အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အကြား တိုက်ခိုက်မှုများ ယခု ဒီဇင်ဘာ လဆန်းပိုင်းမှ စတင်၍ ပိုမို ပြင်ထန်လာပြီး စစ်တပ်အင်အားလည်း တိုးချဲ့ထားကြောင်း သိရသည်။
တိုက်ပွဲများသည် ကချင်ပြည်နယ် ပန်ဝါဒေသနှင့် မိုးမောက်မြို့နယ်တို့တွင် ဖြစ်ပွားခြင်းဖြစ်ကြာင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ ပြောသည်။
“ဒီဇင်ဘာ ၁ ရက်နဲ့ ၂ ရက် ပန်ဝါဒေသမှာ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်တယ်။ တပ်ရင်းကတော့ ခြေလျင်တပ်ရင်း (ခလရ) ၇၇ နဲ့ ၇၄ တပ်ရင်း ၂ ခုပေါင်း တပ်ဖွဲ့နဲ့ ၂ ရက်လောက် တနေကုန် တိုက်ပွဲဖြစ်တာ ရှိတယ်” ဟု ၎င်းက ဆိုသည်။
၂ ရက်အတွင်း အစိုးရတပ်နှင့် KIA တို့ တိုက်ပွဲ စုစုပေါင်း ၉ ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း၊ KIA ဘက် ၁ ဦး ကျဆုံးပြီး ၁၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အစိုးဘက်တွင်လည်း အကျအဆုံး ရှိကြောင်း ဦးလနန်က ဆက်ပြောသည်။
လတ်တလောတွင် တပ်မ ၉၉ လက်အောက်ခံ တပ်ရင်း ၂ ရင်းခန့် မိုးကောင်းမြို့နယ်မှ ဖားကန့် ဒေသသို့ စစ်တပ်အင်အား ၃၀၀ နီးပါးခန့် တိုးချဲ့ထားပြီး KIA တပ်ရင်း ၃ အဖွဲ့ဝင်များ လှုပ်ရှားနေသည့် ဝိုင်းမော်ဒေသတွင်လည်း အစိုးရတပ်နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“နိုဝင်ဘာလလည်တုန်းက လက်နက်တွေ ရိက္ခာတွေ ကားအစင်း ၃၀ ကျော်နဲ့ ဖားကန့်ကို အရင် ပို့ထားပြီပြီ။ အဲဒီကို ပို့ထားပြီးတဲ့ အခါကျမှ တပ်မ ၉၉ က တပ်ရင်း ၂ ရင်းက တက်လာဖို့ဆိုပြီးတော့ လုပ်ထားတယ်။ ဒီနေ့ သူတို့ သွားလိမ့်မယ်။ ဖားကန့်ရောက်တာနဲ့တော့ အဲဒီဖားကန့် ဒေသဘက်မှာ တိုက်ပွဲတွေကတော့ အခုလောလောဆယ် ငြိမ်နေတယ်။ ဆက်ပြီး ဖြစ်လာဖို့ပဲ ရှိတယ်” ဟု ဦး လနန်က ပြောသည်။
အစိုးရတပ်ဖွဲ့ဝင်များ၏ စစ်ရေး လှုပ်ရှားမှုများကို မျက်ခြေမပြတ် လေ့လာစောင့်ကြည့်နေပြီး KIA ဘက်ကလည်း ကြိုတင် ပြင်ဆင်ထားကြောင်း ၎င်းက ဆိုသည်။
ဖားကန့်မြို့နယ်တွင်လည်း အစိုးရတပ်များနှင့် KIA တပ်ဖွဲ့တို့ ယခုနှစ် သြဂုတ်လအတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် ဒေသအတွင်းရှိ စိုင်းတောင်၊ မှော်မောင်းကုန်း၊ မှော်ဝန်းကြီး၊ မှော်ဝန်းလေး၊ ရှရော်ခနှင့် သန်းကြွယ် အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသ ခံ ၈ ထောင်ခန့် အိုးအိမ်များကို စွန့်၍ ဖားကန့်မြို့ပေါ်ရှိ ကယ်ဆယ်ရေး စခန်းများသို့ ခိုလှုံခဲ့ကြရသးသည်။
အဆိုပါဒုက္ခသည် အများစုမှာ နေရပ်ရင်းသို့ ပြန်သွားကြပြီး ကယ်ဆယ်ရေး စခန်း ၈ ခုတွင် ၂၀၀၀ ကျော်သာ ကျန်ရှိတော့ကြောင်း ဖားကန့်မြို့ပေါ်အခြေစိုက် ဒုက္ခသည်ကယ်ဆယ်ရေးစခန်း တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်။
ကချင်ပြည်နယ်အတွင်း အစိုးရတပ်များနှင့် KIA တို့ အကြား ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် KIO ထိန်းချုပ်မှု အောက်ရှိ ဒုက္ခသည်စခန်းများတွင် စစ်ပြေးဒုက္ခသည် ၆၃၀၀၀ ကျော်ရှိကြောင်း သိရသည်။