ကမ္ဘာ့အပြည်ပြည်ဆိုင်ရာ HIV/AIDS နေ့ ဖြစ်သော ဒီဇင်ဘာလ ၁ ရက်နေ့တွင် HIV ပိုး ကူးစက်ခံရသူများအား ကူညီပံ့ပိုးမှုများ ပြုလုပ်နေသည့် အဖွဲ့အစည်း အသီးသီးက စိတ်ဓာတ်မြှင့်တင်ရေးဆိုင်ရာ အခမ်းအနားများ ကျင်းပကြမည်ဖြစ်ကြောင်း သတင်းရ သည်။
ယခုလ၂၉ ရက်နေ့က HIV ပိုးကူးစက်ခံရသော ကလေးများနှင့် ခိုကိုးရာမဲ့ မိဘမဲ့ကလေး ၄၀၀ ကျော်အတွက် ရည်ရွယ်ပြီး ကလေး သူငယ်များ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုသော အထိမ်းအမှတ်နေ့အဖြစ် တိုင်းရင်းသား ကျေးရွာရှိ ပြည်ထောင်စု ခန်းမတွင် ကျင်းပခဲ့ပြီး ယင်းအခမ်းအနားတွင် HIV ပိုးကူးစက်ခံရသော ကလေး ၉၆ ဦးနှင့် မိဘမဲ့ကလေး ၃၀၀ ကျော် ပါဝင်ခဲ့ သည်။ ထိုအခမ်းအနားသည် ၂၃ ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။
HIV ပိုး ကူးစက်ခံရသော ကလေးများအား ပြုစုပျိုးထောင်ပေးသည့် ဂေဟာ တခုဖြစ်သော သုခရိပ်မြုံ မှ အတွင်းရေးမှူးဖြစ်သူ ဆရာမ စုထားက“ကျမတို့ သုခရိပ်မြုံမှာကတော့ နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာ ၂၀ ရက်နေ့ဆိုရင် အခုလို အခမ်းအနားလေးတွေကို တပိုင်တနိုင် ပုံစံမျိုးနဲ့ ကိုယ့်ဂေဟာလေးတွေမှာ အမြဲကျင်းပလေ့ရှိပါတယ်”ဟု ပြောသည်။
သုခရိပ်မြုံသည် HIV ပိုး ကူးစက်ခံရသော ကလေးများအား ပြုစုပျိုးထောင်ပေးရာတွင် ကျန်းမာရေး၊ ပညာရေး အပြင် စိတ်ဓာတ်မြှင့် တင်ပေးခြင်းများကိုလည်း အဓိကထား လုပ်ဆောင်နေသည့် ဂေဟာဖြစ်သည်။
အဆိုပါ အခမ်းအနားသို့ အနုပညာရှင်များထဲမှ ရာဇာနေဝင်း၊ ရဲတိုက်၊ မယ်လိုဒီ၊ အွန်ဆိုင်း နှင့် နှင်းထက်ထက်ဝေတို့က လာရောက် ကူညီအားဖြည့်ပေးခဲ့ကြောင်း သိရှိရသည်။
“အခုလို မိဘမဲ့ကလေးတွေနဲ့ ပတ်သက်တဲ့ အခမ်းအနားကို တက်ရောက်ဖူးတာဆိုရင် ဒါ ပထမဆုံးပါပဲ။ အရင်ကတော့ အဆက် အသွယ် မရှိတော့ ဒီလိုမျိုးလေးတွေ လုပ်တတ်ကြမှန်း မသိဘူးလေ။ အခုလည်း အသိတယောက်ကပြောလို့ လာတက်ဖြစ်တာပါ” ဟု မယ်လိုဒီက ဆိုသည်။
ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့HIV/AIDS နေ့တွင် မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်မြေမှ လွှတ်တော် ကိုယ်စား လှယ် ဒေါ်ဖြူဖြူသင်း ကလည်း ၎င်း၏ခန်းတွင် HIV ပိုး ကူးစက်ခံရသူများအား ပျော်ပွဲရွှင်ပွဲပြုလုပ်ပေးခြင်း၊ လက်ဆောင်ပစ္စည်းများ၊ အားဆေးများ ပေးဝေခြင်းတို့ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
“ဒီလိုပွဲမျိုးကို ၂၀၀၆ မှာမှ စပြီးလုပ်တာပါ။ ဒီနှစ်ရဲ့ထူးခြားချက်ကတော့ ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ်တွေကို အဲဒီနေ့မှာ ကြေညာ ဖို့ ရှိပါတယ်။ ဒါ့အပြင် အရင်နှစ်တွေကအတိုင်း ပျော်ပွဲရွှင်ပွဲတွေ လုပ်သွားမှာပါ”ဟု ဒေါ်ဖြူဖြူသင်းက ဆိုသည်။
မြန်မာနိုင်ငံတွင် HIV ပိုးကူးစက်ခံရသူ ၃ သိန်း ၃ သောင်း ဝန်းကျင်ရှိနေသော်လည်း ART ဆေး ရရှိသည့် လူနာအရေ အတွက်မှာ ၆ သောင်းခန့်သာ ရှိနေသေးကြောင်း၊ ထို့ပြင် ပညာပေးမှုအပိုင်းတွင် အားနည်းနေသေးသည့် အတွက် ကူးစက်မှုနှုန်း ဆက်လက်မြင့် တက် နေဆဲဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။
“အရင်ကဆို HIV ပိုးကူးစက်ခံရသူတွေမှာ လူကြီးတွေပဲများတာ။ အခုဆိုရင် ကလေးတွေသာမက ကိုယ်ဝန်ဆောင်တွေမှာ ပိုပြီး ကူးစက် လာတာကို တွေ့နေရတယ်”ဟု ဒေါ်ဖြူဖြူသင်းက ပြောပြသည်။
HIV/AIDS ဆိုင်ရာ ကုလသမဂ္ဂ ပူးတွဲ အစီအစဉ် (Joint United Nations Program on HIV/AIDS – UNAIDS) ၏ အဆိုအရ မြန်မာနိုင်ငံတွင် HIV ပိုးရှိသူ ခန့်မှန်းခြေ ၂၄၀,၀၀၀ ရှိပြီး ထက်ဝက်ခန့်မှာ ဆေးကုသမှု မရရှိသည့် အပြင် AIDS ရောဂါကြောင့် နှစ် စဉ် လူ ၁၈၀၀၀ ခန့် သေဆုံးနေရကြောင်း သိရသည်။
ART ဆေးထောက်ပံ့မှု ရရှိမှုမှာလည်း အကန့်အသတ် များရှိနေပြီး နိုင်ငံ တဝန်း ရှိ HIV/ AIDS ဝေဒနာရှင်များအတွက် ဆေးလုံလောက်စွာ ပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။