စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် စီမံကိန်းသပိတ် အကြမ်းဖက်ဖြိုခွဲမှုနှင့် ပတ်သက်ပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့က မန္တလေးမြို့တွင် သံဃာတော်များနှင့်အတူ ချီတက်လမ်းလျှောက် ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ (ဗကသ) အဖွဲ့မှ တချို့ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ယမန်နေ့တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။
ဖမ်းဆီးထိန်းသိမ်းခံရသည့်အထဲတွင် ဗကသ အဖွဲ့ဝင် ၃ ဦးနှင့် ကုန်စိမ်းနှုန်း ကျဆင်းရေးအဖွဲ့မှ ၁ ဦး စုစုပေါင်း ၄ ဦး ဖြစ်ကြောင်း၊ ဗကသအဖွဲ့မှ ကိုအောင်မှိုင်းဆန်း၊ ကိုသန်းထိုက်၊ ကိုမင်းနိုင်လွင်နှင့် ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့မှ ကိုသိန်းအောင်မြင့်တို့ ဖြစ်ကြောင်း၊ ကျန်တဦးကို ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။
ဖမ်းဆီးရသည့် အကြောင်းရင်းမှာ ခွင့်ပြုချက်မယူဘဲ စုဝေးခြင်းနှင့် စီတန်းလှည့်လည်သည့်အတွက် စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ ည ၇ နာရီမှ စတင်ကာ ကျောင်းသားများ နေထိုင်သည့် အိမ်များသို့ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ကိုအောင်မှိုင်းဆန်းကို ည ၇ နာရီတွင် လည်ကောင်း၊ ကိုသိန်းအောင်မြင့်ကို ည ၈ နာရီ ၃၅ မိနစ်တွင်လည်ကောင်း၊ ကိုသန်းထိုက်နှင့် ကိုမင်းနိုင်လွင်ကို ည ၁၀ နာရီကျော်တွင်လည်ကောင်း အမှတ် (၁၀) ရဲစခန်းမှ ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးပြီးနောက် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးခန်းတွင် ထိန်းသိမ်းထားခဲ့ကြောင်း၊ ရဲမှူးနှင့် အဖမ်းခံရသူများ ပြေလည်အောင် ညှိနှိုင်းသော်လည်း အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ချမ်းမြသာစည်မြို့နယ် တရားရုံးသို့ ပို့လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကျနော်တို့ ကျောင်းသားတွေကို ခံဝန်ကတိနဲ့ အာမခံ လွှတ်ပေးတယ်။ ဒါပေမဲ့ အာမခံလွှတ်ပေးဖို့ လက်မှတ်ထိုးခိုင်းတဲ့ အထဲမှာ တရားခံလို့ ပါနေတယ်။ နောက်ပြီး တရားရုံး မတက်ဘူးဆိုရင် ငွေ ၅ သိန်းလျော်ရမယ်လို့ ပါတယ်။ ကျောင်းသားတွေအနေနဲ့ မတရားဖမ်းဆီးခံရတာကို တရားခံလို့ သတ်မှတ် ခံဝန်ကတိ ထိုးခိုင်းတဲ့အတွက် ကျနော်တို့က မထိုးခဲ့တာပါ” ဟု ဖမ်းဆီးခံရသည့် ကိုအောင်မှိုင်းဆန်းက ပြောသည်။
ဖမ်းဆီးခဲြ့ခင်းနှင့် တရားရုံးရောက်ရှိမှုအပေါ် ခရိုင်ရဲတပ်ဖွဲ့မှူးကို မေးမြန်းခဲ့သော်လည်း တုံ့ပြန်ဖြေကြားခြင်း မရှိပေ။
ဖမ်းဆီးခံရသူများကို ချမ်းမြသာစည်မြို့နယ် တရားရုံးတွင် နေ့လည် ၂ နာရီမှစတင်ကာ တရားရုံးထုတ် စစ်ဆေးသည်။ ထို့နောက် ချမ်းမြသာစည် တရားရုံးက ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ပြန်လည် ချိန်းဆိုထားသည်။
“လပြည့်နေ့က ဖြေရှင်းခဲ့တဲ့ အကြမ်းဖက်မှုကိစ္စမှာ ရဟန်းသံဃာတွေက ချီတက်လမ်းလျှောက်တာပဲ ဖြစ်ဖြစ်၊ ထိုင်သပိတ် မှောက်တာပဲ ဖြစ်ဖြစ် ကျနော်တို့ ဗကသတွေက ကာကွယ်မှုပေးမယ်ဆိုတဲ့ သဘောနဲ့ ဒီအထဲတွေမှာ ပါဝင် ပတ်သက်ခဲ့တာပါ။ ဥပဒေက စီတန်းလှည့်လည်ခွင့် ပေးတယ်ဆိုပေမဲ့လည်း နည်းဥပဒေနဲ့ ထိန်းချုပ်ထားတာ ဖြစ်တဲ့အတွက် ကျနော်တို့က ဒီဥပဒေတွေကို ထည့်မတွက်နိုင်ပါဘူး” ဟု ကိုအောင်မှိုင်းဆန်းက ဧရာဝတီကို ပြောသည်။
လက်ပံတောင်းတောင် စီမံကိန်း သပိတ်ကို အကြမ်းဖက်ဖြိုခွဲမှုနှင့် ပတ်သက်ပြီး နိုင်ငံတဝန်း မြို့ကြီးများ၌ ဒီဇင်ဘာလ ၁၂ ရက်နေ့မှ စတင်၍ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များက ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြသည်။