ဦးဇင်းရဲ့ ဘွဲ့တော်က ဦးစန္ဒောဘာသ၊ ပေါက်ခေါင်းဇာတိ၊ သက်တော် ၂၈ နှစ်၊ ဝါတော် ၈ ဝါ။ အခုလိုမျိုး ဆန္ဒပြပွဲတို့၊ သပိတ်တို့မှာပါတာ ဒါ ပထမဆုံးအကြိမ်ပါ။ ပခုက္ကူ အလယ်တိုက်မှာ သီတင်းသုံးနေတဲ့ စာသင်သားပါ။
သပိတ် စတဲ့ ၁၉ ရက်နေ့ကတည်းက ဦးဇင်းတို့ရောက်နေတာ။ ပထမတော့ ဝမ်ပေါင်ဂိတ်မှာ၊ နောက်ပိုင်း အကျော်ဂိတ်မှာပေါ့
ဦးဇင်းက တပေါင်းလမှာ စာမေးပွဲဖြေမှာ အစိုးရစစ် ဆယ်တန်းစာမေးပွဲပြီးမှ ဘုန်းကြီးစာမေးပွဲ ဖြေရတာကိုး။ အခုက စာကျက်ရင်း တန်းလန်းပေါ့။ ဒီနှစ်တော့ စာမေးပွဲ မဖြေနိုင်ဖို့ များပါတယ်။
ပထမဆုံး မီးသတ်ပိုက်နဲ့ ဦးဇင်းတို့ကို မကွဲကွဲအောင် လုပ်တယ်။ မရတဲ့အဆုံးတော့ မျက်ရည်ယိုဗုံး ပစ်တယ်။ ဦးဇင်းတို့က ဘာမှ ပြန်မလုပ်ဘူး၊ မေတ္တာသုတ်ပဲ ရွတ်နေတာ။
မီးသတ်ပိုက်နဲ့ ပက်တာအားမရလို့ မျက်ရည်ယိုဗုံးနဲ့ပစ်တယ်၊ မျက်ရည်ယိုဗုံးနဲ့ ပစ်တာအားမရလို့ နောက်ဆုံးပိတ် မိုက်မိုက်ရိုင်းရိုင်း လူတကိုယ်လုံး မီးလောင်စေတတ်တဲ့ မီးကျည်နဲ့ပစ်တယ်။
ဦးဇင်းတို့က သူတို့ကို ပြန်ပြီးတုန့်ပြန်ဖို့ အစီအစဉ်မရှိဘူးလေ။ သူတို့ လုပ်ချင်သလိုလုပ် ကားနဲ့ နင်းချင်နင်းပါစေ ဆိုပြီးနေကြတာကိုး။ ခေါင်းကိုအောက်စိုက်ပြီး မေတ္တာသုတ် ရွတ်နေစဉ်မှာပဲ တကိုယ်လုံး မီးလောင်နေပြီ ဆိုတာ သိလိုက်ရတယ်။ ဒါနဲ့ ဦးဇင်းလည်း သင်္ကန်းကို ချွတ်လိုက်တဲ့အချိန် ခြေထောက်က အသားဖတ်တွေ ကွာနေပြီး
မျက်လုံးလည်း အခုလို ဖြစ်သွားတာပဲ။
အခင်းဖြစ်တဲ့အချိန် လမ်းလယ်ခေါင်မှာ အပေါင်းအပါတွေနဲ့ ထိုင်နေတာ၊ သူတို့လာလို့ သပိတ်စခန်း ကျော်ရင်ကျော်၊ ကားနဲ့နင်းမယ်ဆိုလည်း နင်းပြီး ကျော်ပါစေဆိုပြီး ထိုင်နေကြတာ မျက်လုံးက မီးလောင်ပြီးကတည်းက အခုထိ ဖွင့်မရဘူး မျက်လုံးက မို့သွားတော့ မမြင်ရဘူးဖြစ်နေတာ။ မျက်လုံး အသားစပ်တာတော့ မရှိပါဘူး။
ဦးဇင်း မမှတ်မိတော့ဘူး။ အကျော်ရွာကနေ အိမ်တအိမ်၊ အဲဒီကနေ ကားစီးပြီး ဆိပ်ကမ်းရောက်တော့ သတိမရတော့ဘူး။
အခင်းမဖြစ်ခင် ပထမတော့ အိပ်နေကြတာ ၂ နာရီ ၁၅ မိနစ်လာက်မှာ သိတာပဲ။ သူတို့လှုပ်ရှားတာ မနက် ၂ နာရီကမှ စတာ
သပိတ်မှောက်တဲ့သူတွေ လွန်တယ်ပြောရအောင် သူတို့ပြောတဲ့ ဥပဒေအရပဲလေ။ သူတို့သေနတ်နဲ့ ပစ်မယ်ဆိုရင် ခုံခံတာမျိုး မဟုတ်ရင် မပစ်ရဘူး မဟုတ်လား။ အခုတော့ ခုခံဖို့မပြောနဲ့ လက်ညှိုးနဲ့တောင် ပြန်ထိုးတာမဟုတ်ဘူး။
အဲဒါကို အခုလိုကြီး ရက်ရက်စက်စက် လုပ်တာ ဥပဒေအရဆိုတော့ ဘယ်သူ့ဥပဒေလဲ၊ ဝမ်ပေါင်ရဲ့ ဥပဒေလား၊ ဘယ်ဥပဒေအရလဲလို့ ဦးဇင်းမေးချင်တာပဲ။
အခုတော့ ဆေးရုံကဆင်းရင် ဘယ်ပြန်ကြွရမလဲ မသိသေးဘူး။
ဦးဇင်းအနေနဲ့ကတော့ ရပ်ဆိုင်းလေ ပိုကောင်းလေ၊ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ နိုင်ငံလို့ပြောတာလေ၊ သာသနိက အဆောက်အအုံတွေကို ထိန်းရမှာ မဟုတ်လား။ အခုက သိမ်နဲ့ကျောင်း၊ ကျောင်းက ထားလိုက်ပါတော့ ပျက်ဆီးသွားပြီ။
ဘုရားနဲ့သိမ်ကို ဖျက်ဆီးတော့မှာ။ ဒါကို ဦးဇင်းတို့က လက်ပိုက် မကြည့်နိုင်ဘူး။ တမျိုးသားလုံး မျိုးကောင်းစားဖို့ ဆိုတာ ဘယ်လို တမျိုးသားလုံး ကောင်းစားဖို့လဲ။
စီမံကိန်းတွေက ကောင်းပါတယ် သူများကို မထိခိုက်တဲ့ စီမံကိန်းမျိုးက ကောင်းပါတယ်။ အခုက အကုန်လုံးကို ထိခိုက်နေတယ်။ ပြည်သူတွေ၊ နယ်ခံတွေကို ထိခိုက်နေတယ်လေ။ စီမံကိန်း လုပ်မယ်ဆိုရင် ပြည်သူတွေကနေ သဘောတူ၏၊ မတူ၏တော့ မေးသင့်တယ် ထင်ပါတယ်။
ဗုဒ္ဓဘာသာ ရယ်လို့ ဖြစ်လာရင် ကိုယ့်ဘာသာရဲ့ အမွေအနှစ်၊ အမြတ်တနိုး ထားရမယ့် နေရာကို ထိန်းသိမ်းရမယ်။ ဦးဇင်းတို့အသက် သေရင်သေပါစေ၊ ဒါတွေကိုတော့ ထိန်းသိမ်းရမယ်။
ကိုယ့်ဘာသာ အမွေအနှစ်၊ တန်ဖိုးထားရမယ့်ဟာတွေကို ထိန်းသိမ်းနိုင်ပါစေလို့ ပြောချင်ပါတယ်။ အခုက ဘုရား သားတော်တင် မဟုတ်ဘူး၊ လူရော၊ ရဟန်းရော ထိန်းသိမ်းဖို့ လိုပါတယ်။
အခုလက်ရှိ ကတော့ တကိုယ်လုံး မီးရှို့သလိုပေါ့၊ ပူတာပေါ့၊ စဖြစ်ကာစတော့ လမ်းလျှောက်လိုက်သေးတယ်။ မီးလောင်တာတော့ သိတယ်၊ ဒီလောက် ဆိုးမယ် မထင်ဘူး။ နောက်တော့ မလျှောက်နိုင်တော့ဘူး။
အခု ဦးဇင်းဒီလိုဖြစ်တာ ဦးဇင်းခမည်းတော်တွေ၊ မယ်တော်တွေ မသိပါဘူး။ ဦးဇင်းဒကာတွေ၊ ဒကာမတွေ ကိုလည်း ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်လို့ မပြောပြပါဘူး။ ဘယ်နေ့ ဆေးရုံဆင်းရမတုန်း ဆိုတာကတော့ ဆရာဝန်နဲ့ စကား မပြောရသေးလို့ သေချာမသိရသေးဘူး။