ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းပေါ်ရှိ ရွှေ သဘာ၀ ဓာတ်ငွေ့စီမံကိန်းကြောင့် ဒေသခံများက မိမိတို့ နစ်နာဆုံးရှှုံးမှုများအတွက် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (China National Petroleum Corporation – CNPC) ရုံးရှေ့၌ ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုမိန့် တောင်းခံရာ အာဏာပိုင်များက ခွင့်မပြုကြောင်း သိရသည်။
ရွှေဂက်စ်စီမံကိန်းကို ဦးဆောင် တည်ဆောက်နေသည့် တရုတ်နိုင်ငံ၏ အကြီးဆုံး ကုမ္ပဏီတခုဖြစ်သော CNPC ရုံးရှေ့၌ မဒေးကျွန်း ဒေသခံ ၃၀၀ ခန့်က မိမိတို့၏ ရပိုင်ခွင့်များအတွက် ဒီဇင်ဘာလ၂၆ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ရန် တင်ပြခြင်းကို ခွင့်မပြုကြောင်း၊ တောင်းဆိုချက်တချို့ကို ဆောင်ရွက်ပေးမည်ဟု အာဏာပိုင်အဖွဲ့က ပြောဆိုလိုက်ကြောင်း ဦးဆောင်သူ ကိုထွန်းကြည်က ဧရာဝတီသို့ ပြောသည်။
“စီမံကိန်းအတွက် သိမ်းထားတဲ့လယ်တွေကို နိုင်ငံတကာ စံနှုန်းအတိုင်း လျော်ကြေးပေးဖို့နဲ့ အလုပ်သမားတွေကို နိုင်ငံတကာ စံအတိုင်း လုပ်အားခပေးဖို့ ကိစ္စကိုတော့ နိုင်ငံတော်က လုပ်တာဖြစ်တဲ့အတွက် သူတို့ကလုပ် မပေးနိုင်ဘူးပေါ့။ ကျန်တဲ့ အချက်တွေကိုတော့ တရုတ်တွေနဲ့ ညှိပေးမယ်လို့ ကတိပေးပါတယ်” ဟု ၎င်းက ဆိုသည်။
ဆန္ဒထုတ်ဖော် တောင်းဆိုမည့် အချက်များတွင် အဓမ္မ သိမ်းယူထားသည့် လယ်မြေများအတွက် လျော်ကြေးကိစ္စ၊ အလုပ်သမားကတ် ရရှိထားသည့် ဒေသခံများ အလုပ်ရရှိရေး ဆောင်ရွက်ပေးရန်၊ မဒေးကျွန်းပေါ်ရှိ ပျက်စီးနေသည့် လမ်းများ ပြုပြင်တည်ဆောက်ပေးရေး စသည့် အချက်များ ပါဝင်သည်။
မဒေးကျွန်းပေါ်ရှိ လူနေအိမ်များ လျှပ်စစ်မီး ရရှိရေးနှင့် ဒေသခံများ လုံခြုံရေးအတွက် လူစိမ်းဧည့်သည်များအား စနစ်တကျ စိစစ်ဆောင်ရွက်ပေးရန်နှင့် ဒေသတဝိုက်ရှိ ပင်လယ်ပြင်၌ တနိုင်တပိုင် ငါးဖမ်းခွင့် ကန့်သတ် ပိတ်ပင်ထားခြင်းကို ပယ်ဖျက်၍ လွတ်လပ်စွာ ငါးဖမ်းဆီးခွင့်၊ သွားလာခွင့်တို့ကိုလည်း ဒေသခံများက တောင်းဆိုကြရာ ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူးနှင့် ဒေသဆိုင်ရာ အာဏာပိုင်တို့က CNPC မှ တရုတ်တို့နှင့် ညှိနိုင်း၍ ဆောင်ရွက်ပေးမည် ဆိုသည့်အတွက် ဆန္ဒထုတ်ဖော်မည့် အစီအစဉ်ကို ရွှေ့ဆိုင်ထားကြောင်း ကိုထွန်းကြည်က ဆိုသည်။
“အာဏာပိုင်တွေက ဒီလိုပဲ ခဏခဏ ကတိပေးတယ်၊ ဒါပေမယ့် ဘာမှလက်တွေ့လုပ်တာ မရှိသေးတော့ သူတို့ပြောတာကို ဒေသခံတွေက အယုံအကြည် မရှိကြဘူး။ ဒီတော့ ရက် ၂၀ စောင့်ကြည့်ဖို့ သဘောတူကြတယ်။ ဒီရက်အတွင်း ဘာမှ မထူးရင်တော့ ဆန္ဒထုတ်ဖော်မှု ဆက်လုပ်သွားကြမယ်” ဟုလည်း ၎င်းက ဆိုသည်။
ဆန္ဒထုတ်ဖော်မည့် ဒေသခံများကို အာဏာပိုင်များက ခေါ်ယူဆွေးနွေးရာတွင် ရခိုင်ဒေသတွင်း မကြာသေးခင်က ဖြစ်ပွားခဲ့သည့် ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီတို့အကြား ပဋိပက္ခများကြောင့် ဒေသဆိုင်ရာ အာဏာပိုင်များအပေါ် အများ၏ ဝေဖန်မှုကို ခံနေရကြောင်း၊ ယခုတဖန် ဆန္ဒပြမှုများ ထပ်မံဖြစ်ပေါ်ပေါက်လာပါက ၎င်းတို့ကို ပြစ်တင်ဝေဖန်မှု ထပ်မံခံရမည်ဖြစ်၍ ဆန္ဒထုတ်ဖော်မှု မလုပ်ဆောင်ကြရန် မေတ္တာရပ်ခံကြောင်း လည်းသိရသည်။
ဂက်စ်ပိုက်လိုင်း စတင်သည့် မဒေးကျွန်းအနီးရှိ ပင်လယ်ပြင်၌ ဒေသခံများ ငါးဖမ်းခွင့် ပိတ်ထားသည့်အပြင် ပင်လယ်ပြင်ရှိ သဘာ၀ သန္တာကျောက်တန်း အများအပြားကို CNPC ကုမ္ပဏီက မိုင်းခွဲဖျက်ဆီးခြင်းကြောင့် သန္တာကျောက်တန်းများ ပျက်စီးသွားပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းနှင့် ရေနေသတ္တဝါ အများအပြား သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။
ထို့အတူ မဒေးကျွန်းပေါ်ရှိ တည်ဆောက်နေသော စီမံကိန်းများကြောင့် လယ်မြေများ၊ ဥယာဉ်ခြံမြေများ အဓမ္မ သိမ်းယူခံရသည့်အပြင် ကျန်ရှိနေသည့် ဥယာဉ်ခြံများကိုလည်း လုပ်ကိုင်စားသောက်ခွင့် မရ ဖြစ်နေကြောင်း၊ ဒေသခံ အမျိုးသမီးများအတွက် လုံခြုံမှု နည်းပါးနေကြောင်း ခြံပိုင်ရှင် အမျိုးသမီးတဦးက ပြောသည်။
၎င်းက “ကျွန်းပေါ်မှာ လူမျိုးေပေါင်းစုံပြီး စရိုက်အစုံတွေ ရောက်လာတော့ အမျိုးသမီးတွေ အလုပ်ခွင်အတွက် အပြင်ထွက်ရတာ လုံခြုံမှု မရှိဘူး။ မကြာခင်ရက်ကလည်း ၇ နှစ်အရွယ် မိန်းကလေးငယ်တဦး အဓမ္မကျင့်ခံရပြီး အသတ်ခံ လိုက်ရတယ်။ ကျမတို့ ဒေသတွေမှာ အရင်က ဒီလိုအဖြစ်ဆိုးမျိုး မရှိဘူး” ဟု ဆိုသည်။
မဒေးကျွန်းပေါ်ရှိ စီမံကိန်း တည်ဆောက်နေသော တရုတ်နိုင်ငံသားများနှင့် ကုမ္ပဏီဝန်ထမ်းများ အသုံးပြုရန် ရေလှောင်ကန် တခုအတွက် လယ်ဧက ၆၀ ခန့်ကို သိမ်းယူ တည်ဆောက်ထားပြီး ကန်ပတ်လည်ရှိ မိမိတို့ပိုင် ဥယာဉ်ခြံများကို လွတ်လပ်စွာလုပ်ကိုင် စားသောက်ခွင့်၊ ကျွဲ၊ နွား စသည့် တိရစ္ဆာန်များ မွေးမြူခွင့် မရရှိတော့ကြောင်း ဆန္ဒပြမည့် အဖွဲ့ခေါင်းဆောင် ကိုထွန်းကြည်က ပြောသည်။
၎င်းက “ရေကန် တဝိုက်က ဥယာဉ်ခြံတွေထဲကို သွားလာခွင့် ကန့်သတ်ထားတော့ ဘာမှ လုပ်စားလို့မရဘူး။ ဘာမှ လုပ်မရတော့တဲ့အတွက် ဒီခြံတွေကို ဝယ်ပါဆိုလည်း မဝယ်ဘူး၊ သိမ်းပါဆိုလည်း မသိမ်းဘူး၊ နစ်နာကြေးလည်း မပေးဘူး”ဟု ဆိုသည်။
မဒေးကျွန်းနှင့် မလာကျွန်းတို့ပေါ်တွင် ကျောက်ဖြူရေနက် ဆိပ်ကမ်း စီမံကိန်းနှင့် ဂက်စ်ပိုက်လိုင်း၊ ရေနံပိုက်လိုင်း၊ ရေနံသိုလှောင်ကန် စသည်တို့ကို တည်ဆောက်နေပြီး ရာခိုင်နှုန်း အများအပြား ပြီးစီးနေပြီဟု သိရသည်။
ထိုစီမံကိန်းများကြောင့် ဒေသခံ ပြည်သူများအပေါ် လူအခွင့်အရေး ချိုးဖောက်မှုမျိုးစုံ ဖြစ်ပေါ်နေသည့်အတွက် ဒေသဆိုင်ရာ အာဏာပိုင်များ၊ သက်ဆိုင်ရာအဖွဲ့များ၊ နိုင်ငံရေးပါတီများထံ မကြာခဏ တိုင်ကြား တင်ပြခဲ့သော်လည်း လာရောက်စစ်ဆေးမှု၊ ထိရောက်စွာ ဆောင်ရွက်ပေးမှု လုံး၀ မရှိသေးကြောင်း ဒေသခံများက ပြောသည်။ မဒေးကျွန်းပေါ်ရှိ CNPC ကုမ္ပဏီအတွက် ရဲစခန်းတခုနှင့် ရဲဝန်ထမ်း ၃၀ ဝန်းကျင်က လုံခြုံရေးတာဝန် ယူပေးထားကြောင်းလည်း သိရသည်။