မစပ်စုတို့ တိုင်းပြည်မှာ အရင်က မပွင့်လင်း မထင်သာ မမြင်သာတဲ့ ကိစ္စလေးတွေ အခုဆို ပွင့်လင်း ထင်သာ မြင်သာလာပါပြီ။
ဒီပြောင်းလဲမှုက ဝုန်းကနဲ ဒိုင်းကနဲတော့ မဟုတ်ပါဘူး။ ဖြည်းဖြည်းချင်းစီလို့ ဆိုရမှာပါ။ အဲ့ဒါကတော့ တခြားမဟုတ်၊ မစပ်စုတို့ရဲ့ ပြည်တွင်းထုတ် ဂျာနယ်၊ မဂ္ဂဇင်း မျက်နှာဖုံး၊ အတွင်းအပြင် စာမျက်နှာတွေထက်က ဝတ်စားဆင်ယင်မှုပိုင်းမှာ နိုင်ငံတကာနဲ့အညီ အတိုအပြတ် အလန်းစားတွေကို မြင်တွေ့ရှုစားလာနိုင်တာကနေ အခုဆိုရင် လိင်ပညာပေးဆိုတဲ့ ခေါင်းစဉ်နဲ့တောင် လိင်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို ပေါ်ပေါ်တင်တင် ရေးသားဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
လိင်ပညာပေးဆိုတဲ့ မဂ္ဂဇင်းရဲ့ အမည်က “ညှို့” လို့ ဆိုတဲ့အတိုင်း မျက်နှာဖုံးကနေစပြီး စာရွက်တရွက်ချင်း ညှို့ဓာတ် အပြည့်လို့ ပြောနိုင်ပါတယ်။ ဒီမဂ္ဂဇင်း ထွက်မယ်ဆိုတဲ့ ကြော်ငြာ စာမျက်နှာတွေလည်း Facebook လူမှုကွန်ယက်မှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားပါသေးတယ်။ ဒီလို လိင်ပညာပေး မဂ္ဂဇင်းဆိုပြီး ထွက်ရှိလာတာဟာ ဒါ ပထမဆုံးလို့ ဆိုရမှာပါ။
လိင်ကိစ္စကနေ မလိုလားအပ်တဲ့ ရောဂါတွေ မရရှိလာနိုင်စေဖို့ ရည်ရွယ်ပြီး ဆေးပညာရှုထောင့်ကနေ တင်ဆက် ထားခြင်းဖြစ်တယ်လို့ “ညှို့” မဂ္ဂဇင်း အယ်ဒီတာချုပ် ကိုဦးဆွေက ဧရာဝတီကို ပြောပါတယ်။
“ကျနော်တို့ဆီမှာ Sex Education (လိင်ပညာပေး) နဲ့ ပတ်သက်ပြီးတော့ ဘယ်သူမဆို အရွယ်ရောက်ပြီးသည့် တိုင်အောင် မသိကြဘူးလေ။ အမှန်တော့ နိုင်ငံတကာမှာ ဆိုရင် မူလတန်းအဆင့် ကတည်းကိုက သိနေကြပြီ။ ကျောင်းတွေမှာကို လုပ်နေကြပြီ။ ဒီမှာကျ မသိကြတော့ မလိုလားအပ်တဲ့ လိင်ကိစ္စကနေ ရတဲ့ရောဂါတွေ ဖြစ်ကြတာပေါ့နော်။ အဲဒါက ကိုယ်တယောက်တည်း မဟုတ်ဘဲနဲ့ ကိုယ့်အိမ်ထောင်ဘက်ကိုကူး၊ နောက်ဆုံး အိမ်ထောင်ရေး မသာမယာတဲ့အထိ ဖြစ်သွားရင် တိုင်းပြည်ပါ နာတယ်။ အဲဒီစိတ်ကလေးနဲ့ပါပဲ၊ လုပ်ဖြစ်တာကတော့။ ဆောင်းပါးတွေမှာဆိုလည်း ဆေးပညာ ရှုထောင့်ကနေ အကုန် ကြီးကြပ်ထားပါတယ်” လို့ ကိုဦးဆွေက ဆိုပါတယ်။
ဒီ ညှို့မဂ္ဂဇင်းကို နိုဝင်ဘာ ၂၇ ရက်နေ့က စပြီး ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ လစဉ်တိုင်း လကုန် နောက်ဆုံး အပတ်တွေမှာ ထွက်ရှိတော့မှာပါ။ ဒီစာအုပ် ဆိုင်ပေါ်ရောက်ပြီ ဆိုတာနဲ့ အတော်လေး ရောင်းရတယ်လို့ ၃၂ လမ်း အပေါ်ဘလောက်မှာ ရှိတဲ့ နေစေး စာပေက တာဝန်ရှိသူတဦးက ပြောပါတယ်။
“ဝယ်တဲ့သူ အရမ်းများတယ်။ ယောက်ျားလေးတွေ လာဝယ်ကြတယ်။ ရောင်းဈေးက ၃၀၀၀ ကျပ်ပါ” လို့ သူက ရှင်းပြပါတယ်။
ညှို့မဂ္ဂဇင်းရဲ့ ဆောင်းပါးခေါင်းစဉ်တွေကတော့ “အိပ်ခန်းတွင်းက လျို့ဝှက်ချက်များ”၊ “လူတကာရင်ခွင် ခိုဝင်မှာလား”၊ “ယောကျာ်တွေ မုန်းတဲ့ မိန်းမတို့အကြောင်း” စသည်ဖြင့် တွေ့ရတယ်။ ပုရိသတွေ အကြိုက်တွေ့စေနိုင်အောင် ဆွဲဆောင်ထားလေသလားလို့ ထင်မှတ်ရပါတယ်။ နောက်ပြီး ပရိသတ်ရဲ့ အမေးကို အယ်ဒီတာများအဖွဲ့ ပြန်လည်ဖြေကြားထားတဲ့ အမေး အဖြေ ကဏ္ဍမှာလည်း နှိုက်နှိုက်ချွတ်ချွတ် မေးထား၊ ဖြေထားကြသေးတာပါ။
နောက်ထပ် ပရိသတ်ကို ဖမ်းစားထားတဲ့ မဂ္ဂဇင်းစာအုပ် မျက်နှာဖုံးက စာတန်း တခုကလည်း မဖတ် ဖတ်ချင်အောင် ဆွဲဆောင်နေသလိုပါပဲ။ အဲဒါကတော့ “အရွယ်မရောက်သေးသူများ မဖတ်ရ” ပါတဲ့။
“ကျနော်တို့ မြန်မာပြည်မှာ အဲဒီလို သတ်မှတ်မှုဆိုတာ အရင်ကတည်းက မရှိဘူး။ ထွက်နေတဲ့ မဂ္ဂဇင်းတွေ၊ လုံးချင်းတွေထဲက ပြန်ကြည့်မယ်ဆိုရင် တကယ်တော့ အရွယ်မရောက်သေး သူတွေ မဖတ်သင့်တဲ့ အကြောင်းအရာတွေ၊ အချစ်အကြောင်းတွေ ချည်းပဲလေ။ နောက် ဗီဒီယိုကားတွေလည်း ကြည့်လိုက်။ အဲဒီတော့ ကလေးတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ အချစ်အကြောင်းတွေ နားလည်နေကြတယ်။ ကျနော်တို့ ဗမာ အချစ်ဝတ္ထုတွေ၊ စာတွေကြောင့်၊ ဗီဒီယိုတွေကြောင့်ပေါ့နော်။ အဲဒီတော့ ကျနော်က နဂို ကတည်းက အဲဒီလို သတ်မှတ်ချက်လေးတွေ သဘောကျတယ်။ ဒီစာအုပ်ကလေး လုပ်ဖြစ်တဲ့ အခါကျတော့ အဲဒီ စာကြောင်းလေးကို ထည့်လိုက်တာပါ။ ဒါကျတော့ အရွယ်ရောက်ပြီ ဆိုတာနဲ့ လုံး၀ နားလည်ရမယ့် အကြောင်းအရာတွေလေ” လို့ အယ်ဒီတာချုပ် ကိုဦးဆွေက ဆိုပါတယ်။
ဒီလို လိင်ပိုင်းဆိုင်ရာ ပညာပေး အရေးအသားများနဲ့ ပတ်သက်လို့ မြန်မာပြည်မှာ အခုမှ စတင် ပေါ်ပေါ်ထင်ထင် ရေးသားလာကြခြင်း မဟုတ်ဘဲ အရင်ခေတ်တွေ ကတည်းက ဒေါက်တာ မောင်မောင်ညို၊ ဒေါက်တာ နန်းဥမ္မာတို့ရဲ့ စာအုပ်တွေမှာလည်း ရေးသားခဲ့ကြ၊ လိင်ပညာပေး လုံးချင်းစာအုပ်အဖြစ် ထွက်ခဲ့ကြပြီး မဂ္ဂဇင်း အနေနဲ့ကတော့ ဒါပထမဆုံး ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
လူငယ် အမျိုးသမီး စာဖတ်ပရိသတ် တဦးကတော့ “ဒီ မဂ္ဂဇင်းနဲ့ ပတ်သက်လို့ အရမ်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါပေမယ့် သူ့ထဲမှာပါတဲ့ ဆောင်းပါး ခေါင်းစဉ်တွေက အရမ်းကြမ်းလွန်းတယ်လို့ ပြောချင်တယ်။ နောက် သူရဲ့ ကြော်ငြာခ နှုန်းထားတွေက မဂ္ဂဇင်း အသစ်တခု အနေနဲ့ အရမ်းမြင့်လွန်းတယ်လို့ မြင်တယ်။ အခုနောက်ပိုင်းမှာ ကျမတို့ နိုင်ငံလည်း အများကြီး လွတ်လပ်လာပြီလေ။ လွတ်လပ်လာတာနဲ့အမျှ ဒီလို မဂ္ဂဇင်းတွေ ထွက်လာမယ်။ ဒါတွေက တားလို့ရတာမှ မဟုတ်တာ။ သူများနိုင်ငံတွေမှာဆို ကျောင်းတွေမှာကအစ Sex Education တွေရှိတယ်။ ကျမတို့ နိုင်ငံမှာဆို မရှိဘူး။ လေ့လာတတ်မယ် ဆိုရင် ဒီလို စာအုပ်မျိုးတွေကတဆင့် ဗဟုသုတ ရနိုင်ပါတယ်” လို့ သူရဲ့ အမြင်ကိုပြောပါတယ်။
မစပ်စုတို့ တိုင်းပြည်ကလည်း အမျိုးသမီး လစဉ်သုံး ကြော်ငြာတို့၊ အမျိုးသား ခွန်အားတိုးဆေးတို့ စတဲ့ ကြော်ငြာတွေကို တီဗီရုပ်သံတွေမှာ ကြော်ငြာရင်တောင်မှ မကြိုက်ကြတဲ့ လူကြီးတချို့၊ အပြစ်ပြောချင်တဲ့ ပရိသတ်တချို့ ရှိခဲ့ကြလေတော့ လိင်ပညာပေး မဂ္ဂဇင်းလို့ ဆိုတဲ့နေရာမှာ စာပေနဲ့ လိုက်ဖက်အောင် သုံးစွဲရတဲ့ ဓာတ်ပုံ ပိုင်းဆိုင်ရာ၊
ရုပ်ပုံပိုင်း ဆိုင်ရာတွေနဲ့ ပတ်သက်လို့ အခက်အခဲ တစုံတရာများ ရှိသေးလားလို့ မစပ်စုလည်း စပ်စပ်စုစု မေးကြည့် လိုက်ပါသေးတယ်။
“အခက်အခဲရှိပါတယ်။ ဆင်ဆာ လုံးဝမရှိပေမယ့်လည်း ပလေးဘွိုင်းလို့ စာအုပ်မျိုးတော့ ကျနော့်အနေနဲ့ မထုတ်ဘူးပေါ့နော်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာ့ယဉ်ကျေးမှု ဆိုတာကို ကျနော်တို့အနေနဲ့ မည်သို့ပင်ဖြစ်စေ ထိန်းရမှာကိုး။ အဲဒီအတွက်ကြောင့် ကျနော့်ဆီမှာ ဓာတ်ပုံတွေကတော့ အကုန်လုံးပါပဲ တခုမကျန်ပေါ့၊ အဖြည့်ပုံတွေကအစ ကျနော်တို့ မြန်မာပြည်မှာ လုပ်နေကျအတိုင်း နိုင်ငံခြား စာအုပ်တွေထဲကနေ ကော်ပီကူးပြီး သုံးတာမျိုး လုံးဝမရှိဘူး။ မဂ္ဂဇင်း အဖြည့်ပုံကအစ ကိုယ့်ဘာသာကိုယ် ရိုက်ယူထားတာပါ။ အဲဒီလို ရိုက်ယူတဲ့ နေရာမှာ အခက်အခဲက ဘာတွေ့ရလဲဆိုတော့ ကျနော်တို့မှာ ဆင်ဆာ မရှိသော်လည်း ထိန်းသိမ်းရမယ့် ကျင့်ဝတ်လေးတခုကို ကျနော်တို့ အတတ်နိုင်ဆုံး ထိန်းသိမ်းထားပါတယ်” လို့ ကိုဦးဆွေက မစပ်စု အမေးကို ဖြေပေးပါတယ်။
ဒီလို လိင်ပညာပေးနဲ့ ပတ်သက်လို့ စာပေရသတွေဟာ မစပ်စုတို့ တိုင်းပြည်မှာ လုံးဝကို ရှိသင့်ကြောင်းနဲ့ ဒီလို လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ ပွင့်လင်းသင့်လာပါပြီ လို့လည်း သူက ဆက်ပြောပါတယ်။
ညှို့မဂ္ဂဇင်းရဲ့ အမှတ်စဉ် ၁ မှာပါတဲ့ အယ်ဒီတာစကား အဆုံးသတ်လေးကို ပရိသတ်တွေ ဖတ်ရအောင် ဖော်ပြပေးလိုက်ပါတယ်။
“အချစ်နဲ့ လိင်ကိစ္စဆိုတာ ကြွပ်ကြွပ်အိတ်လိုပါပဲ။ မရှိမဖြစ်လည်း လိုအပ်နေတယ်၊ စည်းမရှိ၊ ကမ်းမရှိ ပြန်ရင်လည်း အန္တရာယ် ပြန်ပေးတယ်။ စနစ်တကျ အသုံးပြုနိုင်ကြစေဖို့ Sex Education ကို Entertainment နဲ့ တွဲဖက် စီစဉ် ထုတ်ဝေလိုက်ပါတယ်” လို့ ဆိုထားပါတယ်။