မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ တာဝန်သိသည့် စီးပွားရေး လုပ်ငန်းများ မဟုတ်ဟု ယုံကြည်ယူဆချက်များ လူထုကြား ကျယ်ပြန့်လာနေသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ တာဝန်သိသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဖြစ်သင့်ပြီး ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ လူ့အခွင့်အရေး လေးစားလိုက်နာမှု၊ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်နိုင်မှု စသည်တို့အပေါ် အခြေခံပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသင့်သည့် ပုံစံကို မကြာခဏ ပြောဆိုပြီး သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရေးတွင် ယင်းအယူအဆကို အားပေးအားမြှောက်ပြုခဲ့သည်။
သို့သော် လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်တန့်ရေး ဆန္ဒပြမှုဖြစ်စဉ် ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်က ဖော်ဆောင်လက်စ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ စဉ်းစားရာတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံလိုသူများ၏ ယုံကြည်မှု မပျက်ပြားရေး၊ နိုင်ငံတကာ စည်းမျည်း စည်းကမ်းများကို လေးစားလိုက်နာပြီး ကတိတည်သည့် နိုင်ငံတနိုင်ငံ ဖြစ်ရေးလည်း ထည့်သွင်းစဉ်းစားရန် ပြောဆိုလာခဲ့သည်။
မြန်မာစစ်တပ်ပိုင် ဦးပိုင် ကုမ္ပဏီ လီမိတက်နှင့် တရုတ် ဝမ်ပေါင် ကုမ္ပဏီတို့ ပူးပေါင်း လုပ်ကိုင်နေသည့် စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး ဆန္ဒပြ သပိတ်စခန်းများကို လုံခြုံရေးတပ်ဖွဲ့များက အကြမ်းဖက် ဖြိုခွင်းပြီးနောက် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တရုတ်နိုင်ငံ သံရုံးရှေ့နှင့် တချို့မြို့များတွင် တရုတ် ရင်းနှီးမြှုပ်နှံ မှုများကို ဆန့်ကျင်ဆန္ဒပြမှုများလည်း ဖြစ်ပေါ်လာသည်။
ရှေ့နေ ကွန်ရက်အဖွဲ့မှ ရန်ကုန်မြို့နေ ရှေ့နေကြီး ဦးကြီးမြင့်ကလည်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အစဉ်အဆက် အိမ်နီးချင်း မိတ်ဆွေနိုင်ငံ ဖြစ်ခဲ့ကြောင်း၊ ရှေ့ဆက်၍လည်း မိတ်ဆွေအဖြစ် သွားရမည့် နိုင်ငံဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် ပတ်သက်လာလျှင် အလွန်သတိထား ဆက်ဆံရမည်ဖြစ်ကြောင်း၊ သို့သော်လည်း ၁၉၈၈ ခုနှစ်မှ ဦးသိန်းစိန် သမ္မတ အဖြစ်တက်လာသည့် အစိုးရမတက်မီ ကာလအတွင်း တရုတ်နိုင်ငံနှင့် လုပ်ဆောင်ခဲ့သည့် စီးပွားရေးစာချုပ်များ၊ အခြား ပြည်သူများ မသိရသေးသည့် စာချုပ်များတွင် ပွင့်လင်းမှု မရှိခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့က တရုတ်ကို ရန်ဘက်အနေနဲ့သတ်မှတ်ပြီးတော့ တောင်းဆိုနေတာ မဟုတ်ဘူး။ သို့သော်လည်း သူတို့ဘက် တဖက်တည်း ချွတ်ယွင်းချက်ကြောင့် မဟုတ်ဘူး။ တို့နိုင်ငံဘက်က စစ်ဘက် အုပ်ချုပ်သူ၊ စစ်လူတန်းစားဘက်က ပြည်သူကို မလေးစားတာ၊ ပြည်သူကို ပမာမခန့်လုပ်တာ၊ ကိုယ်လုပ်ချင်ရာ လုပ်တဲ့ အာဏာရှင် စိတ်ဓာတ်တွေနဲ့ ပေါင်းစပ်လိုက်တဲ့ အခါကျတော့ နှစ်ဖက်လုံးက ထင်သာမြင်သာ မရှိတော့ဘူး” ဟု ဦးကြီးမြင့်က ဆိုသည်။
ရှေ့နေကွန်ရက်၏ သဘောထား ကြေညာချက် ၄ ချက်တွင်လည်း မြန်မာ- တရုတ် ချုပ်ဆို ထားသည့် စာချုပ်များ ပွင့်လင်းမြင်သာမှုရှိရှိ ပြည်သူကို ချပြရန်အချက်ကို ထည့်သွင်းထားကြောင်း သူက ဆက်ပြောသည်။
“ဒီ စီမံကိန်းတွေကနေ နိုင်ငံတော်က ဘယ်လောက်ရတယ်၊ ဦးပိုင်က ဘယ်လောက်ရတယ်၊ တကယ်ပဲ ရရဲ့လား၊ ရရင်လည်း အချိုး ဘယ်လောက်ရတယ်ဆိုတာ ထုတ်ပြန်ပေးပါ” ဟု ဦးကြီးမြင့်က ဆိုသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက နိုဝင်ဘာလ ၃၀ ရက်နေ့က ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ ရာတွင် မုံရွာကြေးနီစီမံကိန်းသည် နှစ်နိုင်ငံ ကုမ္ပဏီများ အကျိုးတူပူးပေါင်း စာချုပ်ချုပ်ဆိုထားပြီး စီမံကိန်းနှင့် ပတ်သက်၍ ရွှေ့ပြောင်းမှု လျော်ကြေးငွေ၊ ပတ်ဝန်းကျင် ကာကွယ်ရေးနှင့် အကျိုးဝင်ငွေ ခွဲဝေမှုဆိုင်ရာကိုလည်း နှစ်ဦးနှစ်ဘက် သဘောတူ သတ်မှတ်ပြီးဖြစ်၍ စီမံကိန်းကို ရပ်တန့်မည် မဟုတ်ကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီးကလည်း မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နံှမှု လုပ်ငန်းများကို ရပ် ဆိုင်းမည် မဟုတ်ကြောင်း ထပ်မံထုတ်ဖော်ပြောဆိုခဲ့သည်။
သို့ရာတွင် ယခင် စစ်အစိုးရ လက်ထက်ကတည်းက ရှိခဲ့သည့် စစ်တပ် ကျောထောက်နောက်ခံ စီးပွားရေး ဦးပိုင် ကုမ္ပဏီလီမိတက်နှင့် တရုတ် ကုမ္ပဏီတခု ဖြစ်သော ဝမ်ပေါင်တို့ နှစ်ဦးအကျိုးတူ လုပ်ကိုင်နေသည့် ကြေးနီစီမံကိန်းကြောင့် ဒေသခံ ကျေးရွာများစွာ ဖယ်ရှားပေးခဲ့ရသကဲ့သို့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများ၊ ကျန်းမာရေးဆိုးကျိုးများ တွေ့ရှိလာရသောကြောင့် သဘာဝ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူများနှင့် လူ့အခွင့်အရေးကိစ္စ ဆောင်ရွက်သည့် တက်ကြွ လှုပ်ရှားသူများ ဦးဆောင်မှုဖြင့် ဒေသခံများ ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။
လွန်ခဲ့သည့် နှစ်ကလည်း မြန်မာနိုင်ငံမှ အလွှာအသီးသီးက ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော် မြို့နယ်အစရှိသည့် မြစ်ဆုံဒေသတွင် တရုတ် အစိုးရ ပိုင် China Power Industry (CPI) က အမေရိကန် ဒေါ်လာ သန်းပေါင်း ၃၆၀၀ ခန့် ရင်းနှီးမြှုပ်နှံပြီး အေးရှားဝါးလ် ကုမ္ပဏီက ဆောက်လုပ်ရေး တာဝန်ယူ တည်ဆောက်သည့် ရေအား လျှပ်စစ်အတွက် ဆည် ၈ ဆည် စီမံကိန်းကို ရပ်ဆိုင်းရေး ဆန္ဒဖော်ထုတ်မှုများ စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့သည်။ ထို့နောက် ဦးသိန်းစိန် အစိုးရက ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် အဆိုပါ စီမံကိန်းများကို ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း သမ္မတ အမိန့်ဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံတနိုင်ငံဖြစ်ပြီး ရေနံနှင့် သဘာ၀ ဓာတ်ငွေ့၊ ဆက်သွယ်ရေး၊ လျှပ်စစ်နှင့် ဆက်စပ်သည့် ရင်းနှီးမြှုပ်နှံမှုများ စသည့် ဘက်ပေါင်းစုံတွင် ခန့်မှန်းခြေအားဖြင့် ယခုနှစ် သြဂုတ်လအထိ အမေရိကန် ဒေါ်လာ စုစုပေါင်း ၁၄.၁၄ ဘီလျံ ရင်းနှီးမြှုပ်နှံထားကြောင်း တရုတ်အစိုးရ သတင်းများတွင် ဖော်ပြထားသည်။
တချိန်တည်းတွင် လက်ပံတောင်းဝန်းကျင် မြေသိမ်းမှုကဲ့သို့ စစ်အစိုးရ လက်ထက်တွင် လုပ်ဆောင်ခဲ့သည့် မြေယာသိမ်းဆည်းမှု ပုံစံများ မှားယွင်းခဲ့ကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက နိုဝင်ဘာ ၂၄ ရက်နှင့် ၂၅ ရက်နေ့များက နေပြည်တော်၌ ကျင်းပသော အမျိုးသားအဆင့် မြေယာပိုင်ဆိုင် လုပ်ကိုင်ခွင့်နှင့် အသုံးပြုခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာတွင် ပြောခဲ့သည်။
လက်ရှိ အစိုးရလက်ထက်တွင် ရင်းနှီးမြှုပ်နှံမှုအတွက် လိုအပ်သည့် အနည်းဆုံး မြေပမာဏကိုသာ သက်ဆိုင်ရာ အဖွဲ့အစည်းများဖြင့် ညှိနှိုင်းခွင့်ပြုပြီး ဒေသခံပြည်သူများနှင့် ပွင့်လင်းမြင်သာမှု ရှိစေရန် “အတတ်နိုင်ဆုံး” လုပ်ဆောင်နေကြောင်းလည်း ဆိုသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်သည့် မြို့နယ်အဆင့် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ေကော်မတီများ ဖွဲ့စည်းထားကြောင်း၊ မည်သူ့ထံတွင်မှ အာဏာ မရှိတော့ဘဲ ခေတ်ပြောင်းသွားပြီ ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်းကလည်း ဆိုသည်။
“အခုတော့ ကျနော်တို့ ဒီစီမံကိန်းကြီးတွေကို အစိုးရအဖွဲ့ တဖွဲ့တည်းကနေ ဆုံးဖြတ်လို့ မရတော့ဘူး။ စီမံကိန်းကြီးတွေ မှန်သမျှ အကုန်လုံးဟာ နောက်ပိုင်း ဥပဒေအရ လွှတ်တော်ကို တင်ပြပြီးတော့မှ ဆောင်ရွက်ရတာတွေ ရှိပါတယ်။ ဧက သောင်းချီ၊ ထောင်ချီပြီး လုပ်တဲ့ ဟာတွေကို နည်းဥပဒေနဲ့ ပြန်ထိန်းမယ်” ဟု သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်းက ပြောသည်။
၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေ ပုဒ်မ -၂၉ တွင် နိုင်ငံတော်၏ ရေရှည် အမျိုးသား အကျိုးစီးပွားအလို့ငှာ စီမံကိန်း လုပ်ငန်းကြီးများ အတွက်လည်းကောင်း၊ ပုဒ်မ – ၃၀ တွင် အများပြည်သူများ အကျိုးငှာ လည်းကောင်း လယ်ယာမြေကို တခြားနည်းဖြင့် အသုံးပြုရန် လျှောက်ထားမှုများ ခွင့်ပြုနိုင်ရေးအတွက် ပြဌာန်းထားသည်။
“အစိုးရကနေပြီး ဥပဒေနဲ့အညီ လုပ်ရမယ့်အပိုင်းပါ။ ပိုပြီးတော့ ပွင့်လင်းမြင်သာတဲ့ ဖြစ်စဉ်တခုရှိဖို့၊ တာဝန်ယူမှုရှိဖို့၊ ဥပဒေမှာ ပါတဲ့အတိုင်း တိတိကျကျလုပ်ဖို့ အရေးကြီးပါတယ်။ မှန်မှန်ကန်ကန် ဆုံးဖြတ်တဲ့ အဖွဲ့အစည်း တခုရှိဖို့ လိုတယ်။ ဥပဒေအတိုင်း မှန်မှန်ကန်ကန် သွားနိုင်တယ်ဆိုရင် ဒီပြဿနာတွေက အထိုက်အလျောက် ဖြေရှင်းနိုင်မှာပါ” ဟု ဥပဒေ စိုးမိုးရေး လုပ်ငန်းစဉ်များ လုပ်ဆောင်နေသည့် တရားလွှတ်တော် ရှေ့နေ ဦးကျော်မင်းစံက ဧရာဝတီသို့ ပြောသည်။
လတ်တလော ဖြစ်နေသည့် မြေယာ အရှုပ်အရှင်း ပြဿနာများနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အပိုင်းတွင် တာဝန်ရှိသူများက ပြဌာန်းပြီး ဥပဒေ၊ နည်းဥပဒေပါအတိုင်း တိတိကျကျ လုပ်ဆောင်ရန် လိုကြောင်း တရားလွှတ်တော် ရှေ့နေ ဦးကျော်မင်းစံက သုံးသပ်သည်။
နိုင်ငံတော် အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများအတွက် လယ်ယာမြေကို သိမ်းယူရာတွင် အနည်းဆုံး လိုအပ်သည့် ပမာဏကိုသာ သိမ်းယူရမည်၊ စီမံကိန်းသက်မှတ် ကာလအတွင်း အမြန်ဆုံး အကောင်အထည် ဖော်ရမည်ဖြစ်ပြီး စီမံကိန်းများ ဆောင်ရွက်ခြင်း မပြုပါက မူလ လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိထားသည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းထံ ပြန်လည် ပေးအပ်ရမည် ဖြစ်ကြောင်း လယ်ယာမြေ ဥပဒေ ပုဒ်မ – ၃၂ တွင် ပြဌာန်းထားသည်။
တနိုင်ငံလုံးတွင် ရှိသည့် မြေအသုံးချမှု အခြေအနေ၊ အချက်အလက်များကို ရယူပြီး လယ်မြေ၊ ယာမြေ၊ သစ်တောမြေ၊ မြို့ပြဧရိယာ၊ စက်မှုဇုံမြေများ အဖြစ် ခွဲခြားအသုံးပြုနိုင်ရန် မြေယာခွဲဝေ အသုံးချမှု စိစစ် ဆောင်ရွက်ရေး ကော်မတီက တနှစ်အတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မှ ဧရာဝတီ သတင်းထောက် စနေလင်း ပူးပေါင်း ရေးသား သတင်းပေးပို့သည်။