မြန်မာနိုင်ငံ သမ္မတရုံးက ပြင်ဆင်ဖွဲ့စည်းလိုက်သည့် လက်ပံတောင်း ကော်မရှင်၏ လုပ်ငန်းစဉ်တွင် ဆန္ဒပြမှုအပေါ် ကိုင်တွယ် ဆောင်ရွက်မှုနှင့် ဆန္ဒဖော်ထုတ်သည့် သံဃာတော်များအား ထိခိုက်ဒဏ်ရာ ရစေခဲ့သည့်ကိစ္စ ပါဝင်မှု မရှိသည့်အတွက် အဆိုပါ ကိစ္စများကိုပါ ကော်မရှင်က လုပ်ဆောင်ပေးရန် တောင်းဆိုနေကြသည်။
လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်စဲရေး သပိတ်စခန်းတွင် ကိုယ်တိုင် ပါဝင်ခဲ့ပြီး ဒဏ်ရာအနည်းငယ် ရခဲ့သူ မန္တလေး မစိုးရိမ်တိုက်သစ်မှ အရှင် ဥတ္တမက စုံစမ်းရေး ကော်မရှင်အနေဖြင့် လက်ပံတောင်း ကြေးနီ စီမံကိန်းအား ဆက်လုပ်သင့်၊ မသင့် တခုတည်း စုံစမ်းရေးသာမက လက်ပံတောင်း ကြေးနီစီမံကိန်း ဖျက်သိမ်းရေး ဆန္ဒပြဒေသခံများနှင့် သံဃာများအား အကြမ်းဖက် ဖြိုခွင်းမှုသည် မည်သူ့လက်ချက် ဖြစ်သည်ကိုလည်း စုံစမ်းစေလိုကြောင်း ဧရာဝတီသို့ မိန့်သည်။
“အကြမ်းဖက် ဖြိုခွင်းလို့ ဒဏ်ရာရသွားတဲ့ သံဃာတော်တွေကိစ္စ ဒီလိုဆို ဘယ်သူက ဖြေရှင်းပေးမလဲ။ သံဃာတော်တွေက ဒီအတိုင်းပဲ နှစ်သိမ့် ပေးလိုက်ရမှာလား။ ဒီကိစ္စ တိတိကျကျ စုံစမ်းပေးပါ၊ ပြီးရင် ပြတ်သားစွာ ဆုံးဖြတ်ပေးပါ” ဟု အရှင် ဥတ္တမက မိန့်ကြားသည်။
ထိုကဲ့သို့ ထိခိုက် ဒဏ်ရာရသွားခဲ့ရသော သံဃာတော်များနှင့် ဒေသခံများအတွက် ကော်မရှင်အနေဖြင့် သော်လည်းကောင်း၊ နိုင်ငံတော် အနေဖြင့် သော်လည်းကောင်း မလုပ်ဆောင်ပေးပါက သံဃာထုအနေဖြင့် တခုခု တုံ့ပြန်မည်ဖြစ်ကြောင်း ဦးဥတ္တမက ဆက်လက်မိန့်ကြားသည်။
ယခုအခါ ဒဏ်ရာရ သံဃာအရေအတွက်မှာ စုဆောင်းရရှိထားသမျှ သံဃာ ၇၉ ပါးနှင့် လူပုဂ္ဂိုလ် ၉ ဦး ရှိပြီး အားလုံးသည် မီးလောင် ဒဏ်ရာများနှင့်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်လည်း မုံရွာ ခရီးစဉ်အတွင်း ကိုယ်တိုင် မြင်တွေ့ရပြီး ဖြစ်ကြောင်း ဦးဥတ္တမက မိန့်သည်။
ယခု ကော်မရှင်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်အတွက် ပြည်သူ့ဆန္ဒကို အလေးထား ဆောင်ရွက်မည်ဟု ယုံကြည်ကြောင်း၊ သံဃာတော်များအား ဆိုးဝါးစွာ ဒဏ်ရာရခဲ့သည့် ဖြိုခွင်းမှု အပေါ်လည်း ပြည်သူအများက ရှင်းလင်းစွာ သိလိုကြောင်း စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ကတော့ နိုင်ငံသား တယောက်အနေနဲ့ ပြောရရင် လက်ပံတောင်းမှာ ဒီလောက် ဆိုးဆိုးဝါးဝါး ဒဏ်ရာတွေ ရသွားလောက်အောင် ဘယ်သူက အမိန့်ပေးသလဲ၊ ဘယ်သူ တာဝန်ရှိလဲဆိုတာ ရှင်းရှင်းလင်းလင်း သိချင်ကြတယ်” ဟု သူက ဆိုသည်။
၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ဦးဂျင်မီကလည်း လက်ပံတောင်း ကော်မရှင်အနေဖြင့် ကိစ္စတခုလုံးကို စုံစမ်းမှသာ စုံစမ်းရေး ကော်မရှင်ဖြစ်မည်ဟု ပြောသည်။
“စုံစမ်းရေး ကော်မရှင်ဆိုမှတော့ အကုန်လုံး၊ တစုံလုံး စုံစမ်းရမှာပေါ့။ လက်ပံတောင်တောင် သပိတ်ကို အကြမ်းဖက် ဖြိုခွင်းခဲ့မှုကိုလည်း စုံစမ်းရေး ကော်မရှင်က စုံစမ်းရမယ်။ ဆိုလိုတာက အကုန်လုံးကို စုံစမ်းဖို့လိုတယ်။ ထိခိုက် ဒဏ်ရာရတဲ့ သံဃာတော်တွေရဲ့ အရေအတွက် ဘယ်လောက်လဲ၊ ဘယ်လောက် နစ်နာသွားလဲ၊ ဒါတွေပါ ထည့်သွင်းစုံစမ်းသင့်တယ်” ဟု ဦးဂျင်မီက ပြောသည်။
လက်ပံတောင်း ကြေးနီစီမံကိန်း သပိတ်စခန်းများကို နိုဝင်ဘာလ ၂၉ ၇က်နေ့ နံနက် ၃ နာရီတွင် လုံခြုံရေး တပ်ဖွဲများက အင်အားသုံးဖြိုခွဲခဲ့ပြီးနောက် ပြည်သူလူထု မကျေနပ်မှုများ တဟုန်ထိုးကျယ်ပြန့်ခဲ့သည်။ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဥက္ကဋ္ဌအဖြစ် ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူမည့် အဖွဲ့ဝင် ၃၀ ပါ စုံစမ်းရေး ကော်မရှင်ကို သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး အမိန့်အမှတ် ၉၂/ ၂၀၁၂ ဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါ လက်ပံတောင်း စုံစမ်းရေး ကော်မရှင်၏ အဓိကလုပ်ငန်း တာဝန်များမှာ ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နိုင်ငံတကာ ပြဌာန်းချက်များ၊ နည်းပညာများ လိုက်နာခြင်း ရှိ မရှိ၊ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများ၊ ဆန္ဒဖော်ထုတ်ရသည့် အကြောင်းရင်း၊ ဆန္ဒဖော်ထုတ်သည့် သံဃာတော်များ ထိခိုက်ဒဏ်ရာရမှုအပေါ် သုံးသပ်ချက်၊ စီမံကိန် ဆက်လုပ်သင့် မလုပ်သင့် စသည်တို့ ပါဝင်သည်။
သို့သော် စုံစမ်းရေး ကော်မရှင်မှ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်သော ဦးမင်းကိုနိုင်နှင့် ဦးကိုကိုကြီးတို့က ဒီဇင်ဘာ ၂ ရက်နေ့တွင် ပါဝင်ရန် ဆန္ဒမရှိကြောင်း ကြေညာခဲ့သည်။
ထို့နောက်ပိုင်း လက်ပံတောင်း ကော်မရှင်တွင် ပါဝင်သော နိုင်ငံရေး၊ လူမှုရေး နယ်ပယ်များမှ တချို့ကလည်း ကော်မရှင်တွင် ပါဝင်လိုခြင်း မရှိသည့်အတွက် နုတ်ထွက်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် ဒီဇင်ဘာလ ၃ ရက်နေ့က လက်ပံတောင်း ကော်မရှင်ကို အဖွဲ့ဝင် ၁၆ ဦးဖြင့် ပြန်လည် ဖွွဲ့စည်းရာ မူလ ကော်မရှင်က ချမှတ်ထားသည့် အရေးကြီးသည့် လုပ်ငန်းစဉ်များဖြစ်သည့် ဆန္ဒဖော်ထုတ်ရသည့် အကြောင်းရင်း၊ ဆန္ဒဖော်ထုတ်သည့် သံဃာတော်များ ထိခိုက်ဒဏ်ရာရမှုအပေါ် သုံးသပ်ရန် စသည့်ကိစ္စများ ပါဝင်လာခြင်း မရှိတော့ပေ။
လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို လုံခြုံရေး တပ်ဖွဲ့များက အင်အားသုံး ဖြိုခွင်းခဲ့မှုအတွက် အမေရိကန်နိုင်ငံကလည်း စိုးရိမ်မိကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာအစိုးရကိုလည်း နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ လွတ်လပ်စွာစုဝေးခွင့်၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်များကို လေးစားပြီး အဆိုပါဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့များက အလွန်အကျွံ အင်အားသုံး ဖြိုခွဲမှု ရှိ မရှိ သေချာရန် မေးမြန်းတိုက်တွန်းသွားမည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗစ်တိုးရီယား နုလန်းက ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များကို ဖြေကြားခဲ့သည်။