လက်ပံတောင်းတောင် စီမံကိန်း ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွဲမှုနှင့် ပတ်သက်ပြီး နိုင်ငံတဝန်း မြို့ကြီးများ၌ ယနေ့ နေ့လယ် ပိုင်းမှ စတင်၍ သံဃာတော် များနှင့် လူပုဂ္ဂိုလ်များက ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ကြသည်။
ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပြည်၊ ပခုက္ကူ၊ စစ်တွေ၊ ကလေး အစရှိသည့်မြို့များတွင် သံဃာတော်များ ဦးဆောင်၍ မြို့တွင်းလှည့်လည် မေတ္တာသုတ် ရွတ်ဆိုပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။
ရန်ကုန်မြို့တွင် ဗုဒ္ဓသာဝက ရဟန်းပျိုများအဖွဲ့ ဦးဆောင်သော သံဃာတော်အပါး ၃၀၀ ကျော်နှင့် လူအင်အား ၇၀၀ ခန့်က ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ကြေးသွန်း ရုပ်ပွားတော်ကြီးအနီးမှ စတင်ကာ “မြန်မာပြည်သူပြည်သားများ ကျန်းမာချမ်းသာပါစေ” ၊ “ခန္တီနှလုံး အစဉ်သုံးသော သံဃာထု၏ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှု” နှင့် “အကြမ်းဖက်မှုရပ်” ဟုပါရှိသည့် ပိုစတာများကိုင် ဆောင် ၍ မြို့တော်ခန်းမအနီး ဆူးလေ စေတီသို့ ချီတက် ဆန္ဒထုတ်ဖော်ခဲ့သည်။
ဆန္ဒပြ သံဃာတော်များက လက်ပံတောင်း အကြမ်းဖက်ဖြိုခွဲမှုနှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတ အနေနှင့် သံဃာထု တရပ်လုံး ကျေနပ်စေရန် ပွင့်လင်းမြင်သာစွာ တောင်းပေးရေး၊ ဖမ်းဆီးခံရသူ ရဟန်းရှင်လူ အားလုံးကို ခြွင်းချက် မရှိပြန်လွှတ်ပေးရေး၊ တာဝန် ရှိသူအားလုံးကို ဖော်ထုတ်အရေးယူ ပေးရေးနှင့် မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်ပေးရေး စသည့် အချက်များကိုလည်း တောင်းဆို ထား သည်။
ယင်းသို့ ဆန္ဒဖော်ထုတ်ခြင်းအား ရန်ကုန်မြို့ ဒဂုံမြို့နယ် ရဲစခန်းမှူး ဦးဝင်းရွှေက သံဃာတော်များ ဆန္ဒထုတ်ဖော်မှုသည် ဝိနည်းနှင့် မညီညွတ် သည့် အတွက် ဆက်လက် လုပ်ဆောင်ခြင်း မပြုရန် တားမြစ်သော်လည်း ဦးဆောင်သံဃာတော်များက ယနေ့တွင် ဆန္ဒထုတ်ဖော်ခြင်း ကို ရပ်နားရန် မဖြစ်နိုင်ကြောင်း ပြန်လည်မိန့်ကြားခဲ့သည်ဟု သိရသည်။
မန္တလေးမြို့တွင်လည်း လူပုဂ္ဂိုလ် နှင့် သံဃာတော် ၃၅၀၀ ကျော်သည် ဦးပွားဘုရားမှ စတင်၍ သာသနာ့ အလံများ၊ မုံရွာလက်ပံ တောင်း တောင်တွင် ဒဏ်ရာရရှိခဲ့သည့် သံဃာတော်များ၏ ဓာတ်ပုံများ၊ တရားဥပဒေ စိုးမိုးရေး စသည့် စာတန်းများ ကိုင်ဆောင်ကာ မေတ္တာသုတ်များ ရွတ်ဆိုလျက် မြို့တွင်းလှည့်လည် လမ်းလျှောက် ဆန္ဒဖော်ထုတ်ပြီး နေ့လယ် ၃ နာရီတွင် အဆုံးသတ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း မုံရွာမြို့ ရွှေစည်းခုံံဘုရား၌ သံဃာတော်အပါး ၇၀၀ ခန့်နှင့် လူ ၁၀၀၀ ကျော်သည် “သာသနာတော်ကို ကာကွယ်ပါ” ဟူသော ဆိုင်းဘုတ် ကိုင်ဆောင်ကာ မြို့တွင်းသို့လှည့်လည်၍ မေတ္တာသုတ်ရွတ်ဆို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း မုံရွာမြို့ဒေသခံ တဦးက ပြောသည်။
ပခုက္ကူမြို့ရှိ သံဃာတော်အင်အား ၁၀၀၀ ကျော်ကလည်း“အကြမ်းဖက်မှု အလိုမရှိ၊ အကြမ်းဖက် ဥပဒေ အလိုမရှိ၊ အကြမ်းဖက် သည့် လူမျိုးမဟုတ်၊ အကြမ်းဖက်သည့် နိုင်ငံမဟုတ်” ဆိုသည့် စာတန်းများကိုင်ဆောင်ကာ သီဟိုရှင် ဘုရားပေါ်တွင် တောင်းဆို ချက်များ ဖတ်ကြား၍ ဝတ်ပြုဆုတောင်းပြီး ဆန္ဒထုတ်ဖော်ကြကြောင်း သိရသည်။
ပြည်မြို့တွင် သံဃာတော်အင်အား ၇၀၀ ခန့်နှင့်လူအင်အား ၅၀၀ ကျော်က “လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းပေးရန်၊
ပြည်သူ့အသံ နားထောင်ပေးရန်နှင့် ပြည်သူကို လေးစားပါ”ဟူသော စာတန်းများ ကိုင်ဆောင်ကာ ကျောင်းကြီး ရပ်ကွက် တပ် လမ်းမှ ပြည်ခရိုင် တရားရုံးသို့ ချီတက် ဆန္ဒ ထုတ်ဖော်ခဲ့သည်ဟု ဆိုသည်။
ထို့အပြင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးပေါ်တွင် စည်းကမ်း ထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ ဦးဆောင်သည့် သံဃာတော်အပါး ၅၀ ခန့်က ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သည်။
“စစ်တွေမြို့မှာ ကာဖျူး(ညမထွက်ရ)အမိန့် ထုတ်ထားတဲ့ကြားက ဆောင်ရွက်ရတာက တကြောင်း၊ ကျောင်းတိုင်းလိုလိုမှာ ကျောင်း တွင်း စာမေးပွဲတွေ ရှိနေတဲ့အတွက်က တကြောင်း၊ သံဃာဦးရေ နည်းပါးတဲ့အတွက် အခြားဒေသများက သံဃာတော်များ အနေနဲ့ နားလည်မှု ပေးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ဦးပဉ္စင်းတို့ အနေနဲ့ အများအကျိုး ၊ ဒေသအကျိုး ဆောင်ရွက် ကြ တဲ့ လက်ပံတောင်း တောင် အကြမ်းဖက်ဖြိုခွင်းခံရတဲ့ သံဃာတွေနဲ့ ထပ်တူ ထပ်မျှခံစားရပါတယ်”ဟု စစ်တွေမြို့မှ ဆရာတော် ဦးဉာဏ က မိန့်ကြားသည်။
စစ်ကိုင်းတိုင်း ကလေးမြို့ပေါ်တွင်လည်း သံဃာတော် ၁၅၀ ကျော်က မြို့တွင်းသို့ လှည့်လည်၍ မေတ္တာသုတ်များ ရွတ်ဆိုပြီး သဘောထား ကြေညာချက်များထုတ်ပြန်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဧရာဝတီတိုင်း ပုသိမ်မြို့တွင် တကောင်းဘုရားမှ စတင်ကာ လူအင်အား ၁၀၀ ကျော်နှင့် နိုင်ငံရေးအဖွဲ့အစည်းများသည် ပုသိမ်မြို့ တကောင်းဘုရားမှ စတင်ပြီး ရွှေမော်ဓောဘုရားအထိလှည့်လည်၍ “ဒဏ်ရာရ သံဃာတော်များကို တာဝန်ရှိသူများမှ အမြန်ဆုံး ဝန်ချတောင်းပန်ရေး၊ အခြေခံဥပဒေ ပုဒ်မ – ၃၉၀/၃၅၄ ကို မစော်ကားပါနှင့်” စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ငြိမ်း ချမ်းစွာ ဆန္ဒ ထုတ်ဖော်ခဲ့သည်။
ယင်း ဆန္ဒထုတ်ဖော်မှုတွင် ဦးဆောင်ပါဝင်သူ ကိုဇော်ဇော်က“လက်ပံတောင်းတောင် စီမံကိန်းကနေ အမျိုး ဘာသာ သာသနာကို ထိခိုက်လာလို့ ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြ သပိတ် စခန်း ၆ ခုကို အာဏာပိုင်များက အကြမ်းဖက် ဖြိုခွဲမှုကြောင့် သံဃာ အပါး ၇၀ ကျော်နှင့် လူ ၅၀ ကျော် ဒဏ်ရာများ ရရှိခဲ့ပြီး သံဃာတော် တချို့ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။