လက်ပံတောင်းတောင် အကြမ်းဖက် ဖြိုခွင်းမှုနှင့် ပတ်သက်၍ ထိခိုက်ဒဏ်ရာရရှိခဲ့သော သံဃာတော်များကို သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ကိုယ်တိုင် အမြန်ဆုံး တောင်းပန်ရန် မန္တလေးမြို့မှ သံဃာတော်များက ယနေ့ နေ့လည်တွင် ထိုင်သပိတ်ဖြင့် ဆန္ဒထုတ်ဖော်၍ တောင်းဆိုခဲ့ကြသည်။
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ အိမ်တော်ရာ ဘုရားတွင် ရာနှင့်ချီသော သံဃာတော်များက လက်ရှိ အရပ်သား အစိုးရသစ်လက်ထက် ယင်းသို့ ဖြိုခွင်းမှုနှင့် ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့တွင် တာဝန် အရှိဆုံးဖြစ်သဖြင့် ၎င်းတို့ကိုယ်တိုင် တာဝန်သိသိဖြင့် အမြန်ဆုံးတောင်းပန်းသင့်ကြောင်း မိန့်ကြားသည်။
“ဒဏ်ရာရ သံဃာတွေကို တာဝန်အရှိဆုံးဖြစ်တဲ့ ဦးသိန်းစိန်နဲ့ အစိုးရ ပုဂ္ဂိုလ်တွေက အမြန်ဆုံး လာတောင်းပန်ဖို့လိုတယ်ဗျ။ ဒါ ပထမဆုံး လုပ်ရမယ့်အလုပ်။ ဒါပြီးမှ အကြမ်းဖက်တဲ့ ပုဂ္ဂိုလ်တွေကို မြန်မြန်ဆန်ဆန် ပွင့်လင်းမြင်သာမှုရှိရှိ အရေးယူပေးဖို့ လိုတယ်။ အခု ဒေါ်စု ဦးဆောင်တဲ့ ကော်မတီက ဒီအကြမ်းဖက်မှုကို ဖော်ထုတ်ဖို့ မပါဘူးလို့ ဦးပဉ္စင်းတို့ သိရတယ်၊ ဒါ အစိုးရက မတရားဘူး။ ဒါကြောင့် ဦးပဉ္ဇင်းတို့ ဆန္ဒထုတ်ဖော်နေရခြင်း ဖြစ်တယ်” ဟု ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်ပါဝင်သော သံဃာတော်တပါးက ဧရာဝတီသို့ မိန့်ကြားသည်။
အဆိုပါ သံဃာတော်များက အိမ်တော်ရာစေတီကို မျက်နှာမူကာ မေတ္တာသုတ် ရွတ်ဆိုခဲ့ကြပြီး နိုင်ငံတော် သမ္မတနှင့် အစိုးရအဖွဲ့က ထိခိုက်ဒဏ်ရာရ သံဃာများကို အမြန်ဆုံး လာရောက်ဝန်ချ တောင်းပန်ရန်၊ အကြမ်းဖက်နှိမ်နင်းမှုတွင် တာဝန်ရှိသူများအား ထိရောက်စွာ အရေးယူပေးရန်၊ ကြေးနီစီမံကိန်းနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသူများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။
ထို့အပြင် ကြေးနီစီမံကိန်းကို ဒေသခံများနှင့် ပြည်သူများ ကျေနပ်လက်ခံနိုင်အောင် ဆောင်ရွက်ပေးရန်နှင့် ဒီမိုကရေစီ အစိုးရ စစ်စစ်တရပ် ပေါ်ပေါက်လာရန်၊ နောက်နောင်တွင် ယခုကဲ့သို့ အကြမ်းဖက်မှုမျိုးမပေါ်ပေါက်စေရန်၊ လွှတ်တော်များနှင့် အစိုးရအဖွဲ့တွင် ပါဝင်လျက်ရှိသော တပ်မတော်သားများ အမြန်ဆုံးနှုတ်ထွက်ပေးရန် တို့ကိုပါ တောင်းဆိုခဲ့ကြသည်။
သံဃာတော်များက ၎င်းတို့၏ တောင်းဆိုချက်များကို အစိုးရဘက်မှ လုပ်ဆောင်ပေးမှု မရှိမချင်း သပိတ် ဆင်နွှဲသွားရန် ရှိပြီး ယခုလ ၈ ရက်နေ့နှင့် ၁၂ ရက်နေ့များတွင်လည်း ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်သွားရန်ရှိကြောင်း အကယ်၍ အဆိုပါရက်များ မတိုင်မီ အစိုးရက ပွင့်လင်းမြင်သာမှုရှိစွာ လုပ်ဆောင်မှုရှိပါက သပိတ် ရပ်တန့်မည်ဟု သိရသည်။
ယနေ့တွင်ပင် ရန်ကုန်မြို့တွင်လည်း ဆူးလေစေတီတော် ဝန်းကျင်တွင် သံဃာတချို့က လမ်းလျှောက်ပြီး လက်ပံတောင်း အကြမ်းဖက်မှု ဖော်ထုတ်အရေးယူပေးရေး၊ ဒဏ်ရာရ သံဃာတော်များကို အစိုးရက အမြန်ဆုံး တောင်းပန်ရေးနှင့် ဒဏ်ရာရ သံဃာတော်များကို လိုအပ်ချက်မရှိ ဆေးကုသပေးရန် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ရန်ကုန်မြို့ခံတချို့ကလည်း မီးလောင်ဒဏ်ရာ ရထားသော သံဃာတော်များ၏ ပိုစတာများကို ကိုင်ဆောင်ကာ သံဃာတော်များ အကြမ်းဖက်ခံရမှု ကာကွယ်ပေးရေး စာတမ်းပါ ပုံများကိုင်ဆောင်ကာ တာမွေဈေးမှ ယုဇနပလာဇာသို့ ချီတက် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
အလားတူ ရှမ်းပြည်နယ် တောင်ကြီးမြို့နှင့် ဧရာဝတီတိုင်း ဝါးခယ်မမြို့များတွင်လည်း မြို့ခံ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များ စုပေါင်းကာ ယင်းသို့ပင် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြပြီး အစိုးရအနေဖြင့် အကြမ်းဖက်မှုကို တောင်းပန်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိစွာ ဖော်ထုတ် အရေးယူခြင်း မရှိပါက ဆက်လက် ဆန္ဒဖော်ထုတ်ကြမည်ဟု ကြေညာလိုက်သည်။
မနက်ဖြန်တွင် မကွေးတိုင်း ချောက်မြို့ပေါ်ရှိ စာသင်တိုက်များမှ သံဃာတော်များ၊ မြို့ခံလူပုဂ္ဂိုလ်များက မြို့ပေါ်ရှိ အေးစေတီ ဘုရားဝန်းထဲတွင် လက်ပံတောင်း အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး အစိုးရကို ထပ်မံ ဆန္ဒဖော်ထုတ်သွားမည် ဖြစ်ကြောင်းနှင့် တခြား ပြည်နယ်နှင့် တိုင်းအချို့က မြို့ခံသံဃာများကလည်း ဆန္ဒထုတ်ဖော်မှု ပြုလုပ်သွားမည်ဖြစ်သည်ဟု ဦးဆောင် ဆရာတော်များက ဧရာဝတီသို့ မိန့်ကြားသည်။
၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှု စတင်ခဲ့သည့် ပခုက္ကူမြို့မှ သံဃာတော်များနှင့် လက်ပံတောင်းတောင် စီမံကိန်းဒေသ မုံရွာမြို့ခံ သံဃာတော်များက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကော်မတီအဖွဲ့နှင့် အစိုးရ တာဝန်ရှိသူတို့၏ ကိုင်တွယ်ဆောင်ရွက်မှုကို စောင့်ကြည်လိုကြောင်း အကယ်၍ ထူးခြားမှုမရှိခဲ့လျှင် နိုင်ငံလုံးဆိုင်ရာ သံဃာ့သပိတ် ဆင်နွှဲမည်ဟု တညီတညွှတ်တည်း ပြောဆိုကြသည်။
စစ်တပ်ကျောထောက်နောက်ခံ ဦးပိုင်ကုမ္ပဏီနှင့် တရုတ် ဝမ်ပေါင် ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်နေသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဖျက်သိမ်းရန် ဒေသခံများက သပိတ်စခန်းများဖွင့်၍ ဆန္ဒထုတ်ဖော်မှုကို ဝန်းရံပေးခဲ့သည့် သံဃာတော်များကို ယခင်လ ၂၉ ရက်နေ့ မနက် ၃ နာရီခန့်က အစိုးရ အာဏာပိုင်များက အကြမ်းဖက်ဖြိုခွင်းခဲ့သဖြင့် သံဃာနှင့် လူပုဂ္ဂိုလ် ၁၀၀ ခန့် မီးလောင်ဒဏ်ရာရခဲ့ပြီး တချို့မှာ ဆေးကုသမှု ခံယူနေရဆဲဖြစ်သည်။
ယင်းအကြမ်းဖက်မှုနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော်ရာ၌ ဦးဆောင်ခဲ့ကြသူများကိုလည်း အစိုးရက ဆက်တိုက် ဖမ်းဆီးမှုများရှိသည်။