ဇင်းတွေရော အကုန်ရိုက်တယ်၊ ဖမ်းသွားတယ်၊ ဘယ်နှစ်ယောက်မိလဲ၊ သေလည်းဆိုတာ ကျနော်တို့လည်း လှည့်မကြည့်နိုင်ဘူး” ဟု သပိတ်အဖွဲ့ဝင် ဒေသခံတဦး က ဧရာဝတီသို့ ပြောသည်။
ယခု အကြမ်းဖက် ဖြိုခွဲမှုတွင် အသုံးပြုသော မီးလောင်ဗုံးမှာ ဖော့စ်ဖောရပ်စ် ပါဝင်သည့် မီးလောင်ဗုံးဖြစ်နိုင်သည်ဟု အငြိမ်းစား တပ်ကြပ်ကြီး တဦးက ပြောကြောင်း မုံရွာ အခြေစိုက် ပွင့်လင်းလူ့အဖွဲ့အစည်းက ဧရာဝတီကို ပြောသည်။
မြန်မာအစိုးရ စစ်တပ်ဗိုလ်ချုပ်များ ဦးစီးထားသော ဦးပိုင် ကုမ္ပဏီနှင့် တရုတ် ဝမ်ပေါင်ကုမ္ပဏီ ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်နေ သော အဆိုပါ ကြေးနီစီမံကိန်းကြောင့် သဘာဝတောင်တန်းများ ပျက်စီးခြင်း၊ ဒေသခံတို့၏ လယ်ယာမြေများ အဓမ္မ သိမ်းပိုက် ခံရခြင်း၊ စီမံကိန်းအညစ်အကြေးများမှ ကျန်းမာရေးထိခိုက်စေခြင်းနှင့် အခြားဆိုးကျိုးများကို ထောက်ပြကာ ဒေသခံ ကျေးရွာ ၂၆ ရွာက ယခုနှစ် မေလမှစတင်ကာ နှစ်ဝက်ကျော်ကြာ ဆန္ဒထုတ်ဖော်ခဲ့ပြီး ယနေ့မနက်ပိုင်းက အကြမ်းဖက်နှိမ်နှင်းခြင်း ခံခဲ့ရသည်။
အဆိုပါစီမံကိန်းကို ရပ်တန့်ပေးရန် ဒေသခံများက တောင်းဆိုနေမှုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က အရေးပေါ် အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်က သဘောတူ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သော်လည်း အာဏာပိုင်များဖက်က ညှိနှိုင်းပြောဆိုခြင်းမရှိဘဲ ယခုကဲ့သို့ ဖြိုခွင်းခဲ့သည်။