တရုတ်အစိုးရအနေနဲ့ ကမ္ဘာ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေအပေါ် မှီခိုမှု ပိုများလာပြီး အမေရိကန်ပြည်ထောင်စုက အဲ့ဒီ နိုင်ငံတွေအပေါ် မှီခိုမှု လျော့ပါးသွားတာမို့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ် ဗျူဟာမြောက် အားထားရမှု ကြီးမား လာလိမ့်မယ်လို့ လာမယ့် ဆယ်စုနှစ် ၂ စုအတွင်း ရေနံထုတ်လုပ်မှုနဲ့ သုံးစွဲမှု အလားအလာဆိုင်ရာ နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (International Energy Agency – IEA)ရဲ့ အကဲဖြတ်ချက်အသစ်ထဲမှာ ရေးသားထားပါတယ်။
မနှစ်တုန်းက တရုတ်နိုင်ငံထဲ ရေနံတင်ပို့မှုမှာ အီရတ်က ၅ ရာခိုင်နှုန်း ပါခဲ့တာပါ။ တနေ့ကို ရေနံ စည် ပေါင်း ၂၇၅၀၀၀ ဝန်းကျင် တင်ပို့ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီတင်ပို့မှုနှုန်းက ၂၀၃၅ ခုနှစ်ရောက်တဲ့အခါ တနေ့ကို ရေနံ စည်ပေါင်း ၈ သန်းကျော်အထိ များပြားသွားလိမ့်မယ်လို့ IEA ရဲ့ စီးပွားရေးပညာရှင် ဖာတီ ဘီရိုလ် (Fatih Birol) က သုံးစွဲမှုအလားအလာဆိုင်ရာ လေ့လာချက်တခုထဲမှာ ကြိုတင်ခန့်မှန်းထားပါတယ်။ ဒီနှုန်းဟာ ဆော်ဒီအာရေဗျ နိုင်ငံက နေ တင်သွင်းမှုရဲ့ အထက်ကို ရောက်သွားပါလိမ့်မယ်။
ဒီအခြေအနေမှာ မြန်မာနိုင်ငံက အရှေ့အလယ်ပိုင်း ရေနံထွက်ရာဒေသတွေနဲ့ တရုတ် ရေနံချက်စက်ရုံအတွက် ကြားခံ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းအဖြစ် အရေးပါနေတာပါပဲ။
အခုဆိုရင် မြန်မာနိုင်ငံကိုဖြတ်ပြီး တရုတ်နိုင်ငံအနောက်တောင် ယူနန်ပြည်ထဲကို သွယ်တန်းမယ့် ရေနံပိုက် လိုင်းတခုကို တရုတ် အမျိုးသား ရေနံကော်ပိုရေးရှင်း (Chinese National Petroleum Corporation – CNPC) က ဦးဆောင်ပြီး တည်ဆောက်နေပါတယ်။ ဒီပိုက်လိုင်းဟာ ရှေ့နှစ်အလယ်ဝန်းကျင်ဆိုရင် အရှေ့အလယ်ပိုင်းက ရေနံ တွေကို စတင် စုပ်ယူတော့မှာပါ။
လုပ်ငန်းအခြေကျသွားတဲ့အခါ အဲ့ဒီပိုက်လိုင်းက တနှစ်ကို ရေနံစိမ်း မက်ထရစ်တန်ပေါင်း ၂၃ သန်းအထိ သယ် ဆောင်နိုင်မှာဖြစ်တယ်လို့ ပီကင်း အခြေစိုက် ဂလိုဘယ်လ်တိုင်းမ်စ် သတင်းစာ (Global Times) က ရေးသား တင် ပြခဲ့ပါတယ်။ မက်ထရစ်တန် ၂၃ သန်းဆိုတာဟာ သိပ်ကြီးမားလှတဲ့ ပမာဏတော့မဟုတ်ပါဘူး၊ ဒါပေမယ့် ဒီတင်ပို့ မှုဟာ လာမယ့်အနာဂတ်ကာလမှာ အဲ့ဒီပမာဏထက် အများကြီး ပိုကြီးတဲ့ အရှေ့အလယ်ပိုင်းက ရေနံစိမ်းတွေကို မြန်မာနိုင်ငံကနေဖြတ်ပြီး တင်ပို့မယ့် ရှေ့ပြေးအရိပ်အယောင် ဖြစ်နိုင်ပါတယ်။
လက်ရှိ ပိုက်လိုင်းနဲ့ အရှေ့အလယ်ပိုင်းက ရေနံတင်သင်္ဘောကြီးတွေ ဆိုက်ကပ်နိုင်အောင် ကျောက်ဖြူရေနက်ဆိပ် ကမ်း တည်ဆောက်ဖို့တွေအတွက် CNPC က အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံ သုံးစွဲနေတာပါ။
“တကယ်လို့ ပိုက်လိုင်းအစီအစဉ်ဟာ မြန်မာပြည်မြောက်ပိုင်း ဒေသတချို့မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်အင်အား စုတွေ နှောက်ယှက်တာ မခံရဘူးဆိုရင် တရုတ် အမျိုးသားရေနံကုမ္ပဏီတွေ (National Oil Companies – NOCs) မြန်မာပြည်ကို ဖြတ်ပြီး ပိုက်လိုင်းတွေ ပိုဆောက်လာနိုင်တဲ့ အလားအလာ အတော်လေးရှိပါတယ်” လို့ ဒေသဆိုင်ရာ စွမ်းအင်လုပ် ငန်း လေ့လာသုံးသပ်သူ ကောလင်း ရေးနိုးစ် (Collin Reynolds) က ပြောပါတယ်။
“တကယ်လို့ တရုတ်နိုင်ငံက အရှေ့အလယ်ပိုင်းနိုင်ငံတွေကနေ ရေနံတင်ပို့မှုကို တိုးမြှင့်မယ်ဆိုရင် မာလက်ကာ ရေလက်ကြားကို ဖြတ်ပြီးသယ်ဆောင်ရတဲ့ လမ်းကြောင်းရဲ့အန္တရာယ်ကို လျှော့ချနိုင်ဖို့ ဘာဘဲလုပ်ရလုပ်ရ လုပ်ချင်ပါလိမ့်မယ်။ ဒါကြောင့်မို့လည်း အခြားရွေးချယ်စရာ နည်းလမ်းတခုအနေနဲ့ တရုတ်တွေက မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှု လုပ်ခဲ့တာပေါ့။ အခုလမ်းကြောင်းကိုလည်း သူတို့က ကာကွယ်ချင်မှာပဲလေ” လို့ သူက ဆိုပါသေးတယ်။
အိန္ဒိယနိုင်ငံကတော့ အိန္ဒိယသမုဒ္ဒရာထဲမှာ တရုတ်ရေတပ်သင်္ဘောတွေ ပိုများလာတာနဲ့ပတ်သက်ပြီး စိုးရိမ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
CNPC နဲ့ တရုတ်အမျိုးသား ကမ်းလွန်ရေနံကော်ပိုရေးရှင်း (China National Offshore Oil Corporation) ဟာ အီရတ် ရေနံတွင်းတွေမှာ ဒေါ်လာ ဘီလီယံနဲ့ချီပြီး ရင်းနှီးမြှုပ်နှံနေကြတယ်လို့လည်း IEA က ပြောပါတယ်။ ဒီလို ရင်းနှီး မြှုပ်နှံနေတဲ့အတွက် အီရတ်နိုင်ငံဟာ မကြာခင်မှာ တရုတ်နိုင်ငံက ရေနံအများဆုံးဝယ်ယူတဲ့ ကမ္ဘာပေါ်မှာ ဆော်ဒီအာရေဗျနိုင်ငံပြီးရင် ဒုတိယအများဆုံး ရေနံထုတ်လုပ်သူအဖြစ် ပေါ်ထွက်လာဖို့ ဦးတည်နေတယ်လို့လည်း အဲ့ဒီအဖွဲ့က ဆိုပါ တယ်။
“တရုတ်နိုင်ငံအနေနဲ့ အီရတ်ကနေ ရေနံတွေ တစထက်တစ ပိုများပြီး တင်သွင်းမယ်ဆိုတာ သိပ်ကို ဖြစ်နိုင်တဲ့အပြင် အဲ့ဒီလို တင်သွင်းတာဟာ တရုတ်နိုင်ငံအတွက် အကျိုးအမြတ်ရှိစေပါတယ်။ အရှေ့အလယ်ပိုင်းက တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် လောလောဆယ်မှာ အီရတ်က အတော်လေး တည်တည်ငြိမ်ငြိမ်ရှိပေမယ့် ဘေးအန္တရာယ်တွေကိုလည်း ကျနော်တို့ နားလည်သဘောပေါက်ထားသင့်ပါတယ်” လို့ Xiamen တက္ကသိုလ်က တရုတ်နိုင်ငံ စွမ်းအင်စီးပွားရေး သုတေသနစင်တာရဲ့ ဒါရိုက်တာ လင်ဘိုကီယန်င် (Lin Boqiang) က တရုတ်နေ့စဉ် (China Daily) သတင်းစာကို ပြောခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ပြည်တွင်း ရေနံထုတ်လုပ်မှုဟာ ၂၀၂၀ မှာ အများဆုံးဖြစ်လာနိုင်ပြီး တနှစ်ကို တန်ပေါင်း ၂၂၀ သန်း လောက် ထုတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပေမယ့် တရုတ်နိုင်ငံရဲ့ စီးပွားရေးက တနှစ်ကို ၇ ရာခိုင်နှုန်း ဒါမှမဟုတ် လည်း အဲ့ဒီထက်ပိုပြီး ဆက်တိုးချဲ့လာမယ်ဆိုရင် ရေနံသုံးစွဲမှုကလည်း တနှစ်ကို တန်ပေါင်း ၆၅၀ သန်းကျော် အထိ ရောက်ရှိသွားလိမ့်မယ်လို့ စီးပွားရေးနဲ့ ဖွံ့ဖြိုတိုးတက်မှုဆိုင်ရာ သုတေသနအင်စတီကျုဖြစ်တဲ့ စီနိုပက် (SINOPEC) အဖွဲ့က ကြိုတင်ခန့်မှန်းထားပါတယ်။
IEA ရဲ့ အစီရင်ခံစာထဲမှာတော့ တရုတ်နိုင်ငံအနေနဲ့ အရှေ့အလယ်ပိုင်းက ရေနံကို တစတစပိုပြီးအလေးအနက်ထား လာနေတာဟာ ဒေသတွင်းက အခြားနိုင်ငံတွေကို ရေနံတင်သင်္ဘောကြီးတွေ ဖြတ်သန်းမယ့် “ဗျူဟာမြောက် လမ်း ကြောင်းတွေရဲ့ လုံခြုံရေးကို အာရုံစိုက်ဖို့” ဖိအားပေးရာရောက်လိမ့်မယ်လို့ ရေးထားပါတယ်။
တရုတ်အစိုးရအနေနဲ့ အထူးစိုးရိမ်နေတာက မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံကြားမှာရှိတဲ့ မာလက်ကာရေလက်ကြားရဲ့ နေရာကျဉ်းကျဉ်းကလေးကိုပါ။ အရှေ့အာရှကို သွားနိုင်ဖို့အတွက် တရုတ်သင်္ဘောတွေအားလုံး အဲ့ဒီနေရာကျဉ်းကျဉ်း လေးကတဆင့် စင်္ကာပူနိုင်ငံကို ဖြတ်ပြီး သွားရတာတကိုး။ နိုင်ငံရေးအရ ပြဿနာတစုံတရာတက်လာတဲ့ အခါမျိုးမှာ ရေလက်ကြားကို အလွယ်တကူ ပိတ်ဆို့လိုက်နိုင်တယ်လို့ တရုတ်တွေက စိုးရိမ်နေတာပါ။
တရုတ်အစိုးရက မြန်မာပြည်အပေါ် ပထဝီနိုင်ငံရေးအရ မှီခိုလာနေတာဟာ အရှေ့တောင်အာရှနိုင်ငံတွေ အတွက် လည်း စိုရိမ်စရာဖြစ်လာစေပါတယ်။ တရုတ်ကုမ္ပဏီကြီးတွေက ဒေသဆိုင်ရာအကျိုးစီးပွားကို ပျက်စေတယ်လို့ အဲ့ဒီ နိုင်ငံတွေ ကြားမှာ သဘောထားကြတာမို့ သူတို့ရဲ့လုပ်ရပ်အပေါ် ဒေါသထွက်နေကြတာလည်း ရှိပါတယ်။
CNPC ရဲ့ ပါတနာတွေဖြစ်တဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (Myanmar Oil & Gas Enterprise – MOGE) နဲ့ စွမ်းအင်ဝန်ကြီးဌာနတွေရဲ့ အဆိုအရ မြန်မာနိုင်ငံအနေနဲ့ ရေနံပိုက်လိုင်းကနေ ဖြတ်သန်းသယ်ယူပို့ ဆောင်ကြေးအဖြစ် တနှစ်ကို အများဆုံး ဒေါ်လာ ၃၆.၈ သန်း ရလိမ့်မယ်လို့ သိရပါတယ်။ လမ်းကြောင်းခက ဒေါ်လာ ၁၃.၈ သန်းနဲ့ ပိုက်လိုင်းကိုဖြစ်မယ့် ရေနံစိမ်းတွေအတွက် တတန်ကို တဒေါ်လာ ရမယ်လို့ ဆိုပါတယ်။ လူ့အခွင့် အရေးအဖွဲ့တွေကတော့ ဒီနှုန်းထားက သိပ်ကို နည်းလွန်းတယ်လို့ ဝေဖန်ကြပါတယ်။
ဒါ့ပြင် သဘာဝဓာတ်ငွေ့လိုင်းနဲ့ အတူယှဉ်ဖောက်မယ့် ရေနံပိုက်လိုင်းတလျှောက်မှာ ဒေသခံတွေကို အဓမ္မနေရာရွှေ့ပြောင်းတာတွေနဲ့ မြေသိမ်းတဲ့ကိစ္စတွေ အမြောက်အမြား ဖြစ်နေကြတယ်လို့ လည်း အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ (NGOs) က စွပ်စွဲကြပါတယ်။
ဒါပေမယ့် “ဒေသခံတွေရဲ့ ပညာရေးနဲ့ ကျန်မာရေးအဆင့်အတန်းတွေ တိုးတက်လာအောင် ကူညီဖို့” CNPC က ဒေါ်လာ ၆ သန်းလှူခဲ့တယ်လို့ အခိုင်အမာပြောဆိုကြောင်း ဂလိုဘယ်တိုင်းမ်စ်က ရေးသားတင်ပြခဲ့ပါတယ်။ “ပိုက်လိုင်း တလျှောက်မှာရှိတဲ့ ရွာတွေဖွံ့ဖြိုးလာစေရေးမှာ ပိုပြီးကူညီနိုင်အောင်” CNPC က နှစ်စဉ် ဒေါ်လာ ၂ သန်း ထည့်ဝင်သွား ဖို့ သဘောတူတယ်လို့လည်း အဲ့ဒီသတင်းမှာ ဖော်ပြထားပါတယ်။
တရုတ်ကုမ္ပဏီကြီးတွေဟာ MOGE ဒါမှမဟုတ် မြန်မာ စစ်တပ်ခေါင်းဆောင်ပိုင်းက ပိုင်တဲ့ ကုမ္ပဏီကြီးတွေနဲ့ တိတ်တဆိတ် သဘောတူလက်မှတ်ထိုးခဲ့တဲ့ စာချုပ်တွေအရ လုပ်ငန်းလည်ပတ်ရာမှာ ဒေသခံပြည်သူတွေနဲ့ အဆင်ပြေအောင် မကြိုးစားကြပါဘူး။
ဘယ်လိုပဲဖြစ်နေနေ စာချုပ်နဲ့လုပ်တဲ့ လုပ်ငန်းတွေဖြစ်တာမို့ အဲ့ဒီလုပ်ငန်းတွေကို ဖျက်လိုက်ရင် မြန်မာနိုင်ငံက လျော်ကြေးငွေ အမြောက်အမြား ပေးရနိုင်တယ်လို့ မုံရွာကြေးနီစီမံကိန်း တိုးချဲ့တဲ့အပေါ် ဆန့်ကျင်ကန့်ကွက် နေကြသူတွေနဲ့ တွေ့ဆုံတဲ့ပွဲမှာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဖွင့်ဟပြောသွားခဲ့ပါတယ်။ ဒီစီမံကိန်းကို တရုတ်နိုင်ငံက ဝမ်ဘောင် (Wanbao) ကုမ္ပဏီနဲ့ မြန်မာ့စီးပွားရေးဦးပိုင်တွေက ပူးတွဲ ပိုင်ဆိုင်ကြတာပါ။
ငွေကြေးဆိုင်ရာ အကျိုးဆက်တွေ ရှိနိုင်တာမို့ မြန်မာအစိုးရအနေနဲ့ တရုတ်စီးပွားရေးလုပ်ငန်းတွေ စိတ်မကောင်းဖြစ် အောင် လုပ်မိမှာကို စိုးရိမ်တယ်လို့ ဦးအောင်မင်းက ဆန္ဒပြသူတွေကို ပြောပါတယ်။ ဒီလို ပြောတာဟာ အထူးသဖြင့် မြစ်ဆုံရေကာတာနဲ့ သက်ဆိုင်ပါတယ်။ အဲ့ဒီရေကာတာတည်ဆောက်မှုကို သဘာဝ ပါတ်ဝန်ကျင်ဆိုင်ရာ အကြောင်းပြချက်တွေနဲ့ သမ္မတဦးသိန်းစိန်က တရားဝင် ရပ်ဆိုင်းခဲ့တာကိုး။
ကောလင်း ရေးနိုးစ်ကတော့ “CNPC နဲ့ ရေနံတင်ပို့မှုနည်းနာတွေကို ကိုင်တွယ်ဖို့ဆိုရင် မြန်မာပြည်မှာ အခုရှိနေတဲ့ အစိုးရထက် ပိုပြီး အားကောင်းမောင်းသန်ရှိတဲ့ အစိုးရတရပ် လိုပါတယ်” လို့ ဆိုပါတယ်။