ဒုတိယအကြိမ် ပြန်လည် ဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခအရေးနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့ စသည့် အာဏာပိုင်များက ဒေသခံတချို့ကို ခေါ်ယူ စစ်ဆေးမှုများပြုလုပ်နေပြီး ပါဝင်ပတ်သက်သည်ဟု ယူဆရသူများကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
မင်းပြားမြို့နယ်အတွင်းတွင် အောက်တိုဘာလအတွင်း ပြန်လည်ဖြစ်ပွားသော ပဋိပက္ခများနှင့်ပတ်သက်ပြီး သက်သေခံအနေနှင့် သတင်း ရနိုင်မှုပေါ်မူတည်၍ ခေါ်ယူ မေးမြန်းခြင်းမျိုး ပြုလုပ်သော်လည်း ဖမ်းဆီးထိန်းသိမ်းထားခြင်း မရှိသေးကြောင်း၊ စုံစမ်း စစ်ဆေးမှု လုပ်ထုံးလုပ်နည်းအရ ပြုလုပ်နေခြင်းဖြစ်ကြောင်း မင်းပြားမြို့နယ် ရဲမှူးကြီး မောင်မောင်ဇော်က ပြောသည်။
“အမှုတွေ ဖွင့်ထားတာကတော့ နဂိုကတည်းက ပါပဲ။ အခုက စုံစမ်းစစ်ဆေးဆဲကာလ ဖြစ်တာကြောင့် တော်တော်များများကိုတော့ ခေါ်စစ်ပါတယ်။ လုပ်ငန်းအရ ခေါ်စစ်တာမျိုးပါပဲ”ဟု ၎င်းက ဆိုသည်။
စမ္ဘလီ ကျေးရွာတွင် ဖြစ်ပွားခဲ့သော လူသေဆုံးမှုဖြစ်သည့် ပုဒ်မ ၄၃၆ ပ/၁၈၇(၂၀၁၂) ဖြင့် အရေးယူဆောင်ရွက်ရန် စုံစမ်း စစ်ဆေး နေသော အမှုတွင်လည်း သေနတ် ဒဏ်ရာဖြင့် သေဆုံးသွားသူ၏ ရုပ်အလောင်းကို ပြန်လည်ဖော်ယူကာ စစ်ဆေးပြီးဖြစ်ကြောင်း၊ မည်သည့် ကျည် အမျိုးအစားဖြင့် သေဆုံးသည်ကိုတော့ မှုခင်း စုံစမ်းရေး ဌာနသို့ ပေးပို့ထားပြီး ဖြစ်ကြောင်း ရဲမှူးကြီး မောင်မောင် ဇော် က ဆက်ပြောသည်။
ကျောက်ဖြူမြို့နယ်တွင် ကုလားဘာတောင်ရွာမှ အမျိုးသားတစ်ဦးကို လွန်ခဲ့သော တစ်လက ဖမ်းဆီးခေါ်ယူစစ်ဆေးနေပြီး
ငလပွေ့ရွာမှ အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးစစ်ဆေးနေသည်မှာ တစ်ပတ်ခန့် ရှိပြီဖြစ်ကြောင်း ကျောက်ဖြူမြို့ပြန်လည် ထူထောင်ရေးအဖွဲ့မှ ကိုလှမျိုးကျော် ဆိုသူက ပြောသည်။
ကျောက်ဖြူမြို့ အခင်းဖြစ်ပွားမှုတွင် လူသေမှုများရှိသောကြောင့် စစ်ဆေးနေခြင်းဖြစ်ပြီး ရုံးတင်စစ်ဆေးမှုများ မရှိသေးသောကြောင့် အတိအကျကို မပြောနိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။
ထို့အပြင် ကျောက်ဖြူ မြို့နယ်အတွင်း ဖြစ်ပွားသည့် ပဋိပက္ခများနှင့် ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားများကို အဓိက ခေါ်ယူ စစ်ဆေးမှုများလည်း ရှိသည်ဟု ဆိုသည်။
ထိုသို့ စစ်ဆေးရခြင်းမှာ ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သော ပိုက်ဆိုက် ရပ်ကွက်မှ အစ္စလမ် ဘာသာဝင်များက လှေများဖြင့်ထွက်ပြေးသွားကြ၍ ဖြစ်သည်။ ကျန်ရစ်သော သံပတ်ချောင်း၊ အရာရှိ၊ တိုးချဲ့ရပ်ကွက်များတွင် ရခိုင်လူမျိုးများနှင့် အစ္စလမ်ဘာသာဝင်များ အကြား မဋိပက္ခမဖြစ်စေရန် ရပ်မိရပ်ဘများက ရွှေ့ပြောင်းမှုများပြုလုပ်ခဲ့ရာ လက်ရှိကျန်ရစ် နေသော အစ္စလမ်ဘာသာဝင်များကို စစ်ဆေးမှုများ မပြုလုပ်ခြင်းဖြစ်နိုင်ကြောင်းလည်း ကိုလှမျိုးကျော်က ပြောဆိုသည်။
ပေါက်တောမြို့နယ်တွင်မူ ပဋိပက္ခဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ခေါ်ယူစစ်ဆေးရန် ညွှန်ကြားချက်များ မရရှိ သေးသကဲ့သို့ ဖမ်းဆီး စစ်ဆေးမှုများလည်း မပြုလုပ်သေးကြောင်း ပေါက်တောမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
“အဲဒီလို ဆောင်ရွက်တာတော့ ကျနော်တို့ မြို့နယ်မှာ မရှိသေးပါဘူး။ အဖြစ်မှန်က ဘယ်လိုဖြစ်တယ်၊ ဘယ်လို အခြေအနေ နဲ့ဘယ်လို လုပ်ရမယ် ဆိုတာကိုလည်း စီစဉ်ထားတာမျိုး မရှိသေးပါဘူး”ဟု ၎င်းက ပြောဆိုသည်။
မြောက်ဦးမြို့နယ်၌ ပဋိပက္ခဖြစ်စဉ်အတွင်း ဒဏ်ရာရခဲ့ဖူးသူ ၃ ဦးကို စစ်ဆေးရန်အတွက် လက်ရှိတွင် ဖမ်းဆီးခေါ်ဆောင်ထားကြောင်း၊ မြောက်ဦးမြို့ပေါ်ရှိ ရခိုင်တိုင်းရင်းသားများ ခိုလှုံရာ အလိုတော်ပြည့် ဘုန်းတော်ကြီး ကျောင်းသို့ သက်ဆိုင်ရာ အာဏာပိုင် များက လာရောက်စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခြင်းမျိုး မရှိသေးကြောင်း အလိုတော်ပြည့် ဆရာတော် က မိန့်ကြားသည်။
မြောက်ဦးအပိုင် ကျေးရွာများနှင့် မြောက်ဦးမြို့နယ်နှင့် နီးစပ်သော ကျေးရွာများမှ တချို့ကို ခေါ်ယူစစ်မေးမှုများ ပြုလုပ်သော်လည်း ဖြစ်စဉ်နှင့် မသက်ဆိုင်သူများကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း၊ သံသယရှိသူ ၇ ဦးကိုမူ ဖမ်းဆီးထားကြောင်း မြောက်ဦး ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ခေါ်စစ်တာတော့ ရွာ ၃ ရွာကလူ ၂၀ ကျော်ကျော်လောက်ပါ။ ဒါပေမယ့် အများစုက သက်သေအနေနဲ့ စစ်တဲ့သဘောမျိုး ပါ။ မသက်ဆိုင်တဲ့သူတွေကို ပြန်လွှတ်ပေးလိုက်ပါတယ်။ ခေါ်စစ်ရင်းနဲ့ မှုခင်းနဲ့ သက်ဆိုင်လာတာ ပေါ်လာတဲ့အတွက် ဖမ်းဆီး ထား တာတော့ရှိတယ်။ ဘယ်သူကို ခေါ်စစ်မေးရမယ်ဆိုတာ အထက်က ညွှန်ကြားပါတယ်”ဟု ၎င်းကပြောသည်။
စစ်တွေမြို့ပေါ်ရှိ အစ္စလမ်ဘာသာဝင်များနေထိုင်ရာ သဲချောင်း ဒုက္ခသည်စခန်းတွင် ခေါ်ယူစစ်ဆေးမှုများ မပြုလုပ်သေးကြောင်း၊ စစ်တွေမြို့တစ်ဖက်ကမ်း ပေါက်တောမြို့နယ်အပိုင် ဆန်တပ်မော် ကျွန်းတွင်လည်း ယခု ပဋိပက္ခဖြစ်စဉ်နှင့့် ပတ်သက်ပြီး ခေါ်ယူ စစ်ဆေးမှု မရှိသေးဘဲ ယခင် ၁ လနီးပါးက မိမိနေအိမ်ကိုမီးရှိုခဲ့မှုဖြင့် ဖမ်းဆီးထားသော လူ ၆ ဦး ခန့်သာရှိကြောင်း ကျောက်ဖြူမြို့မှ ထွက်ပြေးလာသော အစ္စလမ် ဘာသာဝင် တစ်ဦးက ပြောသည်။
လက်ရှိတွင် အစ္စလမ်ဘာသာဝင်များကို သန်းခေါင်စာရင်း စစ်ဆေးမှုများသာပြုလုပ်ပြီး ကျောက်ဖြူမြို့မှ ထွက်ပြေးလာသူများက ဘင်္ဂါလီ လူမျိုးအဖြစ် စာရင်းသွင်းမှုကိုလက်မခံဘဲ ၎င်းတို့က နိုင်ငံသားစိစစ်ရေး ကတ်ပြားရပြီးသား ကမန်လူမျိုး များသာဖြစ်ကြောင်းပြောဆိုကြသည်။ တချို့ နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသူများကလည်း ဘင်္ဂါလီလူမျိုးဟု ခေါ်တွင်ခြင်းကို လက်မခံဘဲ ၎င်းတို့ကို ရိုဟင်ဂျာလူမျိုးအဖြစ် စာရင်းသွင်းရန်တောင်းဆိုမှုများရှိကြောင်းလည်း ၎င်းကဆက်ပြောသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်က“ကျနော်တို့ အနေနဲ့ကတော့ ဒီလိုခေါ်ယူစစ်ဆေးတာနဲ့ ပတ်သက်ပြီး ဘာသတင်းမှ မရသေးပါဘူး။ ဒါလုပ်ဖို့ ဆိုတာကလည်း ဥပဒေ အရ လုပ်ဖို့ရှိပါမယ်။ တိတိကျကျတော့ မပြောနိုင်သေးပါဘူး။ အခု ကာလကလည်း စုံစမ်းစစ်ဆေးဆဲကာလ ဖြစ်တာမို့လို့ပါ”ဟု ပြောဆိုသည်။
ကျောက်တော်မြို့နယ်တွင် ယခုကဲ့သို့ သက်ဆိုင်ရာမှ ခေါ်ယူစစ်မေးမှုများကြောင့် ဒေသခံတချို့ ကြောက်လန့်၍ ထွက်ပြေး တိမ်း ရှောင်မှုများ ရှိနေကြကြောင်း၊ လက်ရှိအချိန်အထိ တောင်ဗွေရွာမှ အမျိုးသားတစ်ဦးကို ဖမ်းဆီးထားသည်ဟု ကြားသိရကြောင်း ကျောက်တော် ဒေသခံ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောပြသည်။
ထိုသို့ ခေါ်ယူစစ်မေးမှုများရှိသော်လည်း အရေအတွက် မည်မျှခေါ်ယူစစ်မေးနေသည်၊ လက်ရှိအချိန်တွင် မည်မျှဖမ်းဆီးထားပြီး ဖြစ် သည်ကိုတော့ စုံစမ်းစစ်ဆေးဆဲကာလ ဖြစ်သောကြောင့် မပြောနိုင်သေးကြောင်း ကျောက်တော်မြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ်မှူး က ပြော သည်။
“ခေါ်စစ်နေတယ် ဆိုတာကတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ခေါ်စစ်နေဆဲမို့လို့ မပြောနိုင်သေးပါဘူး။ ခေါ်စစ်လို့ မသက် ဆိုင်ဘူး ဆိုရင် ပြန်လွှတ်လိုက်ပါတယ်။ သံသယရှိတယ်ဆိုရင်တော့ ဖမ်းထားလိုက်ပါတယ်။ စစ်ဆေးဆဲပါ။ ဒီလောက်ပဲပြော နိုင်ပါသေး တယ်”ဟု ၎င်းက ပြောဆိုသည်။