လယ်မြေများ သိမ်းယူပြီး စက်မူဇုန်အဖြစ် ရောင်းစားခဲ့ကြောင်း ဇေကမ္ဘာကုမ္ပဏီ မန်နေဂျာ ဦးမြင့်ဇော်က ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ရန်ကုန် မင်္ဂလာဒုံတရားရုံး၌ ဝန်ခံပြောဆိုခဲ့သည်။
ဇေကမ္ဘာ ကုမ္ပဏီက မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေကို ကုမ္ပဏီအား အသေရေညှိုးနွမ်း စေမှုဖြင့် တရားစွဲဆိုခဲ့သည့် အမှု ရုံးချိန်း စစ်ဆေးသည့် အချိန်တွင် ဦးမြင့်ဇော်က အထက်ပါအတိုင်း ပြောလိုက်ခြင်း ဖြစ်သည်။
တရားစွဲသူ၊ တရားစွဲခံရသူများ အပြန်အလှန် စစ်ဆေးမေးမြန်းရင်း “မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာမှ လယ်ယာမြေများအား စက်မူဇုန်အဖြစ် ပြောင်းလဲကာ ရောင်းစားခဲ့ကြောင်း ပေါ်ပေါက်ပြီး ဖြစ်သည်ကို သိပါသလား” ဟု ဦးနေမျိုးဝေ၏ ရှေ့နေဖြစ်သူ ဒေါ်စန္ဒာဦးက မေးခဲ့ရာတွင် “ကျနော်တို့ ရောင်းစားခဲ့ပါတယ်” ဟု ဦးမြင့်ဇော်က ပြန်ဖြေခဲ့သည်။
ဇေကမ္ဘာ ကုမ္ပဏီသည် နိုင်ငံတော်ပိုင် မြေကို လက်ညှိုထိုး ရောင်းချ၍ မရသကဲ့သို့ အတင်းအဓမ္မ သိမ်းယူ၍လည်း မရကြောင်း၊ စက်မှုဇုန်များအဖြစ် အတင်းအကျပ် ဖော်ဆောင်၍လည်း မရနိုင်ကြောင်း၊ နိုင်ငံတော်ပိုင် မြေဖြစ်သောကြောင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး၊ မြေယာစီမံခန့်ခွဲရေး ကော်မတီတို့၏ ခွင့်ပြုမိန့်ဖြင့်သာ ရန်ကုန်စက်မူဇုန် အပိုင်း ၄ ကို အကောင်အထည် ဖော်နေခြင်းဖြစ်ကြောင်း ဦးမြင့်ဇော်က တရားရုံးတွင် ထွက်ဆိုခဲ့သည်။
မြေများကို အစိုးရအမိန့်ဟု ဆိုကာ လယ်သမားများထံမှ သိမ်းယူခဲ့သော်လည်း အမိန့်စာရွက်ကို တရားရုံးတွင် မပြသနိုင်ခဲ့ဘဲ ယင်းစာရွက်စာတမ်းများသည် လျှို့ဝှက်များ ဖြစ်သည်ဟု သူက ပြောခဲ့သည်။
“သက်သေခံ စာရွက်စာတမ်းက ဝန်ကြီးတွေလက်မှတ်ပါတယ်၊ လျို့ဝှက်တဲ့။ လျှို့ဝှက်ရအောင် နျူကလီးယား ထုတ်နေတာလား၊ တကယ့်ထိပ်တန်း စစ်ရေး လျှို့ဝှက်ချက် မို့လို့လား” ဟု အမှုရင်ဆိုင်နေသူ ဦးနေမျိုးဝေက ပြောသည်။
ဇေကမ္ဘာ ကုမ္ပဏီက စက်မူဇုန် ဆောင်ရွက်ရန် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ စည်းဝေး ဆုံးဖြတ်ချက်ကိုသာ ပြနိုင်ပြီး ခွင့်ပြုမိန့်ကို ပြနိုင်ခဲ့ခြင်းမရှိပေ။
ဇေကမ္ဘာ ကုမ္ပဏီ ရင်ဆိုင်နေရသည့် ပြဿနာကို ဥပဒေအရသာ ဖြေရှင်းပါက လယ်သမားများကို လယ်ယာများ ပြန်ပေးရမည့် အခြေအနေ ဖြစ်ကြောင်း ဦးနေမျိုးဝေက ပြောသည်။
“ဥပဒေနဲ့ ရှင်းမရတော့ဘူး။ ဥပဒေအတိုင်းဆို လယ်သမားတွေကို လယ်တွေ ပြန်ပေးရတော့မှာ။ ဝယ်ထားတဲ့ ကုမ္ပဏီတွေလည်း ဒုက္ခရောက်တော့မယ်။ ဥပဒေအရ ကတော့ ဒီလိုရောင်းလို့မရဘူး မြေယာတွေကို ရောင်းပစ်လို့ မရဘူး လယ်ကွက်ပဲ ရှိသေးတယ် လက်ရှိ အငြင်းပွားတာကလည်း သီးစား ချထားရေး အ၌တွက်ပါပဲ။ လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကပဲ ညှိနှိုင်း ဖြေရှင်းပေးတာ လုပ်လို့ရပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ရွှေနံ့သာ ကျေးရွာအနီးမှ ရွှေလင်ပန်း စက်မှုဇုန် တိုးချဲ့ရန်အတွက် နိုင်ငံတော် အစိုးရအမိန့်ဟုဆိုကာ မင်္ဂလာဒုံ မြို့နယ် အတွင်းရှိ အပေါင်၊ ရွှေနံ့သာ၊ ပေါင်းကူ စသည့် ကျေးရွာများမှ လယ်သမား ၈၀ ကျော်၏ လယ်မြေဧက ၈၅၀ ကျော်ကို ၂၀၁၀ ပြည့်နှစ်အတွင်း သိမ်းယူခဲ့ခြင်း ဖြစ်သည်။ မြေအမည်ပေါက် ရှိသူ လယ်သမား များကို တဧက ကျပ် ၃ သိန်း လျော်ကြေးပေး သိမ်းယူခဲ့ပြီး ပြင်ပသို့ ကျပ် သိန်း ၄၀၀၊ ၅၀၀ ဖြင့် ပြန်လည် ရောင်းချခဲ့ကြောင်း သိရသည်။
လယ်သိမ်းခံ လယ်သမားများက တဧက ကျပ် သိန်း ၅၀ တိုးတောင်းခဲ့သော်လည်း ဇေကမ္ဘာက သိန်း ၃၀ ဖြင့် ဈေးဆစ် ထားသည်။
ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေသည် မြန်မာနိုင်ငံ နယ်စပ်နှင့် တောင်တန်းဒေသ ထေရဝါဒ ဗုဒ္ဓဘာသာ သာသနနုဂ္ဂဟ အသင်း ဥက္ကဋ္ဌ အဂ္ဂမဟာ သီရိသုဓမ္မ မဏိဇောတဓရ ဝဏ္ဏကျော်ထင်ဘွဲ့ကို နိုင်ငံတော်က ချီးမြှင့်ခြင်း ခံထားရသူ ဖြစ်ပြီး မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်ကာ ၎င်း၏ သမီး မဇေဇင်လတ်သည် ပြည်သူ့လွတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၏သား ကိုတိုးနိုင်မန်းနှင့် လက်ထပ်ထားသည်။
ဧရာဝတီ သတင်းထောက် မိုင်အဲမလီနှင့် လဖိုင်တို့ ပူးပေါင်းရေးသားသည်။