တနင်္သာရီတိုင်း ထားဝယ်ဒေသ ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တွင် ၂၀၁၃ နှစ်ဆန်းပိုင်းမှ စ၍ အသေးစား စက်မှုလုပ်ငန်း စက်ရုံများကို စတင် တည်ဆောက်တော့မည်ဟု သိရသည်။
ထိုင်းဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်၏ ယမန်နေ့က ထားဝယ်ဒေသ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းသိန်းစိန်နှင့် တွေ့ဆုံ၍ စီမံကိန်း ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
“သဘာ၀ ပတ်ဝန်းကျင် မထိခိုက်တဲ့၊ အလုပ်ကိုင်အခွင့်လမ်း အများအပြား ဖန်တီးပေးနိုင်မယ့် အထည်ချုပ်စက်ရုံ၊ အီလက်ထရွန် နစ် ပစ္စည်းစက်ရုံ၊ ကွန်ပျူတာ စက်ရုံ စတဲ့ အငယ်စား စက်ရုံတွေကို အရင်စပြီးလုပ်ဖို့ ဆွေးနွေးခဲ့ပါတယ်”ဟု ထားဝယ်အထူး စီးပွားရေးဇုန် အထောက်အကူပြု ယာယီလုပ်ငန်းအဖွဲ့ ဥက္ကဌ ဦးတင်မောင်ဆွေက ပြောသည်။
ထားဝယ် အထူးစီးပွားရေးဇုန်မှ တဆင့် ထိုင်း-မြန်မာ နှစ်နိုင်ငံကို ဆက်သွယ်မည့် ၄ လမ်းသွား အဝေးပြေးကားလမ်း တည်ဆောက် ရေး၊ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး၊ လျှပ်စစ် ဓာတ်အားပေးလိုင်းများ၊ ရေပိုက်လိုင်း၊ ဆက်သွယ်ရေးအတွက် ဖိုင်ဘာ ဆက်ကြောင်း (fiber optic) လိုင်း ဆက်သွယ်ခြင်းများ ကို ၂၀၁၃ တွင် စတင်လုပ်ဆောင်မည်ဟု ဆိုသည်။
ထို့အတူ စီမံကိန်း မြေနေရာမှ ပြောင်းရွှေ့ပေးရမည့် ရွာများ ပြန်လည် နေရာချထားရေး အတွက် လူနေအိမ်ရာ ၅၀၀ ဆောက်လုပ်ပြီးစီးပြီ ဖြစ်ကြောင်း၊ ယင်း နေအိမ်များအတွက် လျှပ်စစ်မီး၊ ရေရရှိရေးနှင့် လမ်းများ ဖောက်လုပ်ပြီးစီးပါက ရွာများ ရွှေ့ပြောင်းမည်ဖြစ် ကြောင်း ဦးတင်မောင်ဆွေ က ပြောသည်။
ထိုင်းဝန်ကြီးချုပ်က ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း အောင်မြင်စွာ ပြီးမြောက်ရေးအတွက် ကူညီမည်ဟု ကတိပေးပြောဆို သကဲ့သို့ သမ္မတ ဦးသိန်းစိန်ကလည်း ယခုစီမံကိန်းသည် မြန်မာနိုင်ငံ အတွက်သာမက မဟာမဲခေါင်ဒေသ တခုလုံးအတွက် အရေးကြီးသည့် စီမံကိန်း ဖြစ်သောကြောင့် ထိုင်း-မြန်မာ အစိုးရ ၂ ရပ်လုံးက အောင်မြင်ရန် ပူးပေါင်းလုပ်ဆောင်မည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
ထိုင်းဝန်ကြီးချုပ်သည် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးပြီး ရေနက်ဆိပ်ကမ်း ဆောက်လုပ်မည့် နေရာနှင့် စက်မှုဇုန် နေရာများသို့ သွားရောက် လေ့လာခဲ့ကြောင်း၊ ၎င်းနှင့်အတူ ထိုင်း စီးပွားရေးလုပ်ငန်းရှင်များလည်း လိုက်ပါလာကြောင်း သိရသည်။
အီတာလျံ-ထိုင်း ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေသော ထားဝယ်မြို့မှ ၃၆ မိုင်အကွာ၊ နဘူးလယ်ဒေသရှိ အထူးစီးပွားရေး ဇုန်သည် အကျယ်အဝန်းအားဖြင့် ၂၅၀ စတုရန်းမီတာ (၉၇ စတုရန်းမိုင်) ရှိပြီး ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်များ၊ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ စက်ရုံများ၊ ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံနှင့် စီးပွားရေးဆိုင်ရာ အဆောက် အအုံများ ပါဝင်မည်ဖြစ်သည်။
ထိုင်းနိုင်ငံ ရနောင်းခရိုင်ရှိ မက်ပ်တဖွတ် စက်မှုဇုန်အထိ ဆက်သွယ်နိုင်မည့် လျှပ်စစ်ရထားလမ်း ဖောက်လုပ်ရေးကိုလည်း နှစ်နိုင်ငံ စီမံကိန်း ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီက လေ့လာမှုများ ပြုလုပ်လျက်ရှိသည်။
စီမံကိန်းကြောင့် ရွှေ့ပြောင်းပေးရသည့် ဒေသခံများအတွက် လူမှုဖူလုံရေး ထောက်ပံ့စရိတ်များ ပေးအပ်ရန်၊ စိုက်ပျိုးရေးဆိုင်ရာ ပညာပေးခြင်းနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များကို သင်ကြားပေးရန် စီစဉ်နေကြောင်း၊ ထားဝယ်ဆေးရုံကိုလည်း မွမ်းမံမှုများ ပြုလုပ်ပေးရန် ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူရပေါင် တိုဝိချခ်ချိုင်ကူလ် ၏ ပြောကြားချက်ကို ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။
ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် ဒေသခံများ၏ လယ်ယာခြံမြေများ ဆုံးရှုံးရကြောင်း၊ စီမံကိန်းကြောင့် ဒေသခံများ၏ လူနေမှုဘဝများအပြင် ပတ်ဝန်းကျင်ထိခိုက်မှု၊ ဂေဟစနစ်ပျက်စီးမှုများ ရှိလာမည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူများနှင့် ဒေသခံများ၏ ဝေဖန်ရှုတ်ချမှုများလည်း ရှိနေသည်။