မန္တလေးတိုင်း ရမည်းသင်းမြို့နယ်၊ မိုးထိ မိုးမိဒေသ၌ ဖြစ်ပွားနေသော ရွှေတွင်းလုပ်သား ပြဿနာကို တာဝန်ယူ ဖြေရှင်းမပေးပါက ရွှေတွင်းလုပ်သားများက သတ္တုတွင်း ဝန်ကြီးဌာနကို ဥပဒေနှင့်အညီ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း သိရသည်။
ရွှေတွင်းလုပ်သားများနှင့် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီတို့အကြား ကာလအတန်ကြာ ဖြစ်ပွားနေသည့် ပြဿနာကို ဖြေရှင်းပေးမည်ဟု အာမခံပေးထားသော်လည်း လက်တွေ့တွင် ဖြေရှင်းပေးမှု မရှိသည့်အတွက် တရားစွဲဆိုရန် ဆောင်ရွက်သွားမည်ဟု အလုပ်သမားခေါင်းဆောင် တဦးဖြစ်သူ ကိုသီဟက ဧရာဝတီသို့ ပြောသည်။
အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီသည် ရွှေတွင်းလုပ်ငန်းများကို နိုင်ငံတော် အစိုးရနှင့် အကျိုးတူ လုပ်ဆောင်နေကြောင်း သိရသည်။
သတ္တုတွင်း ဝန်ကြီးဌာနထံ ရွှေတွင်းလုပ်သားများ စုပေါင်းလက်မှတ်ရေးထိုး၍ စာချွန်လွှာတစောင်ကို ယခု သီတင်းပတ်အတွင်း ပေးပို့သွားမည်ဖြစ်ကြောင်း၊ ပေးပို့သည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း တစုံတခု ဆောင်ရွက်မပေးပါက ဝန်ကြီးဌာနကို တရားစွဲဆိုမည်ဖြစ်ကြောင်း၊ ထိုကိစ္စကို ရှေ့နေ ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်းတို့က ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ကိုဟီဟက ပြောသည်။
၎င်းက “စာချွန်လွှာမှာကတော့ ဒီပြဿနာကို ကြားဝင်ဖြေရှင်းပေးဖို့ အဓိက တောင်းဆိုမယ်။ တောင်းဆိုတာကို ရက် ၉၀ အတွင်းမှာ ဝန်ကြီးအနေနဲ့ တခုခု အကြောင်းမပြန်ရင် တရားစွဲမယ်။ ဒါက ဥပဒေကြောင်းအရ လုပ်တာပါ” ဟု ၎င်းက ဆက်ပြောသည်။
မိုးထိ မိုးမိ ဒေသတဝိုက်၌ တနိုင်တပိုင် လုပ်ကိုင်စားသောက်နေကြသည့် လုပ်ကွက်များကို အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက သတ္တုတွင်း ဝန်ကြီးဌာနနှင့် ပူးပေါင်း လုပ်ကိုင်သည့်အတွက် တနိုင်တပိုင် လုပ်ကိုင်နေသည့် ရွှေတွင်းလုပ်သားများ၏ လုပ်ကွက်များ နစ်နာဆုံးရှှုံးခဲ့ရာမှ နှစ်ဖက်အကြား ပြဿနာ ဖြစ်ပွားခဲ့ကြသည်။
ရွှေလုပ်သားများ၏ လုပ်ကွက်များ ပြန်လည်ရရှိရေး ဆန္ဒပြတောင်းဆိုမှုသည် ပြီးခဲ့သည့် ဧပြီလက စတင်ခဲ့သော်လည်း ယနေ့အထိ အောင်မြင်မှု မရရှိသေးပေ။ မိုးထိ မိုးဒေသမှ နေပြည်တော်အထိ ချီတက်ကြရာ အာဏာပိုင်များ၏ တာဆီး ပိတ်ပင်မှုကြောင့် နေပြည်တော် မရောက်မီ ခေါင်းဆောင်တချို့ ဖမ်းဆီးခံခဲ့ရသည်။
ရွှေလုပ်သား ခေါင်းဆောင်များဖြစ်သော ကိုနေအောင်ထက်၊ ကိုစောနောင်၊ ကိုရဲရင့်ထွန်းနှင့် ကိုနိုင်ဝင်းတို့ကို နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေသည့် ဥပဒေ ပုဒ်မ ၅၀၅ (ခ) ဖြင့် တောင်ငူထောင်တွင် ဖမ်းဆီးထားကြောင်း၊ ၎င်းတို့ အတွက် အာမခံ မရကြောင်း ရွှေလုပ်သားအရေး ကူညီပေးနေသူ ကိုအောင်ကြီးက ပြောသည်။ ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သူ ၃၀ ခန့်ကိုလည်း ကုမ္ပဏီက စက်တင်ဘာလတွင် တရားစွဲဆိုခဲ့သည့်အတွက် ခံဝန်ကတိဖြင့် နေထိုင်သွားလာနေရကြောင်း သိရသည်။
ကုမ္ပဏီနှင့် ရွှေလုပ်သားတို့အကြား ပြဿနာ ကြီးထွားလာမှုကြောင့် အာဏာပိုင်တချို့က ကြားဝင်စေ့စပ်ပေးသည့်အတွက် ဇွန်လအတွင်း သဘောတူညီမှု ၆ ချက် လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ သို့သော် ထိုစည်းကမ်းချက်များကို ကုမ္ပဏီက လိုက်နာမှုမရှိသဖြင့် ပြဿနာမှာ ပြေလည်မှု မရနိုင်ဘဲ ဖြစ်နေကြောင်း ရွှေလုပ်သားတဦးဖြစ်သူ ကိုလှှိုင်မျိုးအောင်က ပြောသည်။
အချက် ၆ ခုတွင် ရွှေလုပ်သားများ ပြန်လည်လုပ်ကိုင်ခွင့်ရရေး၊ ဇုန်အတွင်း စက်များ လည်ပတ်ခွင့်ရရေး၊ ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရေး၊ နစ်နာသူများအား လျှော်ကြေးပေးရေး စသည့်အချက်များ ပါဝင်သည်။
ကိုလှှိုင်မျိုးအောင်က “ကုမ္ပဏီက စည်းကမ်းတွေ ဖောက်ဖျက်တဲ့အပြင် လုပ်သားတွေနေတဲ့ တဲအိမ်တွေကို မီးရှှို့တာ၊ ဖျက်စီးတာတွေကို ကုမ္ပဏီဝန်ထမ်းတွေနဲ့ လုံခြုံရေးအဖွဲ့တွေက ခုရက်ပိုင်းမှာ ဆက်တိုက်လုပ်နေတယ်” ဟု ဆိုသည်။
အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီတာဝန်ရှိသူများကမူ ၎င်းတို့အနေဖြင့် စည်းကမ်းချက်များ ဖောက်ဖျက်မှု မရှိကြောင်း မီဒီယာများကို မကြာခဏ ဖြေဆိုသည်။
အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီသည် မိုးထိ မိုးမိဒေသရှိ ရွှေလုပ်ကွက် ဧက ၆၁၀၅ ဧကကို အစိုးရထံမှ ရရှိထားကြောင်း၊ ကုမ္ပဏီအနေဖြင့် နိုင်ငံတော် အစိုးရနှင့် အကျိုးတူ ပေါင်းဆောင်ရွက်နိုင်ရန် ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် သဘောတူညီမှု ရရှိထားကြောင်း၊ ထိုလုပ်လုပ်ငန်းမှ ရွှေပိဿာချိန် ၇၃ ပိဿာကို နိုင်ငံတော်အစိုးရထံ လစဉ်ပေးသွင်းရကြောင်း ပြည်တွင်းထုတ် The Messenger ဂျာနယ်၏ အင်တာနက် စာမျက်နှာ၌ သြဂုတ်လ ၂၅ နေ့က ဖော်ပြခဲ့သည်။
အစိုးရနှင့် ကုမ္ပဏီတို့အကြား သဘောတူညီမှု ရပြီးနောက် ၂၀၁၂ ခုနှစ် မေလမှစတင်၍ တနိုင်တပိုင် ရွှေလုပ်သားများ၏ လုပ်ပိုင်ခွင့်ကို ကုမ္ပဏီက ဟန့်တားမှုများ လုပ်ဆောင်ခဲ့ကြောင်း ရွှေလုပ်သားများက ပြောသည်။ ထို့ကြောင့် လုပ်ကိုင်ခွင့်ပြန်ရရေး၊ ၎င်းတို့၏ နစ်နာကြေးများ ပေးဆောင်ရေးတို့အတွက် ဆန္ဒပြ တောင်းဆိုမှုများ ဆက်တိုက် လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။
ထိုဒေသ၌ တနိုင်တပိုင် လုပ်ကိုင်စားသောက်နေသူ ရွှေတွင်းလုပ်သားပေါင်း တသိန်းကျော်ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။ ထိုပြဿနာအား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ လွှတ်တော် ကိုယ်စားလှယ် တချို့က ကြားဝင် ဆောင်ရွက်ပေးနေကြောင်း၊ သို့သော် ကုမ္ပဏီဥက္ကဋ္ဌ ဖြစ်သူ ဦးစောထွန်းရှိန် ကိုယ်တိုင် မလာရောက်ဘဲ ဆုံးဖြတ်ချက် မပေးနိုင်သည့် တာဝန်ခံတချို့သာ လာရောက်သည့်အတွက် အဖြေမထွက် ဖြစ်နေကြောင်း ရွှေလုပ်သားအရေး ဆောင်ရွက်နေသူများက ပြောသည်။
ဒေသဆိုင်ရာ အာဏာပိုင်တို့ကလည်း ယခုလ ၁၇ ရက်နေ့တွင် အဖြေတခုခု ရရှိရေး ကြားဝင်ဆောင်ရွက်ပေးမည်ဟု ပြောဆိုထားကြောင်းလည်း သိရသည်။