တရုတ်ကုမ္ပဏီများသည် မြန်မာ အစိုးရနှင့် စာချုပ်စာတမ်းများအရ သဘောတူညီချက်ကာ လာရောက် ရင်းနှီးမြှုပ်နှံနေခြင်း ဖြစ်သောကြောင့် အစိုးရကသာ အဓိက တာဝန်ယူရမည် ဖြစ်ကြောင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသွားသည်။
နောက်ပိုင်းတွင်လည်း တရုတ်ကုမ္ပဏီများနှင့် ပြဿနာ ဖြစ်ပွားမှု မရှိစေရန် မည်သို့လုပ်ဆောင်သင့်သည်ကို ထွက်ပေါ်လာမည့် အစီရင်ခံစာတွင် ထည့်သွင်းသွားမည်ဟု သူက ဆက်ပြောသည်။
“ဒီကိစ္စ ပထမဦးဆုံး စလာတာက ပွင့်လင်းမြင်သာမှုမရှိလို့။ အခု ဒီမိုကရေစီဘက် ဦးတည်မယ် ဆိုရင် ပွင့်လင်းမြင်သာမှု ရှိရမယ်၊ တာဝန်ယူမှု ရှိရမယ်။ ဒီနှစ်ခုအပေါ်မှာ အခြေခံ လုပ်သွားမယ်ဆိုရင် ဒီပြဿနာတွေက ပေါ်လာမှာ မဟုတ်ပါဘူး။ ကျမတို့ရဲ့ အကြံပြုချက်တွေထဲမှာ ဒီလိုပြဿနာတွေ နောက်မရှိအောင်လို့ ဘယ်လို လုပ်သင့်တယ် ဆိုတာပါရပါလိမ့်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ထို့အပြင် စုံစမ်းစစ်ဆေးရေး ကော်မတီမှ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပက်သက်ပြီး ဒေသခံများ အပါအဝင် စီမံကိန်း တာဝန်ရှိ ကုမ္ပဏီ ဘက်ကပါ ညှိနှိုင်းဆွေးနွေးကာ အပေးအယူ လုပ်ရမည်ဖြစ်ကြောင်း၊ နှစ်ဘက်စလုံးမှ ပျော့ပြောင်းမှု၊ နားလည်မှု ရှိရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
အပေးအယူ မရှိဘဲ၊ မဆွေးနွေး မတိုင်ပင်ဘဲနှင့် မိမိတို့ လုပ်ချင်သည်ကို လုပ်ဆောင်နေမည် ဆိုလျှင် ဒီမိုကရေစီ စိတ်ဓာတ် မဟုတ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဒီမိုကရေစီ စိတ်ဓာတ်ရှင်သန်စေရန် ကြိုးစား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သူက ဆက် ပြောသည်။
လက်ပံတောင်းတောင် သပိတ်ကို အာဏာပိုင်များက အကြမ်းဖက် ဖြိုခွင်းခဲ့မှုကြောင့် မြန်မာနိုင်ငံ တဝန်းတွင် ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပွားနေသကဲ့သို့၊ ဖမ်းဆီးအရေးယူမှုများလည်း ရှိလာကြောင်း၊ ထို့ကြောင့် ၎င်းအနေဖြင့် ထိုသို့ ဆန္ဒ ပြမှုများသည် မည်သည့်အတွက် ပြနေသည်ကို သိလိုကြောင်း မေးခွန်းထုတ်သည်။
မည်သည့်အတွက် ဆန္ဒပြကြသည်ကိုသိလျှင် ၎င်းဆန္ဒပြကြ သူများ၏ လိုအပ်ချက်၊ သဘောထားကို နားလည်မှုရှိလျှင် အဆင်ပြေစေရန် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
လက်ရှိအချိန်အထိ သပိတ်စခန်းများတွင် ဖမ်းဆီးထားသူများ မရှိသေးကြောင်း၊ ရန်ကုန်ဘက်တွင် ဖမ်းဆီးထားသူများ ရှိနေရာ ယင်းကိစ္စရပ်နှင့် ပက်သက်ပြီး စုံစမ်းထားသည်များ ရှိကြောင်း၊ ရဲတပ်ဖွဲ့နှင့်လည်း ဆက်သွယ်မှုများရှိကြောင်းနှင့် လုပ်သင့်လုပ်ထိုက်သည်ကို ဆက်လက် လုပ်သွားမည် ဖြစ်ကြောင်း သူက ဆိုသည်။
“ကျမတို့အနေနဲ့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် တရားဥပဒေ စိုးမိုးရေးကို ဦးထိပ်ထားမယ်။ ဒါပေမယ့်လည်း နားလည်မှုနဲ့ အားလုံး အဆင်ပြေရေးကို ဦးတည်ပြီး လုပ်သွားမှာပါ” ဟု ဆိုသည်။
လက်ရှိ ဒဏ်ရာရနေသော သံဃာတော်များ၏ ဆေးရုံ မှတ်တမ်းစာအုပ်တွင် ရာဇဝတ်မှုတံဆိပ် အတပ်ခံရမှုနှင့် ပက်သက်ပြီး သပိတ်စခန်းဖွင့်စဉ်က တရုတ်ကုမ္ပဏီဘက်က ဝန်ထမ်းတဦးကို ပြန်ပေးဆွဲသော အမှုဖြစ်ခဲ့ကြောင်း၊ ပစ္စည်းများ ပျက်စီးသည့် ကိစ္စများလည်း ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ရဲအမှုဖွင့်ခဲ့သည်ကို သိရှိခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဆက်လက်ဖမ်းဆီးမှုများမရှိရန် မုံရွာတွင်သဘောတူညီ ခဲ့သည့်အတိုင်း မုံရွာတွင် ဆက်လက် ဖမ်းဆီးမှုများ မရှိကြောင်း သိရသည်။
လက်ရှိ ကြေးနီစီမံကိန်းသည် ၁၉၈၄ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ လက်ထက်ကတည်းက စီမံကိန်းဖြစ်သော ကြောင့် မိမိ၏အမြင်တွင် နိုင်ငံ၏ ကိစ္စရပ်များကို နိုင်ငံသူ နိုင်ငံသားအားလုံးက သက်ဆိုင်သည့် စိတ်ဓာတ်ထားစေချင် ကြောင်း၊ အခွင့်အရေးတခုတည်းကို ကြည့်၍မရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မည်သည့်အစိုးရက လုပ်ခဲ့သည့်အတွက် မိမိနှင့်မသက်ဆိုင် ဆိုသော စိတ်ဓာတ်မထားသင့်ကြောင်း၊ နိုင်ငံသူ နိုင်ငံသားများ၏ အခွင့်အရေးကို လိုချင်လျှင် နိုင်ငံသူ နိုင်ငံသားများ၏ တာဝန်ကို ထမ်းဆောင်ရန် ဝန်မလေးသင့်ကြောင်း ၎င်းက ဆက်ပြော သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အလုပ်များသည် မည်သည့် ပုံစံမျိုးဖြင့် လုပ်နေသည်၊ အသုံးပြုနေသော နည်းပညာများ သည် အကောင်းဆုံးပုံစံမျိုးဖြင့် လုပ်နေခြင်းရှိမရှိ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအမြင်များနှင့် ကိုက်ညီမှုရှိမရှိ၊ သပိတ်စခန်း များကို ဖြိုခွဲမှုများ စသည့်ကိစ္စရပ်များကို အစိုးဘက်နှင့် လုံး၀ ပါဝင်စိစစ်သွားမည် မဟုတ်ဘဲ ပြင်ပ ပညာရှင်များနှင့်သာ စုံစမ်းစစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။
သို့ရာတွင် စုံစမ်းစစ်ဆေးရေး ကော်မတီမှ ထွက်ပေါ်လာမည့် အဖြေသည် ပြည်သူအားလုံး ကျေနပ်သော အဖြေ ဖြစ်လာနိုင် မည် မဟုတ်ကြောင်း၊ ကော်မရှင်၏ ရည်ရွယ်ချက်သည် အမှန်တရားကို ဖော်ထုတ်ရန်သာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ဆိုသည်။
“အကြံပြုချက်တွေ ပေးတဲ့အခါ နိုင်ငံရဲ့ ရေရှည်အကျိုးစီးပွား၊ ပြည်သူတွေရဲ့ ရေရှည်အကျိုးစီးပွားနဲ့ ဒီမိုကရေစီ ခိုင်မာရေးရဲ့ အကျိုး စီးပွားတွေကို ကြည့်ပြီးတော့ လုပ်ပါ့မယ်။ မြင်ရင်မြင်တဲ့အတိုင်း အဖြေကို တင်ပြပါ့မယ်။ အဖြစ်ကို အဖြစ် အတိုင်း ကျမတို့ တင်ပြမှာပဲ။ အဲဒါကို ကျေနပ်တဲ့လူကလည်း ရှိမယ်၊ မကျေနပ်တဲ့လူကလည်း ရှိမယ်” ဟု သူက ပြောသည်။
ကော်မရှင်၏တာဝန်က အမှန်တရားကိုဖော်ထုတ်ရန်နှင့် အဆိုပါအမှန်တရားကိုအခြေခံပြီး နိုင်ငံအကျိုး၊ တိုင်းသူပြည်သား များအကျိုးအတွက် အကောင်းဆုံးဖြစ်မည့် အကြံပြုချက်များကို မှန်မှန်ကန်ကန် ရဲရဲဝံ့ဝံ့ တင်ပြရန်သာ ဦးတည်သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။
သပိတ်စခန်းကို ဖြိုခွဲခဲ့မှုနှင့် ပက်သက်ပြီး ရဲများအနေဖြင့် အထက်မှ အမိန့် ပေးသောကြောင့်ဟု ပြောဆိုမှုများ ရှိနေကြောင်း၊ ယခုအချိန်တွင် မည်သူ့ကိုမျှ အပြစ်မဖို့ လိုကြောင်း၊ စုံစမ်းစစ်ဆေးရေးတွင် တိတိကျကျ အဖြေမပေါ်မခြင်း မည်သူ့တွင် တာဝန်ရှိသည်ကို မပြောချင်သေးကြောင်း ၎င်းက ဆိုသည်။
“ဟိုလူ့ကိုအပြစ်ဖို့သလို၊ ဒီလူ့ကို အပြစ်ဖို့သလို ဖြစ်နေမှာစိုးလို့ပါ။ ဘာပဲဖြစ်ဖြစ် ဒီအချိန်မှာ ဘယ်သူ့မှ အပြစ်မရှိဘူးလို့ တရားဥပဒေရဲ့ သဘောတရားအရ သတ်မှတ်မယ်။ စုံစမ်းလို့ သက်သေစုံလင် ရင်တော့ ဘယ်သူ့မှာ အပြစ်ရှိတယ် ဆိုတာ မြင်ရင် မြင်သလို ဖော်ပြပါ့မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောကြားသည်။
ယခုဖြစ်ပျက်ခဲ့သော အခြေအနေများသည် နောက်ကြောင်းပြန်လှည့်နိုင်သည်၊ မလှည့်နိုင်သည်က နိုင်ငံသူနိုင်ငံသားများ အားလုံး၏ လက်ထဲတွင်သာ ရှိကြောင်းလည်း သူက ပြောသည်။
ကော်မရှင်အနေဖြင့် မီးလောင်မှုများနှင့် ပက်သက်ပြီး သက်သေခံ ပစ္စည်းတချို့ကို ရထားကြောင်း၊ နောက်ထပ်ရရှိရန် စုဆောင်းနေဆဲ ဖြစ်ကြောင်းနှင့် တတ်နိုင်သမျှ ထပ်မံရရှိရန် ကြိုးစားနေသကဲ့သို့ ရရှိပြီးဖြစ်သော ပစ္စည်းများကို အခြေပြုကာ ပညာရှင်များနှင့် အဖြေထုတ်သွားမည်ဟု သိရသည်။
ထိုလက်နက်များသည် တရုတ်နိုင်ငံမှ ထုတ်လုပ်ခြင်း ဟုတ်မဟုတ်ကို စုံစမ်းဆဲကာလ ဖြစ်သောကြောင့် အဖြေမပေးနိုင် သေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ကျွမ်းကျင်သူများသာ မည်သည့်ဒေသက လာသည်၊ မည်သည့် အခြေအနေ ရှိသည်ကို ပြောနိုင်မည် ဖြစ်ပြီး အဖြေထွက်လာလျှင် သိနိုင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပက်သက်ပြီး ဗိုလ်ချုပ်ဟောင်းများ ပါဝင်သော ဦးပိုင်ကုမ္ပဏီက အဓိက ပါဝင်နေ သောကြောင့် စုံစမ်းစစ်ဆေးမှုများတွင် အခက်အခဲ ဖြစ်နိုင်မည်မဟုတ်ကြောင်း သူက ဆိုသည်။
“ဗိုလ်ချုပ်ဟောင်းတွေရဲ့စီးပွားရေးပါနေလို့ ခက်ခဲတာမျိုး လုံးဝမရှိနိုင်ပါဘူး။ တွေ့ရှိချက်ကို တွေ့ရှိချက် အတိုင်းပဲ ဖော်ထုတ် မှာပါ။ ဘယ်သူ့ကိုမှ ကာကွယ်ဖို့လည်း မဟုတ်ဘူး။ ဘယ်သူ့ကိုမှလည်းမြှောက်စားဖို့ မဟုတ်ဘူး” ဟု ၎င်းက ပြောသွားသည်။