ကချင်ပြည်နယ် လဂျားယန်ဒေသအတွင်းရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) စခန်းများကို ယနေ့နံနက်တွင်အစိုးရ ပူးပေါင်း တပ်ရင်းများက ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် KIA က အမြင့်ဆုံး တပ်လှန့်ထားကြောင်း သိရသည်။
အစိုးရတပ် ခြေမြန်တပ်ရင်း (ခမရ) ၃၈၈၊ ၃၈၃ နှင့် ခြေလျင်တပ်ရင်း (ခလရ) ၄၀ ပူးပေါင်းတပ်များ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် KIA လိုင်ဇာဌာနချုပ် အပါအဝင် ရှေ့တန်းစခန်းများကို တပ်လှန့်ထားခြင်း ဖြစ်ကြောင်း ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ ပြောသည်။
ယနေ့နံနက် ၅ နာရီမှ စတင်၍ KIA တပ် စခန်းများကို အစိုးရတပ်က ၁၀၅ မမ လက်နက်ကြီးများနှင့် စစ်ရဟတ်ယာဉ်များကို အသုံးပြု၍ တိုက်ခိုက်ကြောင်း ၎င်းက ဆိုသည်။
“မြေပြင်နဲ့ သူတို့ အရင်တက်တယ်။ နောက်ပြီးတော့ လက်နက်ကြီးတွေနဲ့ ကာပြီး ပစ်ပေးတယ်။ အဲဒီမှာ သူတို့ လေယာဉ်နဲ့ ထပ်ပြီးတော့ ဒုံကျဉ်နဲ့ ပြန်ပစ်ကူပေးတယ်” ဟု ဦးလနန်က ဆက်ပြောသည်။
ဦးလနန်၏ အဆိုအရ အစိုးရတပ်က Mi-24 စစ်သုံးရဟတ်ယာဉ် အမျိုးအစားကို အသုံးပြုကြောင်း ဆိုသည်။ သို့သော်လည်း အစိုးရတပ်က ယင်းရဟတ်ယာဉ်များ အသုံးပြုခြင်း ရှိမရှိကို ဧရာဝတီက သီးခြား အတည်ပြုချက် မရရှိသေးပါ။
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများတွင် အစိုးရတပ်က ဥရောပက ရောင်းချရန် ပိတ်ပင်ထားသော ဆွီဒင်နိုင်ငံလုပ် လက်နက်များကို အသုံးပြုနေကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။
ဆွီဒင်နိုင်ငံလုပ် အဆင့်မြင့် M-3 Carl Gustaf လက်နက်များကို KIA က သိမ်းဆည်းရမိပြီး အဆိုပါ လက်နက်သည် တင့်ကားကဲ့သို့သော အမာစား ယာဉ်မျိုးကိုပင် အလွယ်တကူ ဖျက်ဆီးနိုင်စွမ်းရှိ၍ ပြည်တွင်း စစ်မျိုးတွင် သုံးစွဲလေ့ မရှိကြောင်း သိရသည်။
KIA ဌာနချုပ်နှင့် အနီးအနားတွင် လတ်တလော ထိုးစစ်ဆင်မူနှင့် ပတ်သက်၍ အကြောင်းရင်းကို မသိရှိရသော်လည်း အစိုးရတပ်များ အနေနှင့် စစ်ရေးနည်းဗျူဟာ ပြောင်းပြီး တိုက်ခိုက်နေသည်ဟု ယူဆရကြောင်း ဦးလနန်က ပြောသည်။
“ဒီဘက်မှာ ထိုးစစ်ဆင်လာတာနဲ့ အမျှ ဒီနေ့ မနက် ၁၀ နာရီလောက်မှာ တိုက်ပွဲ ပြန်စနေတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် သူတို့ စစ်မျက်နှာကို ဖြန့်ကြက်တဲ့ သဘောလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် ကျနော်တို့ ဗဟိုဌာနချုပ်သာမက အရေးကြီးတဲ့ နေရာဒေသတွေကို တပ်လှန့်ထားတဲ့ အနေအထားမှာ ရောက်နေတယ်” ဟု ၎င်းက ဆိုသည်။
အစိုးရအနေနှင့် KIA ဌာနချုပ် အနီးအနားသို့ စစ်ရဟတ်ယာဉ်ကို အသုံးပြု၍ တိုက်ခိုက်ရာ ပထမဆုံးအကြိမ် ဖြစ်သည့်အတွက် KIA ရှေ့တန်း တပ်စခန်းများကို တပ်လှန့်ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။
အစိုးရ ပူးပေါင်းတပ်များကို ခုခံတိုက်ခိုက်ရာတွင် KIA တပ်ဖွဲ့နှင့်အတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်း တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း သိရသည်။
လတ်တလောတွင် နှစ်ဖက် အကျအဆုံး စာရင်းများကို မသိရှိရပေ။
တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေသူများကို ကုလသမဂ္ဂမှ အကူအညီပေးလိုသော်လည်း မြန်မာအစိုးရက လုံခြုံရေး အခြေအနေအရ ခွင့်ပြုထားခြင်း မရှိကြောင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းများအနေဖြင့် ကချင်ပြည်နယ် စစ်ဘေးသင့် ဒေသများသို့ ဝင်ရောက် အကူအညီပေးနိုင်ရန် မြန်မာအစိုးရထံတွင် ခွင့်ပြုချက် တောင်းထားကြောင်း သိရသည်။