ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် ဗန်းမော် – လိုင်ဇာသွားသည့်လမ်းကို တပတ်ကျော်ကြာ လုံးဝပိတ်ထားရာမှ ယမန်နေ့မှ စတင်၍ ပြန်လည်ကာ အသွားအလာ ပြုလုပ်နိုင်လာပြီဖြစ်ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာလ ၆ ရက်မှစတင်ကာ ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နယ်နှင့် လဂျားယန်ရွာ အနီးတဝိုက်တွင် အစိုးရတပ် လှုပ်ရှားမူများ တိုးလာခဲ့ပြီး လက်နက်ကြီးများ အပြန်အလှန် ပစ်ခတ်မူများ ရှိခဲ့သည်။ ဒီဇင်ဘာလ ၁၀ ရက်ကျော်ချိန်တွင် တိုက်ပွဲအရှိန် မြင့်တက်လာခဲ့ပြီး ဒီဇင်ဘာ ၁၃၊ ၁၄ ရက်နေ့များတွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ရာ အစိုးရက လေကြောင်းမှ ကူညီပေးမှုများ ပြုလုပ်ခဲ့သည်။
“အစိုးရတပ်တွေ ပြန်ဆုတ်သွားလို့ လမ်းတွေပြန်ဖွင့်တယ် လို့တော့ ကြားတယ်။ အခု လမ်းပိတ်ထားတာက အစိုးရဘက်က ပိတ်ထားတာပါ” ဟု ဗန်းမော်မြို့တွင် နေထိုင်ကာ ဒုက္ခသည်များကို ကူညီစောင့်ရှောက် ပေးနေသည့် ခရစ်ယာန် ဘုန်းတော်ကြီး ဦးအောင်ဒန်က ပြောသည်။
ပြည်မမှနေ၍ လိုင်ဇာသို့ သွားနိုင်သည့် တခုတည်းသောလမ်း ဗန်းမော် – ဒေါ့ဖုန်းယန် – လိုင်ဇာလမ်းကို လိုင်ဇာအနီး တိုက်ပွဲ ပြင်းထန်ချိန် ဒီဇင်ဘာ ၁၀ ရက် ဝန်းကျင်ကတည်းက ဗန်းမော်မြို့မှ အသွားအလာအားလုံးကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။
ဗန်းမော် – လိုင်ဇာ လမ်းသည် တိုက်ပွဲအလွန်ဆိုးသည့် အခါမျိုးမှလွဲ၍ လမ်းခေတ္တ ပိတ်ခြင်းသာရှိပြီး ဆိုင်ကယ် ကယ်ရီများ အမြဲဖြတ်သန်းနေသော လမ်းဖြစ်သည်။
“ဒီလမ်းက ထူးဆန်းတယ် တိုက်ပွဲနည်းနည်းစဲတာနဲ့ ဆိုင်ကယ်သမားတွေ ပြန်တက်ကြတဲ့လမ်း၊ ဟိုတလောက တိုက်ပွဲတွေ သိပ်ဆိုးတုန်းက အစိုးရက ပိတ်ထားတာ အခုတော့ ကျနော်တို့ရဲ့ ခရစ်ယာန် ဘုန်းတော်ကြီး တပါးတောင် ဗန်းမော်ကနေ ဒေါ့ဖုန်းယန်သွားပြီး ပိတ်မိနေတာ အခုမှ ပြန်ရောက်လာတယ်” ဟု ဦးအောင်ဒန်က ဆိုသည်။
တိုက်ပွဲများ ပြင်းထန်သည့်အချိန်တွင် ဗန်းမော်ဘက်မှ မြန်မာအစိုးရဘက်ကလည်း လမ်းပိတ်ထားပြီး ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ကလည်း လိုင်ဇာဘက် လမ်းကိုပိတ်ထားကြောင်း သူက ဆက်ပြောသည်။
ဗန်းမော် – လိုင်ဇာ လမ်းသည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ အတွင်းက ကုလသမဂ္ဂ အကူအညီများ ကချင်ပြည်နယ်သို့ ပို့ဆောင်ရာတွင် အသုံးပြုခဲ့သည့် လမ်းဖြစ်သည်။
“အခုလည်း လက်နက်ကြီးသံတွေ ကြားနေရတယ်လို့ လိုင်ဇာက လူတွေ ဖုန်းဆက်ပါတယ်” ဟု ကချင် နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်မှ ဗန်းမော်ခရိုင် တာဝန်ခံ ဦးနန်ဇင်း တူးဂျာက ပြောသည်။
၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေမှ စတင်ကာ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် အစိုးရတပ်ကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး သမ္မတ ဦးသိန်းစိန်က တပ်မတော်ကို ထိုးစစ်ဆင်ခြင်းမပြုရန် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ညွှန်ကြားခဲ့ သော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။