ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများတွင် အစိုးရတပ်မတော်သည် ဥရောပက ရောင်းချရန် ပိတ်ပင်ထားသည့် ဆွီဒင်နိုင်ငံလုပ် လက်နက်များကို အသုံးပြုနေကြောင်း သတင်းထွက်ပေါ်ပြီးနောက် ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။
လွန်ခဲ့သည့် တနင်္လာနေ့က အစိုးရ စစ်တပ်မှ ရဟတ်ယာဉ် ၂ စင်းဖြင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အခြေစိုက် စခန်းများသို့ လာရောက်ပစ်ခတ်ပြီးနောက် ဒုံးကျည်ခွံများကို ကချင်လက်နက်ကိုင် အဖွဲ့ဝင်များက တွေ့ရှိခဲ့ကြောင်း ကချင်ပြည်နယ် စစ်မြေပြင်သတင်းထောက် ဂျွန်စံလင်းက ဧရာဝတီကို ပြောသည်။
ကချင်ပြည်နယ် ပန်ဝါဒေသရှိ စခန်းများ ဒုံးကျည်လက်နက်ဖြင့် တိုက်ခိုက်ခံခဲ့ရပြီး အဆိုပါ ဒုံးကျည်လက်နက်သည် ဆွီဒင်နိုင်ငံရှိ Saab Bofors Dynamics ကုမ္ပဏီမှ ထုတ်လုပ်သည့် Carl Gustaf ခေါ် ၈၄ မမ နောက်ပွင့် ဒုံးကျည် လက်နက်ဖြစ်သည်ဟု ကချင်လက်နက်ကိုင် အဖွဲ့ဝင်များက ယူဆခဲ့ကြကြောင်း သူက ဆက်ပြောသည်။
အဆိုပါ ဒေသတွင် KIA နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားပြီးနောက် အဆိုပါ ဒုံးလက်နက်နှင့် ကျည်ဆံခွံများကို သိမ်းဆည်းရမိခဲ့ရာ ယခင်က သံသယဖြစ်မှု အဆင့်သာရှိခဲ့ရာမှ အထောက်အထား အခိုင်အမာဖြင့် သက်သေပြနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။
ဆွီဒင်နိုင်ငံလုပ်အဆင့်မြင့် M-3 Carl Gustaf လက်နက်များကို KIA ကသိမ်းဆည်း ရရှိခဲ့ကြောင်း ဆွီဒင်သတင်းစာ Svenska Dagbladet ကို ကိုးကား၍ The Independent သတင်းတွင်လည်း ဖော်ပြထားသည်။
အဆိုပါ လက်နက်သည် တင့်ကားကဲ့သို့သော အမာစား ယာဉ်မျိုးကိုပင် အလွယ်တကူ ဖျက်ဆီးနိုင်စွမ်းရှိပြီး ပြည်တွင်း စစ်မျိုးတွင် သုံးစွဲလေ့ မရှိကြောင်းလည်း သိရသည်။
ဆွီဒင်နိုင်ငံသည် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတနိုင်ငံ ဖြစ်ပြီး ဥရောပ သမဂ္ဂကမြန်မာအစိုးရသို့ လက်နက် ရောင်းဝယ်မှု ပိတ်ပင်ထားဆဲ ဖြစ်သည်။ ယင်းကိစ္စကိုဆွီဒင်အစိုးရက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်းလည်း သိရသည်။
လွန်ခဲ့သည့် လ ၂၀ ကျော်ကာလက ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာသည့် ဦးသိန်းစိန် သမ္မတအဖြစ် တက်လာပြီး နောက်ပိုင်း အမေရိကန်နှင့် ဥရောပ သမဂ္ဂတို့က မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ် အရေးယူ ပိတ်ဆို့ထားမှုတချို့ကို ဖယ်ရှားခဲ့သော်လည်း နယ်စပ်တလျှောက် တိုင်းရင်းသား ဒေသများတွင် လက်နက်ကိုင် ပဋိပက္ခများ ရှိနေသေးသည့်အတွက် လက်နက်ဝယ်ယူခွင့်ကိုမူ ယခုထိ ပိတ်ပင်ထားဆဲဖြစ်သည်။
ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ သတင်းများ၊ စာအုပ်များကို တစိုက်မတ်မတ်ရေးသားသူ၊ မြန်မာ့အရေး ကျွမ်းကျင်သူလည်းဖြစ်သည့် ဆွီဒင်သတင်းစာဆရာ ဘားတေးလ် လစ်တနာက အဆိုပါ ဆွီဒင်နိုင်ငံလုပ် ဒုံးလက်နက်ကိစ္စနှင့် ပတ်သက်၍ မြန်မာအနေဖြင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံမှ ရရှိခြင်းဖြစ်နိုင်သည်ဟု ယုံကြည်ရကြောင်း၊ အိန္ဒိယနိုင်ငံသည် ဆွီဒင်နိုင်ငံမှ လက်နက်အများဆုံး ဝယ်ယူသည့် နိုင်ငံဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
ဆွီဒင် သတင်းစာအဆိုအရ ဆွီဒင်အစိုးရက စုံးစမ်းစစ်ဆေးမှုများ လုပ်ဆောင်မည်ဖြစ်ပြီး လက်နက် မပြန့်ပွားရေးကိစ္စ အတွက် KIA က သိမ်းဆည်းရမိသည့် ဒုံးကျည်လက်နက်နှင့် ပတ်သက်၍ ဆွီဒင် အေဂျင်စီတခုကို စတော့ဟုမ်းမြို့တွင် စုံးစမ်းမှု လုပ်ဆောင်နေပြီဖြစ်ကြောင်းလည်း ဆိုထားသည်။
သို့သော် ဘာတေးလ် လစ်တနာကမူ “ဒါကတော့ စုံစမ်းစစ်ဆေး ခံရပါလိမ့်မယ်။ ဒါပေမယ့် ဆွီဒင် လက်နက်တွေကို အဓိက ဝယ်ယူသူ အိန္ဒိယနိုင်ငံဟာ ဈေးကွက်ကြီးတခု ဖြစ်တာကြောင့် တစုံတရာ ကန့်သတ်မှု လုပ်လာရုံလောက်ပဲ ဖြစ်ပါလိမ့်မယ်။ ဆိုလိုတာက အိန္ဒိယအနေနဲ့ တောင်းပန်ရပြီး နောက်ထပ် ဒါမျိုး ထပ်မလုပ်ဖို့လောက်ပဲ ဖြစ်နိုင်ပါလိမ့်မယ်” ဟု မှတ်ချက်ပေးသည်။
၂၀၁၁ ဇွန်လက အပစ်အခတ် သဘောတူမှု ကျိုးပေါက်ပြီး ၁၈ လတာ ပစ်ခတ်မှုများ ဖြစ်ပွားချိန်တွင် မြန်မာစစ်တပ်က ရုရှားလုပ် ရဟတ်ယာဉ်များ အသုံးပြုနေကြောင်းလည်း KIA က ပြောသည်။
ရုရှားလုပ် Mi-35 ရဟတ်ယာဉ်များသည် လက်နက်တပ်ဆင် ပစ်ခတ်၍ရသည့် Mi-24 Hind Helicopter Gunships အမျိုးအစား ပို့ကုန်တခုဖြစ်ပြီး မြန်မာအစိုးရတပ်များ အသုံးပြုသည်ဟု သတင်းများက ဆိုသည်။
“သူတို့ (KIA တပ်ဖွဲ့တွေ) က ထောက်ပံ့ရေး ရဟတ်ယာဉ်တချို့ကို ပစ်ချနိုင်ဖွယ်ရှိတယ်။ Mi-35 ရဟတ်ယာဉ်လို လက်နက်တပ်ဆင်ထားတဲ့ ဟာမျိုးကို ပစ်ချဖို့ကတော့ တော်ရုံ တန်ရုံလက်နက်မျိုးနဲ့တော့ မလွယ်ဘူး” ဟု ဘာတေးလ် က ပြောသည်။
ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) က မြန်မာစစ်တပ်သည် အဆိုပါကိစ္စမျိုးကို ထုတ်ဖော်ပြောဆိုမည် မထင်ကြောင်း ပြောသည်။
“KIA နဲ့ စစ်ပွဲတွေ နောက်ထပ်ဖြစ်လာမှ မဟုတ်ဘူးလို့ ဦးအောင်မင်းက ကျနော်တို့ကို ပြောတယ်” ဟု KIO မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ဧရာဝတီကို ပြောသည်။
ဦးအောင်မင်းသည် ယခု သမ္မတရုံး ဝန်ကြီးဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး စကားပြောဆိုရာတွင် အဓိက လုပ်ကိုင်နေသူဖြစ်သည်။
“နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ မီဒီယာတွေက သူပြောတာကို ယုံကြည်ကြတယ်။ ဒါပေမယ့် လက်တွေ့မှာ ရှေ့တန်း စစ်မျက်နှာတွေမှာ ဖြစ်နေတာနဲ့ လုံး၀ တခြားစီပဲ” ဟု ဦးလနန်က ပြောသည်။
ယခုအခါ ကချင်ပြည်နယ်တွင် မြန်မာစစ်တပ်က တပ်အင်အား၊ ရိက္ခထောက်ပံ့မှုများ ယခင်ကထက် ပိုမို လုပ်ဆောင်လာသည့်အတွက် နေ့စဉ် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေကြောင်း၊ ယခုဆိုလျှင် နေရပ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၁ သိန်းလောက်အထိ ရှိလာသည်ဟု အကူအညီပေးရေး အေဂျင်စီများက ခန့်မှန်းနေကြောင်း သူက ဆက်ပြောသည်။
“နိုင်ငံသား အခွင့်အရေးကို အာမခံနိုင်တဲ့ တခုတည်းသော နည်းလမ်းဟာ နိုင်ငံရေးတည်ငြိမ်မှု ပြေလည်မှုရရှိရေး ဖြစ်တယ်။ ဒီလိုမှ မဟုတ်ရင်တော့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့်ပဲ နိုင်ငံရေးအရ အဖြေရှာကြဖို့ ကျနော်တို့ ခဏခဏ တောင်းဆိုနေတာဖြစ်တယ်” ဟု ဦးလနန်က ဆိုသည်။