မစပ်စုတို့ တိုင်းပြည်ကြီးရဲ့ ဒီမိုကရေစီ ဝိုးတိုးဝါးတား အခြေအနေမှာပဲ တချို့နေရာတွေမှာတော့ ဒီမိုကရေစီ အပြည့် ရနေတယ်လို့ ဆိုရမလို ဖြစ်နေပါပြီ။
မြန်မာပြည်ရဲ့ စာပေပိုင်းမှာ လိင်ပိုင်းဆိုင်ရာ ကိစ္စရပ်ကို ပွင့်ပွင့်လင်းလင်း အသားပေး ရေးသားဖော်ပြလာကြတဲ့ နည်းတူ ဗီစီဒီ ကာရာအိုကေတွေ မှာပါ ဒါရိုက်တာတွေ၊ ဖန်တီးသူတွေရဲ့ ပွင့်လင်းတဲ့ ရိုက်ချက်တွေ၊ သရုပ်ဆောင် စုံတွဲတွေရဲ့ သက်ဝင် လှုပ်ရှားမှုတွေဟာလည်း ပွင့်လင်းမှုနဲ့ ရင်းနှီးထိတွေ့မှု နည်းနေသေးတဲ့ မစပ်စုတို့ တိုင်းပြည်ကြီးအတွက် တော်တော်လေး မျက်စိ ဆံပင်မွှေး စူးစရာ ကိစ္စရပ်တွေလို ဖြစ်နေတယ်လို့ သိရပါတယ်။
ဒါတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက ခေါ်ယူ သတိပေး တားမြစ် ကန့်သတ်လာရတဲ့ အထိ ဖြစ်ပေါ်နေတာပါ။
တချို့ တေးသီချင်းတွေ၊ အထူးသဖြင့် လူငယ်ကြိုက် ဟစ်ပ်ဟော့ပ်ဂီတ သီချင်းစားသားတွေမှာ ဆိုရင်လည်း သုံးနှုန်းလာတဲ့ အသုံးအနှုန်းတွေဟာ တော်တော်လေး ပွင့်လင်းစွာ သုံးနှုန်းလာတာပါ။ သိပ်မကြာသေးခင် ကာလလောက်ကတည်းက ပြည်တွင်း ပရိသတ်တွေအကြား နည်းနည်း လှုပ်ခတ်သွားခဲ့တဲ့ သီချင်း တပုဒ်ရှိပါတယ်။ အခုတော့ ပြည်တွင်းကနေ ပြည်ပကိုပါ ကူးစက်လာတယ်လို့ ဆိုရမှာပါ။
သီချင်း နာမည်က “အိမ်ကွင်းအဝေးကွင်း” ဖြစ်ပြီး သြရသနဲ့ စောသက်တို့ စုံတွဲသီဆိုထားပါတယ်။ တေးရေးကတော့ သြရသပါ။ ဒီသီချင်းကို “အပြာသီချင်း” လားလို့ ပရိသတ်က မေးရတဲ့အထိ ပြည်တွင်းထဲမှာ လှုပ်ခတ်သွားခဲ့လို့ တေးရေးတေးဆို သြရသ ကိုယ်တိုင် ပြည်တွင်းထုတ် 7day news ဂျာနယ်မှာ ပရိတ်သတ်ကို တောင်းပန်ခဲ့ရ ပါသေးတယ်။
ဆယ်ကျော်သက်၊ နှစ်ဆယ်ကျော်သက်တို့ အကြား စပွန်ဆာ ဦးဦး၊ ကိုကို၊ ဒေါ်ဒေါ်၊ မမ တို့ ခေတ်စားနေတဲ့ မစပ်စုတို့ တိုင်းပြည်မှာ ပရိသတ် အထင်မှားလည်း မှားချင်စရာလို့ ဆိုရမလိုပါပဲ။ သီချင်းစားသားတွေက “သုံးရက်ကြာမှ တခေါက်လာတယ်။ မင်းစိတ် ရှိရင်ပေါ့၊ အိမ်ကွင်းလေး ရိုးသွားရင် နင် အဝေးကွင်းပြောင်း၊ နင် အဝေးကွင်း ရိုးသွားရင် အိမ်ကွင်းလေးပြောင်း” ပါတဲ့။
ဒါနဲ့တင် မပြီးသေးပါဘူး။ မိန်းကလေး သီဆိုသူက “ကောင်းလား အစ်ကို” ဆိုတဲ့ အမေးကို ယောကျာ်လေး အဆိုရှင်က “ကောင်းတယ်” လို့ အမေးအဖြေတွေနဲ့ နောက်ဆုံး မိန်းကလေးက “ကောင်းရင် ကောင်းတယ်မှတ်” လို့ ဆိုထားလေတော့ ပရိသတ်နားထဲ ဘယ်လို ဝင်သွားသလဲ ဆိုတာ မစပ်စု ပြောနေဖို့ လိုမယ်မထင်ပါ။ သူ့ MTV ကိုတော့ ဘောလုံး ကစားကွင်း နောက်ခံနဲ့ ရိုက်ကူးထားတာပါ။
“အများကြီးတွေးလို့ရတဲ့ Message ကို ပေးလိုက်တာပါ။ ကျနော်က သီချင်းကို မျိုးစုံရေးတယ်။ နောက်နောင်ကိုလည်း ဆင်ခြင် ရေးပါ့မယ်။ ဝေဖန်တဲ့ ပရိသတ်ကြီးကိုလည်း အရမ်းကို ကျေးဇူးတင်ပါတယ်။ ဒီလိုမျိုး ပုံစံ နောက်နောင် မရေးတော့ပါဘူး။ အမှားပါရင် ခွင့်လွတ်ပါ” ဆိုပြီး တေးရေး တေးဆို သြရသက မစပ်စုတို့ ဧရာဝတီ သတင်းဌာနက တဆင့် တောင်းပန်လိုက် ပြန်ပါတယ်။
ဒီသီချင်းကို ဝေဖန်တဲ့သူတွေရှိသလို ကြိုက်နှစ်သက်လို့ တောင်းဆိုကြတဲ့ ပရိသတ်ကလည်း အများသားလို့ ဆိုပါတယ်။ အထူးသဖြင့် နယ်ရှိုးပွဲတွေမှာ ပရိသတ် တောင်းဆိုမှုများတယ်လို့လည်း သိရပါတယ်။
“ကျနော် နယ်တွေ ရောက်ရင် အဲဒီသီချင်း လုံးဝမဆိုဘူး။ ဒါပေမယ့် အခု ကျနော် ဒီ သီချင်းကို ဆိုရတာ ပွဲ ၃၀ ရှိပြီ။ နောက် ဒီသီချင်းလေးက အပိတ်သီချင်းလေး ဖြစ်နေပြီ။ ပွဲတွေမှာ ကျနော် ဒီသီချင်းလေး ဆိုချင်ပါတယ်၊ အစ်ကိုတွေ အစ်မတွေ ခွင့်ပြုပေးပါဆိုပြီး ခွင့်တောင်းပြီးမှ ဆိုပါတယ်။ သင်္ကြန်တုန်းက ဆိုရင် တနေ့ကို ၄ ခေါက်ဆိုရတယ်။ မဆိုရင် အောက်က ပြောတယ်။ အဆိုး အကောင်းပေါ့။ ယောကျာ်လေးတွေက အကုန်ကြိုက်တယ်။ မိန်းကလေးတွေ ဘက်ကတော့ မပြောတတ်ဘူး” လို့ သြရသက ပြောပါတယ်။
ဒီသီချင်းကို စုံတွဲ သီဆိုပေးတဲ့ အဆိုတော် စောသက်က ဒီသီချင်းနဲ့ပတ်သက်လို့ ဝေဖန်မှုတွေကို ဖြေခဲ့ရတာလည်း များခဲ့ပြီ ဖြစ်ပြီး ဒီသီချင်းကို သီဆိုစဉ်က စိတ်သန့်သန့်နဲ့ ဆိုဖြစ်ခဲ့တာပါလို့ ဆိုပါတယ်။
“ကျမတို့ သီချင်းထက် ညစ်ညမ်းတဲ့ သီချင်းတွေ အများကြီးပါ။ ကျမ သီချင်းက ညစ်ညမ်းတဲ့ သီချင်းလည်း မဟုတ်ဘူး။ ဒါပေမယ့် အခုလိုမျိုး ဂရုစိုက် ခံရတဲ့အခါ စောသက်အတွက် ဒီအခွေလေးက ပရိသတ် နှစ်သက်လို့၊ စိတ်ဝင်စားလို့လို့ မြင်သွားတယ် ပေါ့နော်။ အဲဒီအတွက် ဝမ်းသာတယ် ကျေလည်း ကျေနပ်ပါတယ်။ ကျမ ဆိုတုန်းကတော့ ဒီသီချင်းလေးကို စိတ်ထဲက သန့်သန့် ရှင်းရှင်းလေးနဲ့ အပျော်လေးနဲ့ပဲ စိတ်ရှင်းရှင်းနဲ့ ဆိုလိုက်တာပါ။ ညစ်ညမ်းတယ်လို့ မခံစားရပါဘူး။ ဘာပဲဖြစ်ဖြစ် ပထမ အခွေတွေမှာ ဒီလောက် အားပေးမှု မရခဲ့ဘူး။ အခု ဒီ ၃ ခွေမြောက် အခွေလေးမှာမှ အားပေးတဲ့အတွက် ဝမ်းသာပါတယ်။ ပရိသတ်ကိုလည်း ကျေးဇူးတင်ပါတယ်။ ဝေဖန်ပေးတဲ့ သူတွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။
“အိမ်ကွင်း အဝေးကွင်း” ဆိုတဲ့ သီချင်းနာမည်အပြင် “ကောင်းလား အစ်ကို” ဆိုတဲ့ နာမည်နဲ့ပါ လူသိများတဲ့ ဒီသီချင်းဟာ ၂၀၁၂ သင်္ကြန်မတိုင်ခင်က ထွက်ရှိလာခဲ့တဲ့ အဆိုတော် စောသက်ရဲ့ တတိယမြောက် တေးစီးရီး ဖြစ်တဲ့ “ရင်ဘတ်ကြီးက
တောင်းဆိုလို့” ဆိုတဲ့ စီးရီးမှာ ပါဝင်တာပါ။
ဒီသီချင်းကို နားထောင်ရတဲ့ လူငယ်ပရိသတ်တဦးက “ဒီသီချင်းကို ဆိုတာ၊ ရေးတာ၊ နားထောင်ရတာတွေက ဘယ်သူ့ကိုမှ မထိခိုက်ပါဘူး။ ဒါပေမယ့် ဒီမိုကရေစီကို မယဉ်ပါးသေးတဲ့ သူတွေအတွက် ဒီဟာက အထူးသဖြင့် ယောကျာ်လေးတွေက မိန်းကလေးတွေအပေါ် သရော်တဲ့ စာသားတခုအနေနဲ့ သီဆိုပြီး မိန်းကလေးတွေကို အနေကျုံ့ စေတာမျိုး ဖြစ်လာမှာကိုပဲ စိုးရိမ်တာပါ” လို့ သုံးသပ်ပါတယ်။
မြန်မာပြည်သူ ပြည်သားတွေ လွတ်လပ်သင့်တဲ့ နေရာနဲ့ ပွင့်လင်းသင့်တဲ့ နေရာကို မှန်ကန်စွာ အသုံးချတတ်ပါစေလို့ ဆန္ဒ ပြုလိုက်ပါတယ်။
အိမ်ကွင်း၊ အဝေးကွင်း သီချင်း link ပါ။