ကမ္ဘာကျော် ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင် တရုတ်မင်းသား ဂျက်လီသည် နိုဝင်ဘာလက စစ်ကိုင်းတိုင်း ရွှေဘိုကို ဗဟိုပြု လှုပ်ခတ်သွားသည့် အင်အားပြင်း မြေငလျင်ဒဏ်ခံဒေသများရှိ စာသင်ကျောင်းများ ပြန်လည် တည်ဆောက်ရေးအတွက် အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဂျက်လီက ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူကာ တည်ထောင်ထားသည့် One Foundation က မြေငလျင်ကြောင့် ပျက်စီးသွားသော စာသင်ကျောင်း ၃ ကျောင်းကို ပြန်လည် ဆောက်လုပ်ပေးရန် စီစဉ်နေသည်ဟု မြန်မာနိုင်ငံအခြေစိုက် တရုတ်ဘာသာနှင့် ရေးသားသည့် MMGP မီဒီယာ၌ လွန်ခဲ့တဲ့ သီတင်းပတ်က ဖော်ပြထားသည်။
ဂျက်လီ၏ ဖောင်ဒေးရှင်း အင်တာနက် စာမျက်နှာတွင် တရားဝင်ကြေညာခြင်း မရှိသေးသော်လည်း မင်းသား ဂျက်လီက ဧရာဝတီသို့ တယ်လီဖုန်းမှတဆင့် “ဘယ်လို အကူအညီတွေကို ပံ့ပိုးကူညီသွားရမယ် ဆိုတာတော့ ကျတော်တို့ အတိအကျဖြစ်ဖို့ ဆွေးနွေးနေဆဲပါ။ အဲဒီက ကလေးတွေကို ထိထိရောက်ရောက် ကျနော်တို့ ကူညီနိုင်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
တရုတ်နိုင်ငံတွင် အမျိုးသားရေးဆိုင်ရာ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် အကြီးဆုံး ဖောင်ဒေးရှင်းကြီး တခုဖြစ်သည့် One Foundation ၏ Rescue Alliance အဖွဲ့ဝင်များသည် နိုဝင်ဘာလ ၁၁ ရက်နေ့က အင်အား ၆.၈ ရစ်ချ်တာ စကေး မြေငလျင် လှုပ်ခတ်ခဲ့သော ထိခိုက်မှုများသော ဒေသသို့ ပထမဆုံး နိုင်ငံခြား ကယ်ဆယ်ရေး အသင်းအနေဖြင့် သွားရောက်ခဲ့သည်။
အဆိုပါ မြေငလျင်ကြောင့် လူ ၁၁ ဦးသေဆုံးခဲ့ပြီး ဘုရား၊ စေတီ၊ ပုထိုးနှင့် ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ လူနေ အိမ်များ၊ ဆေးရုံများ၊ တံတားများ ပြိုကျပျက်ဆီးသွားခဲ့ရပြီး လူပေါင်း ၇၀ ခန့် ထိခိုက်ဒဏ်ရာ ရခဲ့ကြသည်။ ထို့အပြင် ထောင်နှင့်ချီသော လူများလည်း အိုးအိမ်များ ပျက်ဆီးဆုံးရှုံးခဲ့သည်။
ဂျက်လီ၏ ဖောင်ဒေးရှင်းအနေဖြင့် ကျောင်းသားဦးရေ အများဆုံးရှိပြီး ပျက်ဆီးမှု အများဆုံးဖြစ်သည့် စာသင်ကျောင်းများ ပြန်လည်ဆောက်လုပ် ကူညီပေးရေးကို အာရုံထား လုပ်ဆောင်သွားမည်ဟု MMGP တရုတ် သတင်း မီဒီယာတွင် ဖော်ပြထားသည်။
ဂျက်လီ ဖောင်ဒေးရှင်အနေဖြင့် အကူအညီပေးမှုများနှင့် ပတ်သက်၍ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် အတွင်းရှိ မြေငလျင်ဒဏ် အထိအနာဆုံး ဒေသရှိ စာသင်ကျောင်းများအတွက် ဖြစ်နိုင်ခြေများပြီး အလားတူ စစ်ကိုင်းတိုင်း ရွှေဘိုနှင့် ကျောက်မြောင်းမြို့နယ်များရှိ ကျောင်းများအတွက်လည်း ပါဝင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
တရုတ်မင်းသား ဂျက်လီကို မြန်မာ ရုပ်ရှင်ပရိသတ်များကလည်း အားပေးကြပြီး “Lethal Weapon 4” (၁၉၉၈)၊ “The Forbidden Kingdom” (၂၀၀၈) နှင့် “The Expendables” (၂၀၁၀) စသည်တို့သည် လူသိများသည့် သူ၏ ဇာတ်ကားများ ဖြစ်ကြသည်။
ဂျက်လီသည် ကျောင်းများ ပြန်လည်ဆောက်လုပ် လှူဒါန်းမှုများ လုပ်ဆောင်ပြီးနောက် ကျင်းပမည့် ဂုဏ်ပြု အခမ်းအနားတခုကိုလည်း တက်ရောက်ဖွယ်ရှိကြောင်း MMGP သတင်း အဆိုအရ သိရသည်။
“စာသင်ကျောင်းတွေ ဆိုတာဟာ မြန်မာနိုင်ငံမှာ အကောင်းဆုံး အဆောက်အဦလည်းဖြစ်တယ်။ ဒါပေမယ့် ဒါတွေက တော်တော်ကို ဆိုးဆိုးဝါးဝါး ပျက်ဆီးသွားခဲ့တယ်” ဟု အဆိုပါ ဖောင်ဒေးရှင်း ကယ်ဆယ်ရေး အဖွဲ့၏ တာဝန်ခံဖြစ်သူ Jiang Yili က တရားဝင် အင်တာနက ်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
ဧရာဝတီက အဆိုပါ တာဝန်ခံကိုလည်း ဆက်သွယ် မေးမြန်းခဲ့ရာ မှတ်ချက် တစုံတရာ မပေးခဲ့သော်လည်း အမြန်ဆုံး အသိပေးမည်ဖြစ်ကြောင်း၊ ဂျက်လီ၏ The One Foundation အနေဖြင့် အကူအညီပေးရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရုံးလုပ်ငန်းစဉ်များကို လုပ်ဆောင်နေဆဲဖြစ်ကြောင်း ပြောကြားသည်။