မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကျပ် တသိန်း ဝန်းကျင်ရှိသည့် GSM နှင့် WCDMA မိုဘိုင်းဖုန်း ဆင်းမ်ကတ်များကို လာမည့် နှစ် ဆန်း ပိုင်းတွင် စတင် ရောင်းချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ ဆင်းမ်ကတ်များ ရောင်းချခြင်းသည် တတိယအကြိမ်မြောက် ဈေးနှုန်းလျှော့ချခြင်း ဖြစ်ပြီး အခုရေ ၁.၂၆ သန်း ဖြန့်ဖြူးသွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်း အင်ဂျင်နီယာချုပ်ထံမှ သိရသည်။
ယင်း ဖုန်း ဆင်းမ်ကတ်များ ထုတ်လုပ်ရာတွင် 3G ကွန်ရက်စနစ်ကို ထည့်သွင်းပေးမည်ဟုလည်း ဆိုသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် အဆိုပါ ဖုန်းဆင်းမ်ကတ် လိုင်းပေါင်း တသန်း ကျော်ကို ရတနာပုံ တယ်လီပို့ တယ်လီကွန်း ကုမ္ပဏီနှင့် ပူးပေါင်း ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။
လာမည့်နှစ်အတွင်း စတင်အသုံးပြုနိုင်တော့မည့် ဖုန်း ဆင်းမ်ကတ် ဈေးနှုန်းများသည် ကျပ် တသိန်း နှစ်သောင်း အများဆုံးနှင့် အနည်းဆုံး ကျပ် ရှစ်သောင်းဖြစ်လာနိုင်သည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်း အင်ဂျင်နီယာချုပ် က ပြောကြားသည်။
မိုဘိုင်းဖုန်း ဆင်းမ်ကတ် တခု၏ တန်ဖိုးကို ကျပ် ရှစ်သောင်းအထိ လျှော့ချပေးသည်ဟု ဆိုသော်လည်း နိုင်ငံတကာ နှုန်းထားများနှင့် နှိုင်းယှဉ်လျှင် များစွာ မြင့်မားလွန်းနေသေးသည်ဟု ပြည်တွင်း ကွန်ပျူတာပညာရှင် တချို့က ပြောသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်း အင်ဂျင်နီယာချုပ်ကမူ မိုဘိုင်းဖုန်း ဆင်းမ်ကတ် တခုကို ကျပ် တသိန်းနှင့် ရောင်းချရာတွင် ယခင် ဈေးနှုန်းဖြစ်သည့် ကျပ် ငါးသိန်းနှင့် ယှဉ်ပါက လေးသိန်း နစ်နာသဖြင့် နိုင်ငံတော်ဝင်ငွေ အဆများစွာ ထိခိုက်ကြောင်း ပြော ဆိုသည်။
ယခု မိုဘိုင်းဖုန်း ဆင်းမ်ကတ်တခုကို ကျပ်တသိန်းနှင့် ရောင်းချမည်ဆိုပါက ဝင်ငွေ ကျပ် သန်းနှင့်ချီ ရရှိနိုင်ကြောင်း၊ ဝန်ဆောင်မှုများမှာမူ ယနေ့အချိန်အထိ ညံ့ဖျင်းနေဆဲဖြစ်ကြောင်း နည်းပညာ နယ်ပယ်မှ စီးပွားရေး လုပ်ငန်းရှင်များနှင့် ပညာရှင်များ၏ ဝေဖန်မှုများလည်း ရှိနေသည်။
ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် မိုဘိုင်းဖုန်းဈေးနှုန်းများကို တကြိမ်တည်းဖြင့် အသက်သာဆုံးဖြစ်ရန် မဆောင်ရွက်ဘဲ တထစ်ချင်း လျှော့ချ လုပ်ကိုင်နေခြင်းကို သုံးစွဲသူများက စိတ်ပျက်နေကြသည့် အပြင် ဝန်ဆောင်မှု အနေဖြင့်လည်း နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်များ အလုံးအရင်းနှင့် ဝင်ရောက်လာပါက အဆင်မပြေနိုင်ကြောင်း မန္တလေး အခြေစိုက် ကွန်ပျူတာ လုပ်ငန်းရှင် တဦးကလည်း ပြောဆိုသည်။
ယခု လက်ရှိတွင် မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း အသုံးပြုသူ ဦးရေမှာ သုံးသန်းကျော် ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရ သည်။