သတင်း

ရခိုင် ပဋိပက္ခ မျိုးတုံးသတ်ဖြတ်ခြင်းမျိုး မဟုတ်ဟု ဒေါက်တာ စိုင်းမောက်ခမ်း ပြော

This article has been converted from Zawgyi One to Unicode

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများသည် လူမျိုးတုံး သတ်ဖြတ်ခြင်းဖြစ်စေရန် ကြိုးပမ်းမှုမျိုးမဟုတ်ကြောင်း ဒု သမ္မတ  ဒေါက်တာ စိုင်းမောက်ခမ်းက ပြောဆို လိုက်သည်။

လူမျိုးစု မျိုးနွယ်တုံးရန် ကြိုးပမ်းမှုပုံစံမျိုး သတင်း၊ ထင်ယောင်ထင်မှား ရေးသား တင်ပြမှုများရှိခဲ့ပြီး ယင်းတို့သည် အမှန်တရားနှင့် လုံးဝဆန့်ကျင်နေသည်ဟူသော ဒေါက်တာ စိုင်းမောက်ခမ်း၏ ပြောကြားချက်ကို တနင်္ဂနွေနေ့က မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ဒေါက်တာ စိုင်းမောက်ခမ်းသည် ဒီဇင်ဘာ ၇ ရက်နေ့က ရခိုင်ပြည်နယ်သို့ သွားရောက်ပြီး ဒေသခံ ဒုက္ခသည်များနှင့် တွေ့ဆုံ၍ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရန် ဆောင်ရွက်သည့် ခရီးစဉ်အတွင်း၌ ထိုသို့ ပြောကြား သွားခြင်း ဖြစ် သည်။

နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း အယ်လ်ဂျာဇီးရာ သတင်းဌာန က ထုတ်လွှင့်မည့် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်သည့် ရုပ် သံ သတင်း အစီအစဉ်၌ဖော်ပြမည်ဖြစ်သော ရိုဟင်ဂျာ(ဘင်္ဂါလီ)များကို လူမျိုးတုံးစေရန် သတ်ဖြတ်လုပ်ဆောင်နေသည် ဆိုသော သတင်းမှတ်တမ်း ကို ကန့်ကွက်ကြောင်း ဒီဇင်ဘာ ၆ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ထားသည်။

အယ်လ်ဂျာဇီးရာ သတင်းဌာနသည် ရခိုင်အရေးနှင့် ပတ်သက်သည့် ရုပ်သံ သတင်း အစီအစဉ်ကို ဒီဇင်ဘာ ၉ ရက်မှ ၁၃ ရက် အထိ အင်္ဂလိပ် ဘာသာဖြင့် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း ကြေညာထားပြီး လက်ရှိတွင် The Hidden Genocide အမည်ဖြင့် ပြ သလျက် ရှိသည်။ ဒီဇင်ဘာ ၈ ရက်မှ ၁၂ ရက်အထိ အာရပ်ဘာသာဖြင့် ထုတ်လွှင့်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံသို့ ပြီးခဲ့သည် အပတ်အတွင်းက ရောက်ရှိလာသော ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေး ဆိုင်ရာ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် ဗယ်လာရီ အေးမို့စ်က“မျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ စကားလုံးမျိုးတော့ အသေအချာ မလေ့ လာ မစုံစမ်းဘဲနဲ့တော့ မပြောသင့်ပါဘူး။ ကျမကတော့ ရခိုင်ပြည်နယ်မှာ နေတဲ့ လူမှု အဖွဲ့အစည်း အချင်းချင်း မသင့်မြတ် ရာက ဖြစ်လာတဲ့ အကြမ်းဖက်မှုလို့ပဲ မြင်ပါတယ်”ဟု ပြောဆို သည်။
ဗယ်လာရီ အေးမို့စ်က ၎င်းသွားရောက်လေ့လာခဲ့သည့် ရခိုင်ပြည်နယ် ခရီးစဉ်နှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၇ ရက်နေ့က ရန်ကုန်မြို့၌ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ထိုသို့ပြောကြားခြင်း ဖြစ်သည်။

ဒီဇင်ဘာ ၈ ရက်နေ့တွင် ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးရုံး၌ ရခိုင်ပြည်နယ် အခြေအနေနှင့်စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲ ကျင်း ပ ရာ နယ်စပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးက ရှင်းလင်းပြောကြားသည်။

ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးက“အယ်ဂျာဇီးရာ ဆိုတာ သတင်းဌာန တခုပဲ ဖြစ်ပါတယ်။ သူကလည်း သူပုံဖော်ချင်တဲ့ ကိစ္စတွေပုံဖော် တာပါ။ သူပြောတဲ့ဟာတွေ အားလုံး အမှန်တွေ မဟုတ်ပါဘူး”ဟု ပြောသည်။

ရခိုင်ဒေသ အဖြစ်အပျက်သည် လူမျိုးရေး၊ ဘာသာရေးနှင့် မသက်ဆိုင်ကြောင်း၊ နိုင်ငံရေး မျှော်မှန်းချက်များကို မိမိလိုလားသည့် ပုံသဏ္ဍန်များ ဖြစ်လာရန် မီဒီယာနှင့် ဖန်တီးခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်၌ ၁၉၈၀ ပြည့်နှစ်တွင် ဘင်္ဂါလီလူမျိုး၂ သိန်းခွဲရှိပြီး၂၀၁၂ ခုနှစ်၌ ၁၀ သိန်း ဖြစ်လာခဲ့ကြောင်း၊ မောင်တော ဒေသတွင် ဘင်္ဂါလီ ၉၄ ရာခိုင်နှုန်း၊ ရခိုင် ၆ ရာခိုင်နှုန်းရှိ၍ လက်ရှိ အခြေအနေတွင် လုံခြုံရေးနှင့် စားဝတ်နေရေး မူလ အခြေအနေသို့ ပြန် လည် ရောက်ရှိနေပြီ ဖြစ်ကြောင်း ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးက ဆက်ပြောသည်။

ပြည်ထဲရေး ဝန်ကြီးဌာန ဒုဝန်ကြီး ရဲချုပ် ကျော်ကျော်ထွန်းကလည်း“မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရယ်၊ တပ်မတော်ရယ် ပူးပေါင်းပြီးတော့မှ လူမျိုးစု နှစ်ခုအဆင်ပြေ နေထိုင်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးထားပါတယ်။ လက်ရှိအခြေအနေမှာတော့ တဖွဲ့နဲ့တဖွဲ့၊ တဦးနဲ့ တဦးက လုံခြုံရေးတွေ ကြားထဲကနေပဲ အဆင်ပြေအောင် နေထိုင်နိုင်တဲ့ အနေအထားမျိုး ရှိပါတယ်။ ရေရှည်အတွက် ဒီထက်ပိုပြီး ကောင်းမွန်အောင် ဆက်လက်ပြီး ဆောင်ရွက်သွားမယ်”ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

နယ်စပ်ဒေသ ဆိုင်ရာ အစိုးရပိုင်း၏ လုပ်ထုံးလုပ်နည်းများနှင့် ဒေသခံများ၏ လိုက်နာ ကျင့်သုံးရမည့် စည်းမျဉ်းစည်းကမ်းပိုင်း ဆိုင်ရာများနှင့်ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီကလည်း ရှင်းလင်း ပြောကြားသည်။

“နိုင်ငံသားရယ်လို့ ဖြစ်သွားရင် လွတ်လပ်စွာ သွားလာခွင့်ရှိတာ မှန်ပါတယ်။ ရခိုင်ဒေသမှာရှိတဲ့ ပုဂ္ဂိုလ်တွေ အတွက်ကျတော့ ခရီးသွားတဲ့အခါ အဆင့်ဆင့်တိုင်ကြားပြီး သွားရတာ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်ပါ။ နယ်စပ်ခြင်းဆက်စပ်ပြီး ခွဲခြားရန်ခက်ခဲတဲ့ ဒေသတွေမှာ မြို့နယ်၊ ခရိုင်၊ တိုင်းကျော် ခရီးသွားမယ်ဆိုရင် ခွင့်ပြုချက်ယူရတာဟာ သူ့နိုင်ငံသား၊ ကိုယ့်နိုင်ငံသား မှားမှာ စိုးရိမ် ရသည့် အတွက် ဖြစ်တယ်”ဟု ဦးခင်ရီက ပြောဆိုသွားသည်။

ရမ်းဗြဲမြို့နယ် ကျောက်နီမော် ဒေသမှ မသီတာထွေး အသတ်ခံရမှု နှင့်ဆက်စပ်၍ ဇွန်လဆန်းမှ စတင်ခဲ့သော ရခိုင်ဒေသတွင်း ပဋိပက္ခများကြောင့် သေဆုံးသူ ၈၀ ဝန်းကျင်၊ ဒဏ်ရာရသူ ၁၁၂ ဦး၊ လူနေအိမ် ၅၀၀၀ ဝန်းကျင်၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်း၊ စာသင်ကျောင်း ၃ ကျောင်း၊ ဗလီ ၁၇ ခု ပျက်စီးခဲ့ကြောင်း နယ်စပ်ရေးရာ ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေး က ဇူလိုင်လ ၃၀ ရက် နေ့ သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

ရခိုင် ပဋိပက္ခများနှင့် ပတ်သက်၍ ဖော်ထုတ်ရန် စုံစမ်းရေး ကော်မရှင်အဖွဲ့အား သာသနာရေး ဦးစီးဌာန ညွန်ချုပ် အငြိမ်းစား ဒေါက်တာ မျိုးညွန့် ဦးဆောင်ပြီး ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များ၊ အစ္စလမ် ဘာသာရေး ခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ ပညာရှင်များ စသည့် ၂၇ ဦးဖြင့် သြဂုတ်လ ၁၇ ရက်နေ့တွင် သမ္မတ က တာဝန်ပေးဖွဲ့စည်းခဲ့သည်။ ယင်း စုံစမ်းရေးကော်မရှင် ၏ တွေ့ရှိချက်များကို သမ္မတထံ ပြန်လည်တင်ပြရမည် ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းကလည်း ရခိုင်ပြည်နယ်၌ တကျော့ပြန် ပဋိပက္ခဖြစ်ပွားခဲ့ပြီး လူ ၁၀၀ ကျော် သေဆုံးခဲ့သေး သည်။

Loading