လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်တန့်ရေးနှင့် ဆန္ဒပြ သပိတ်စခန်းများ အင်အားသုံးဖြိုခွင်းမှုကို ကန့်ကွက်သည့် ဆန္ဒဖော်ထုတ် လမ်းလျှောက်ခြင်းကို သံဃာတော်များက ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
လက်ပံတောင်းတောင် သပိတ်စခန်းများအား အင်အားသုံး ဖြေရှင်းမှုတွင် သံဃာတော်များ ပြင်းထန်စွာ ထိခိုက် ဒဏ်ရာရရှိမှုအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား သမ္မတရုံးမှ တာဝန်ရှိသူများက တောင်းပန်ပြီးသည့် အတွက် ဖြစ်ကြောင်း၊ လက်ပံတောင်း စုံစမ်းရေး ကော်မရှင်၏ လုပ်ဆောင်ချက်များကိုလည်း စောင့်ကြည့်သွားမည် ဖြစ်ကြောင်း သံဃာတော်များက မိန့်သည်။
“ပြည်ထောင်စုဝန်ကြီး နှစ်ဦးနဲ့ အစိုးရအဖွဲ့တွေက ၈၈ ကျောင်းသားတွေနဲ့ ကြားကနေ စေ့စပ်ညှိနှိုင်းပေးတဲ့အနေနဲ့ ဦးဇင်းတို့ကို ဒီလိုပွဲလေး စီစဉ်ပေးလို့ရမလား မေးမြန်းတဲ့အတွက် ဒီလို စီစဉ်ဖြစ်တာပါ။ ဦးပဇ္ဈင်းတို့ အဓိက တောင်းဆိုတဲ့ အချက် ၃ ချက်က တောင်းပန်ဖို့၊ အရေးယူပေးဖို့နဲ့ ပြန်လွှတ်ဖို့ပါ။ အရေးယူပေးဖို့က စုံစမ်း စစ်ဆေးရေးကော်မရှင် အပိုင်းပေါ့။ ပြန်လွှတ်ပေးဖို့ကြတော့လည်း အာမခံနဲ့ လွှတ်ထားတာကို လုံး၀ ပြန်လွှတ်ဖို့ ပြောတဲ့အခါမှာ ရုံးလုပ်ထုံး လုပ်နည်းအတိုင်း သွားရမှာဆိုတဲ့အတွက် ဦးဇင်းတို့စောင့်ကြည့်ရမှာပါ။ အခုဟာက တောင်းပန်တဲ့အပိုင်းပေါ့လေ။ ဒီလို တောင်းပန်လိုက်တဲ့အတွက် ဆန္ဒထုတ်ဖော်မှုတွေ ရပ်သွားတယ်” ဟု မန္တလေး ဘဝအလင်းကျောင်းတိုက်မှ ဆရာတော် ဦးဥတ္တမသာရ ဧရာဝတီသို့ မိန့်သည်။
လက်ပံတောင်းတောင် ဖြိုခွင်းမှုတွင် ဒဏ်ရာရရှိကြသော ရဟန်း၊ သာမဏေများအား ပြည်ထောင်စု အစိုးရအဖွဲ့ ကိုယ်စား သမ္မတရုံးမှ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက တောင်းပန်လျှောက်ထားခြင်း အခမ်းနားကို ဒီဇင်ဘာလ ၁၅ ရက်နေ့ နေ့လည် ၂ နာရီကျော်အချိန်တွင် မန္တလေးမြို့ အတုမရှိ ကျောင်းတော်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
အဆိုပါတောင်းပန်ပွဲသို့ လက်ပံတောင်းတောင် ဖြိုခွင်းမှုတွင် ဒဏ်ရာရရှိခဲ့သော ဆရာတော်များ၊ အကြမ်းဖက်မှု အပေါ်တွင် ပြန်လည်တောင်းပန်ရန်အတွက် ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်ခဲ့သည့် ဆရာတော်များ တက်ရောက်ကြသည်။
အစိုးရအဖွဲ့တွင် ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်း၊ ကျန်းမာရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေသက်ခင်၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့်၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးနှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲချုပ် ကျော်ကျော်ထွန်းတို့ ပါဝင်သည်။
အခမ်းနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ဘုရားတပည့်တော်သည် ဗုဒ္ဓဘာသာဝင်တဦးဖြစ်ပြီး ဗုဒ္ဓဘာသာကိုလည်း သက်ဝင်ယုံကြည်သူ ဖြစ်ကြောင်း၊ သံဃာတော်များ ယခုကဲ့သို့ မမျှော်လင့်ဘဲ ထိခိုက်အနာတရ ဖြစ်ခဲ့ရခြင်း အတွက် များစွာ စိတ်မကောင်း ဖြစ်ရပါကြောင်း၊ ကြွရောက်လာသော အရှင်သူမြတ်တို့အား ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား တောင်းပန်လျှောက်ထားပါကြောင်း၊ သံဃာတော်များအနေဖြင့် မိမိတို့၏ ဆွမ်း ဒကာ၊ ဒကာမများ၏ ဆန္ဒကို စာနာလိုက်လျောပြီး ယခုကဲ့သို့ သပိတ်စခန်းများတွင် ရောက်ရှိပါဝင်ခဲ့ခြင်းဖြစ်မည်ဟု ယူဆမိပါကြောင်း၊ မမျှော်လင့်ဘဲ ထိခိုက်နာကျင်မှုများ ဖြစ်ပေါ်ခဲ့ရသည့် အပေါ်တွင် နှစ်ဦးနှစ်ဖက် အကျေအလည် ညှိညှိနှိုင်းနှိုင်း အဖြေရှာပြီး ဆောင်ရွက်လျှင် အကျိုးရှိမည်ဟု ထင်မြင်ယူဆမိပါကြောင်း လျှောက်ထားခဲ့သည်။
ထို့နောက် နိုင်ငံတော် သြဝါဒစရိယ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ဇောတိကာရာမဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တကဝိန္ဒနှင့် ဆရာတော်များက သြဝါဒ ချီးမြှင့်ကြသည်။
လက်ပံတောင်းအရေးတွင် ဒဏ်ရာရရှိကြသည့် ရဟန်း၊ သာမဏေများမှ နိုင်ငံတော် အစိုးရ၏ တောင်းပန်ခြင်းအပေါ် သည်းခံခွင့်လွှတ်ပါကြောင်းကို ဆရာတော် သံဃာတော်များက ပါဠိဘာသာဖြင့် ရွတ်ဆို ပြန်လည်မိန့်ကြားခဲ့သည်။
တချို့သော သံဃာတော်များကလည်း လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်တန့်သည်အထိ ဆန္ဒဆက်ပြရေးအတွက် စီစဉ်မှုများရှိသကဲ့သို့ တချို့သံဃာတော်များကလည်း ကော်မရှင်အနေဖြင့် မည်ကဲ့သို့ လုပ်ဆောင်မည်ကို စောင့်ကြည့် မည်ဟုလည်း သိရသည်။
“လက်ပံတောင်းတောင် စီမံကိန်း လုံးဝရပ်ဆိုင်းဖို့ ကိစ္စကတော့ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကိုပဲ ဦးပဇ္ဈင်းတို့ စောင့်ကြည့် ရမယ်။ တကယ်လို့ သင့်တင့်မျှတတဲ့ ဖြေရှင်းချက်တွေ ဖြစ်မယ်ဆိုရင် လက်ခံပေးရမှာပေါ့” ဟု မုံရွာမြို့ ဇောတိကာရာမ ကျောင်းတိုက်မှ ဆရာတော်တပါးက မိန့်ကြားသည်။
ထို့တောင်းပန်ပွဲပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း အာဏာပိုင်များက နိုဝင်ဘာလ ၂၉ ရက်နေ့နံနက် သပိတ်စခန်းဖြိုခွဲစဉ် သပိတ်စခန်းများမှ သိမ်းဆည်းသွားခဲ့သော ရေသန့်ဗူးများ၊ ဆိုင်ကယ်များ၊ မီးစက်များကို ဒေသခံများထံသို့ လာရောက် ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
တဆက်တည်းတွင် ယနေ့နံနက်၌ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် တုံရွာတွင် ဒေသခံရွာသူရွာသား ၃၀ ခန့်က သပိတ်စခန်းဖြင့် လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ငြိမ်းချမ်းစွာ ဆက်လက်ဆန္ဒပြနေကြောင်း သိရသည်။
“လောလောဆယ်တော့ တောင်းပန်ပွဲ နောက်ဆက်တွဲ ဘာတွေ ဆက်လက် အကောင်အထည်ဖော်မလဲ ဆိုတာနဲ့ ကော်မရှင်က ဘယ်လို ဆက်လုပ်မလဲဆိုတာ ဆန္ဒပြသူတွေက စောင့်ကြည့်နေဆဲဖြစ်တယ်လို့ သိရတယ်” ဟု မုံရွာ အခြေစိုက် ပွင့်လင်းလူ့အဖွဲ့အစည်းက ပြောသည်။
ဒီဇင်ဘာလ ၇ ရက်နေ့တွင် ပြည်ထောင်စု အစိုးရကိုယ်စား သာသနာရေးဝန်ကြီး သူရ ဦးမြင့်မောင်က ထိခိုက်ဒဏ်ရာ ရခဲ့ကြသည့် သံဃာများနှင့် ပတ်သက်၍ ရန်ကုန်ရှိ သံဃမဟာ နာယကဆရာတော်များကိုသာ လျှောက်ထား တောင်းပန်ခဲ့ရာတွင် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သေးသည်။
မန္တလေး ကန်တော်နဒီတွင် တက်ရောက် ဆေးကုသနေသော ဒဏ်ရာရ သံဃာတော် ၄ ပါးကိုလည်း ရန်ကုန် ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်က ရောက်ရှိခဲ့သည်။
ဒေါ်နော်အုန်းလှ အပါအဝင် လက်ပံတောင်းအရေး ဆန္ဒပြ၍ ဖမ်းဆီးခံခဲ့ရသူများကိုလည်း သက်ဆိုင်ရာ တရားရုံးများက ကြားဖြတ် အာမခံများဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။ ထို့အပြင် ဒီဇင်ဘာလ ၁၂ ရက်နေ့ လမ်းလျှောက် ချီတက်ဆန္ဒပြမှုတွင် ပါဝင်၍ ဖမ်းဆီးထားသော ဗကသ အဖွဲ့ဝင် ၄ ဦးကိုလည်း နိုင်ငံတော်သမ္မတရုံး၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်ပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်နှင့် အဖွဲ့ဝင် ၃၀ ပါဝင်သော စုံစမ်းရေး ကော်မရှင်တရပ်ကို ထုတ်ပြန်ခဲ့ပြီး ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ပါဝင်သော အဖွဲ့ဝင် ၁၆ ဦးနှင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ သို့သော် အဆိုပါ ကော်မရှင်သစ်၏ လုပ်ငန်းများတွင် အဓိက တခုဖြစ်သော ဆန္ဒပြသပိတ် ဖြစ်ရခြင်း အကြောင်း၊ သပိတ်စခန်းများအား ဖြိုခွင်းမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးခြင်း တာဝန်များ ပါဝင်လာမှု မရှိသည့်အပေါ် ဝေဖန်မှုများ ရှိခဲ့သည်။
သို့သော် လက်ပံတောင်း ကော်မရှင်၏ အစည်းအဝေးမှတဆင့် ကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၎င်းကိစ္စများကို ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းသွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
လက်ပံတောင်း ကော်မရှင်က သတင်းထုတ်ပြန်ချက် ၂/၂၀၁၂ ကို ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ မီးခိုးဗုံးများ အသုံးပြုပြီး လူစုခွဲ ဆောင်ရွက်ခဲ့ရာ သံဃာအချို့နှင့် လူတချို့ မီးလောင်ဒဏ်ရာများ ရခဲ့ကြောင်း၊ ကော်မရှင်က ကန်တော်နဒီဆေးရုံသို့ သွားရောက်လေ့လာကြည့်ရှု့ခဲ့ကြောင်း၊ မီးလောင်ဒဏ်ရာရခဲ့ကြသူ လူနာများကို နိုင်ငံတော်က တာဝန်ယူနေကြောင်း၊ ထို့ကြောင့် အကူအညီ လိုအပ်သူများအနေဖြင့် ကော်မရှင်သို့ ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်းတို့ ပါဝင်သည်။
လက်ပံတောင်း သပိတ်စခန်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွဲခဲ့မှုကြောင့် မီးလောင် ဒဏ်ရာရခဲ့သော သံဃာတော်များအနက် ဦးတိက္ခဉာဏသည်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ကူညီပေးမှုကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ဒီဇင်ဘာလ ၁၃ ရက်နေ့က သွားရောက် ဆေးကုသခွင့် ရခဲ့သည်ဟု ဦးတိက္ခဉာဏ၏ သားဖြစ်သူ ဒေါက်တာ နေသူရိန်၏ အဆိုအရ သိရသည်။
ဆေးကုသစရိတ်အဖြစ် ဘန်ကောက်ဆေးရုံကြီးတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ငွေကြေးစိုက်ထုတ်ကာ နိုင်ငံတော်မှ ထိုင်းဘတ်ငွေ ၁ သန်းကို ကူညီပေးခဲ့သည်။ ထို့အပြင် လက်ပံတောင်းကော်မရှင်မှ အမေရိကန် ဒေါ်လာ ၃၅၀၀ ကိုလည်း အကူအညီပေးခဲ့ကြောင်း ထိုင်းနိုင်ငံရောက် ရွှေညဝါ ဆရာတော် ဦးပညာသီဟက ဧရာဝတီသို့ မိန့်သည်။
ထို့အပြင် တခြားသော အလှူရှင်များ စုစည်းကာ ဦးတိက္ခဉာဏ ဆေးကုသစာရိတ်အတွက် ကျပ်သိန်း ၁၀၀ ခန့်လည်း မိသားစုဝင်များအား ပေးအပ်လှူဒါန်းခဲ့ကြောင်း ရွှေညဝါဆရာတော်က ဆက်လက်မိန့်ကြားသည်။
အဆိုပါ ဆရာတော်နှင့် ဒဏ်ရာရ သံဃာတော်များအတွက် ဆေးဝါး ကုသစရိတ်များ ရရှိရန် ရွှေညဝါ ဆရာတော် ဦးပညာသီဟသည်လည်း ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် ချင်းမိုင်မြို့များတွင် တရားပွဲများ ကျင်းပကာ ရန်ပုံငွေ ရှာဖွေလျှက်ရှိသည်။
တခြားမီးလောင် ဒဏ်ရာရရှိသော သံဃာတော် ၄ ပါသည် နိုင်ငံကူးလက်မှတ်လုပ်ရန် အခက်အခဲများရှိနေသေး၍ ဆေးကုသွားရန်အတွက် စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သိရသည်။
ချင်းမိုင် အခြေစိုက် ဧရာဝတီသတင်းထောက် လင်းသန့် ပူးပေါင်းရေးသားသည်။