ကချင်ပြည်နယ် ကာမိုင်းမြို့နယ် ရဲစခန်းကို ယနေ့ နံနက် စောစောပိုင်းတွင် ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA) တပ်ရင်း ၆ မှ တပ်စိတ် တခုက ဝင်ရောက်စီးနင်းခဲ့ရာ လူ ၄ ဦးသေဆုံးကြောင်း KIA ရှေ့တန်းစခန်းမှ အရာရှိတဦးက ပြောသည်။
ဝင်ရောက်စီးနင်းမူကြောင့် ရဲ စခန်းတွင်ရှိနေသူ ၃ ဦးသေဆုံးခဲ့ပြီး KIA ဘက်မှလည်း တဦးသေဆုံး ခဲ့သည်ဟု ဆိုသည်။
ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် စခန်းကိုစွန့်ခွာသွားပြီး KIA က လက်နက်မျိုးစုံ ၂၀ ကျော်ကို သိမ်းယူရရှိခဲ့ကြောင်း၊ ရဲ စခန်းတွင်းရှိ အချုပ်ခန်းကိုလည်း ဖွင့်ပေးခဲ့ကြောင်း သိရသည်။
“ကျနော်တို့ တပ်ဖွဲ့တွေအနေနဲ့ အဲဒီနေရာမှာ အမြဲတမ်း တပ်စွဲထားဖို့ မရှိပါဘူး”ဟု အဆိုပါ KIA ရှေ့တန်းစခန်းမှ အရာရှိက ပြော သည်။
ရဲစခန်းသည် ကာမိုင်းမြို့အဝင်ဝတွင်ရှိပြီး တိုက်ခိုက်ရေး ရဲတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် နေရာဖြစ်ကြောင်း၊ ကာမိုင်းမြို့အဝင်မှ လိုင်နောင်း တံတားကိုလည်း ဖောက်ခွဲခဲ့ကြောင်း သိရသည်။
“တံတားက ဆိုင်ကယ်သွားလို့ ရပါတယ်၊ ကားတော့ မသိသေးပါဘူး၊ အများကြီး ပျက်စီးသွားတာ မဟုတ်ပါဘူး”ဟုလည်း KIA ရှေ့တန်းစခန်း အရာရှိက ဆိုသည်။
ရဲ စခန်း စီးနင်းမူပြုလုပ်နေစဉ် ဖားကန့်မြို့တွင်းမှ အစိုးရစစ်တပ်ကလည်း KIA တပ်များရှိရာသို့ လက်နက်ကြီးဖြင့် ၁၀ ကြိမ်ကျော်ပစ်ခတ်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ဖားကန့်မှ မြစ်ကြီးနားသို့ဆင်းမည့် မော်တော်ယဉ် အသွားအလာများ ရပ်ဆိုင်းထားကြောင်း သိရသည်။
ထိုကဲ့သို့ တိုက်ခိုက်မှုများကြောင့် ကာမိုင်း ရဲစခန်းမှ ရဲ တပ်ကြပ် စိုးမင်းသူ ကျဆုံးခဲ့ပြီး ဒေါ်မေမွှေးမွန်(ဒု ရဲအုပ် အောင်ထွန်းဦး ၏ မိခင်)၊ မတင်မေအောင်(ဒု ရဲအုပ် အောင်ထွန်းဦး ၏ ညီမ)တို့ သေနတ်မှန်၍ သေဆုံးခဲ့ကြောင်း၊ ရဲ တပ်ကြပ် ထွန်းအေး မှာ ဝမ်း ဗိုက်တွင် သေနတ် ဒဏ်ရာရရှိပြီး စိုးရိမ်းရကြောင်း၊ ဒု ရဲအုပ် အောင်ထွန်းဦး ၏ ဇနီးသည်လည်း ဦးခေါင်းတွင် သေနတ်ဒဏ်ရာ ရရှိပြီး စိုးရိမ်ရကြောင်း၊ ၎င်းတို့ကို ကာမိုင်း ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ထံမှ စုံစမ်းသိရှိရသည်ဟု The Voice Weekly အင်တာနက် စာမျက်တွင်လည်း ဖော်ပြထားသည်။
ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါဒေသတွင် KIA တပ်ဖွဲ့ဝင်များ ဆုတ်ပေးခဲ့ရသည့် အရေးပါသော ရှေ့တန်းတပ် စခန်း တခု ကို ဒီဇင်ဘာ ၁၀ ရက်နေ့က အစိုးရတပ်ဖွဲ့ဝင်များထံမှ KIA က ပြန်လည် သိမ်းပိုက်ခဲ့သေးသည်။
ဒီဇင်ဘာ ၁၄ ရက်နေ့ နံနက် စောစောပိုင်းကလည်း ကချင်ပြည်နယ် လဂျားယန် ဒေသအတွင်းရှိ KIA စခန်းများကို အစိုးရ ပူးပေါင်း တပ် များက ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် KIA က အမြင့်ဆုံး တပ်လှန့်ထားခဲ့သည်။ အစိုးရတပ် ခြေမြန်တပ်ရင်း (ခမရ) ၃၈၈၊ ၃၈၃ နှင့် ခြေလျင်တပ်ရင်း (ခလရ) ၄၀ ပူးပေါင်းတပ်များ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် KIA လိုင်ဇာဌာနချုပ် အပါအဝင် ရှေ့တန်း စခန်းများကို တပ်လှန့်ထားခဲ့ခြင်း ဖြစ်သည်။
အစိုးရနှင့် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့(KIO) သည် ၁၉၉၄ ခုနှစ်၌ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားပြီးနောက် ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ရာ အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့သည်။
ယင်း တိုက်ပွဲများကြောင့် အစိုးရနှင့် KIO ကြား ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှစတင်၍ ၂၀၁၂ ခုနှစ် အတွင်း အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြသော်လည်း ယနေ့အထိ ရေရာသည့် သဘောတူညီချက် တစုံတရာ မရရှိသေးပေ။