စစ်ကိုင်းတိုင်း မုံရွာမြို့ ရွှေစည်းခုံဘုရားဝင်းအတွင်းရှိ သာသနာ့ဗိမာန်တော်တွင် မုံရွာရဲတပ်ဖွဲ့များ၏ လက်ပံတောင်းတောင် ဖြစ်စဉ်နှင့် ပတ်သက်သည့် သြဝါဒခံယူပွဲကို မုံရွာလူထုက ရှုတ်ချခဲ့ကြောင်း သိရသည်။
နေ့လည် ၂ နာရီတွင် သြဝါဒခံယူပွဲဟု အမည်ပေးထားသည့် အစီအစဉ်သို့ ဆရာတော် အပါး ၂၀ ဖိတ်ခဲ့သော်လည်း ၁၀ ပါးသာ အချိန်အတော်နောက်ကျမှ ကြွရောက်လာသည်။
အစီအစဉ်တွင် ဒဏ်ရာရ သံဃာအများစု ပါဝင်သည့် ဇောတိကကျောင်းတိုက်မှ ဆရာတော်ကို သြဝါဒပေးရန် ထည့်သွင်းခဲ့သော်လည်း ဆရာတော် ကြွရောက်လာခြင်း မရှိသဖြင့် အုတ်ကန်ကျောင်း ဆရာတော်က သြဝါဒပေးသည်။
စစ်ကိုင်းတိုင်း ရဲမှူးကြီး ဦးစန်းယုက သပိတ်စခန်းမှ သံဃာတော်များကို လူစုခွဲရာတွင် လူအင်အားအနည်းဆုံး တတ်နိုင်သမျှ ထိခိုက်မူမရှိအောင် ဆောင်ရွက်ခဲ့ကြောင်း၊ မီးသတ်ပိုက်၊ မျက်ရည်ယိုဗုံးတို့ကိုသာ အသုံးပြုခဲ့သည်ဟု ပြောနေသည့် အချိန်တွင် ဝင်ရောက်နားထောင်နေသည့် ဒေသခံလူစုက ညာနေတာ၊ လိမ်နေတာဟု အသံပြုခဲ့ကြသည်။
သံဃာတော်များ နစ်နာစေရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ တာဝန်အရ လုပ်ဆောင်ရခြင်းဖြစ်သောကြောင့် မေတ္တာရှေ့ထားကာ ခွင့်လွှတ်ပါရန် ရဲမှူးကြီး ဦးစန်းယုက လျှောက်ထားခဲ့သည်။
ရဲမှူးကြီး ဦးစန်းယု ဆရာတော်များကို လျှောက်ထားအပြီးတွင် ဆေးရုံသို့ရောက်နေသည့် သံဃာများအတွက် လှူဖွယ်ပစ္စည်းများ ကပ်လှူသည့်အခါတွင် ဝင်ရောက် နားထောင်နေသည့် မုံရွာလူထု ၈၀ ကျော်က မကျေနပ်ကြောင်း ပြောဆိုကာ အခမ်းအနားပြုလုပ်နေသည့် သာသနာ့ဗိမာန်မှ ထွက်ခွာသွားခဲ့သည်။
“ဒါက ဆင်ခြေပေးတာပါ။ သူတို့ပြောချင်တာပြောတာ၊ ပြည်သူတွေက ဘာမှ မသိဘူး။ ဒီလိုမျိုး အခမ်းအနား လုပ်မယ်ဆိုတာလည်း မသိရပါဘူး။ ပင့်လာတဲ့ဘုန်းကြီးတွေကလည်း ဒီကိစ္စနဲ့ဘာမှ မပက်သက်တဲ့သူတွေ ” ဟု သာသနာ့ဗိမာန် အပြင်ဘက်သို့ အော်ဟစ်ကာထွက်လာသူ မုံရွာမြို့ခံတဦးက ပြောသည်။
“တောင်းပန်ပါတယ်၊ မှားပါတယ်လို့ တခွန်းမှ မပြောသွားဘူး။ ပြောတဲ့လေသံကလည်း မာထန်နေတာပဲ။ မီးခိုးဗုံးပဲ သုံးတယ်ဆိုရင် ဘယ်လိုလုပ် မီးလောင်တာလဲ။ ဒီလိုပြောတာတွေကို မုံရွာကလူတွေ လုံးဝလက်မခံသလို မကျေနပ်ဘူးလို့ ပြောပါရစေ” ဟု ယင်းမြို့ခံက ပြောသည်။
“ကန်တော့တောင်းပန်တဲ့သူတွေက အနောက်ဘက်ကမ်းက လူတွေ ပါ မပါ မသိဘူး ” ဟု ယင်းသြဝါဒခံယူပွဲသို့ တက်ရောက်လာသူ ရဲအရာရှိတဦးက ပြောသည်။ လက်ပံတောင်းတောင်ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲမှူးကြီး ဦးစန်းယုက “ဖြေဖို့ကို မရှိတာ” ဟု မီဒီယာများ၏ အမေးကို တုန့်ပြန်ခဲ့သည်။
“ဘုန်းကြီးတို့ လုံးဝလက်မခံပါဘူး။ သွားစရာအကြောင်းလဲ မရှိပါဘူး ” ဟု သပိတ်အောင်မြင်ရေးကော်မတီမှ ဆရာတော် ဦးတေဇက ပြောသည်။
ယင်းသြဝါဒခံယူပွဲနှင့်အပြိုင် ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ရပ်ကို ရှုတ်ချသည့်လှုပ်ရှားမူ ပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း သြဝါဒခံယူပွဲ ပြုလုပ်စဉ် ပြင်ပတွင် မုံရွာမြို့သားများက ဝိုင်းအုံကြည့်ရှုခြင်းသာ ပြုလုပ်ခဲ့သည်။
ထိုသြဝါဒခံယူပွဲသို့ မုံရွာမြို့ပေါ်မှ ရဲတပ်ဖွဲ့ဝင် ၁၂၀ ကျော် တက်ရောက်ခဲ့ပြီး ဆရာတော်အပါး ၂၀ သို့ ဒဏ်ရာရ ကိုယ်တော်များအတွက် စောင်၊ သင်္ကန်းနှင့် တခြားပစ္စည်းများ လှူဒါန်းခဲ့သည်။