ရန်ကုန် တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့မှ ဆရာများသမဂ္ဂ၏ အလုပ်အမှုဆောင် ဆရာ၊ ဆရာမများအား ပညာရေးဝန်ကြီးဌာနက မည်သည့် အကြောင်းပြချက်မှမရှိဘဲ နယ်ဝေး တက္ကသိုလ်များသို့ ယခုလအတွင်း ပြောင်းရွေ့လိုက်ကြောင်း သိရသည်။
ပြောင်းရွေ့ခံရသည့် ဆရာများမှာ မန္တလေးတက္ကသိုလ် ဆရာများသမဂ္ဂမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး အပါအဝင် အလုပ်အမှုဆောင် ၇ ဦး ပါဝင်ပြီး၊ ဥက္ကဋ္ဌ ဒေါက်တာ သက်လွင်အား စစ်တွေတက္ကသိုလ်၊ အတွင်းရေးမှူး ဦးသုတအား ကျိုင်းတုံတက္ကသိုလ်၊ ဒေါက်တာ ခင်လှိုင်မြင့်အား မိုးညှင်းတက္ကသိုလ်၊ ဒေါက်တာ ဝင်းဝင်းညွန့်အား ဗန်းမော်တက္ကသိုလ်၊ ဦးမင်းလွင်အား ပင်လုံတက္ကသိုလ်၊ ဒေါက်တာ နိုင်မျိုးလွင်နှင့် ဦးတင်ဦးလှိုင်အား မြစ်ကြီးနားတက္ကသိုလ်တို့သို့ ပြောင်းရွေ့လိုက်ခြင်း ဖြစ်သည်။
ဤသို့အကြောင်းပြချက်မရှိဘဲ ပြောင်းရွေ့လိုက်ခြင်းသည် တက္ကသိုလ်ဆရာများသမဂ္ဂ ဖွဲ့စည်း၍ ဖြစ်ကြောင်း၊ သမဂ္ဂ၏ လုပ်ဆောင်ချက်များ လုပ်ကိုင်၍ မရစေရန်အတွက် လူစုခွဲလိုက်ခြင်းဖြစ်ကြောင်း မန္တလေးတက္ကသိုလ် ဆရာများသမဂ္ဂ အတွင်းရေးမှူး ဦးသုတက ဧရာဝတီသို့ ပြောသည်။
“သမဂ္ဂ အလုပ်အမှုဆောင်တွေချည်း ပြောင်းရွေ့ခံရတာကိုကြည့်ရင် ဒီဆရာများသမဂ္ဂကို မဖွဲ့စေချင်ဘူးဆိုတာ ပြောလို့ရတယ်၊ လူစုလို့ မရအောင်လုပ်တာပဲ” ဟု ဆရာ ဦးသုတက ဆိုသည်။
သမ္မတ ဦးသိန်းစိန်ကသာ ပြောင်းလဲမှုဟု ခေါ်ဆိုနေသော်လည်း ယခုပြောင်းရွေ့ခံရမှုက ပညာရေးဝန်ကြီးဌာနတွင် ပွင်လင်းမြင်သာမှု မရှိသည်ကို ပြသနေကြောင်း၊ တဦးတယောက်၏ စိတ်ဆန္ဒပေါ်တွင် မူတည်၍သာ လုပ်ကိုင်နေသည်မှာ ထင်ရှားကြောင်း ဆရာ ဦးသုတက ဆက်ပြောသည်။
ပညာရေး ဝန်ကြီးဌာနအတွင်း စီမံခန့်ခွဲရေး ညံဖျင်းမှု၊ နိုင်ငံတကာနှင့် ယှဉ်လျှင် ပညာရေးစနစ် နိမ့်ကျနေခြင်း၊ ပညာရေးဝန်ထမ်း အပြောင်းအရွေ့များတွင် ဘက်လိုက်မှုများ ရှိနေခြင်း၊ ထို့အပြင် ပညာရေးဝန်ထမ်းများ လူမှုအခွင့်အရေး ခံစားခွင့် နိမ့်ကျနေခြင်းကို ထောက်ပြမှုများအား အသစ်ဖွဲ့စည်းခဲ့သည့် တက္ကသိုလ် ဆရာများသမဂ္ဂသည် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မန္တလေးတက္ကသိုလ် ဆရာများသမဂ္ဂ ဥက္ကဋ္ဌ ဒေါက်တာသက်လွင်ကလည်း “ကျနော်တို့ အမှုထမ်းတွေဆိုတာက အကြောက်တရားနဲ့ ကြီးပြင်းခဲ့ရတာ။ အခုလို အမှုဆောင်တွေကို နယ်ဝေးရွေ့လိုက်တော့ ကျန်တဲ့အသင်းသားတွေလည်း ထင်ယောင်ထင်မှားဖြစ်တဲ့ အပြင် စည်းရုံးရေးခက်ခဲပြီး လူစုလို့ မရအောင်လုပ်လိုက်တော့ အသင်းပျက်သလို ဖြစ်သွားတာပေါ့” ဟု ဆိုသည်။
အလားတူ ရန်ကုန်တက္ကသိုလ် တက္ကသိုလ်ဆရာများသမဂ္ဂ ဥက္ကဋ္ဌ ဒေါက်တာ ဥက္ကာမြ အပါအဝင် အလုပ်အမှုဆောင်တချို့လည်း တခြားသော နယ်ဝေးတက္ကသိုလ်များသို့ ပြောင်းရွေ့ခံရသည်ဟု သိရသည်။
ထိုသို့ သမဂ္ဂအဖွဲ့ဝင် အလုပ်အမှုဆောင်ဆရာများ နယ်ဝေးသို့ ပြောင်းရွေ့ခံရသော်လည်း ပညာရေးဝန်ထမ်း ဆရာဆရာမများအရေး အပါအဝင် လူမှုလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နိုင်ရန် ကျန်ရှိ အသင်းသားများနှင့်အတူ နယ်ဝေးမှနေ၍ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မန္တလေးတက္ကသိုလ် ဆရာများသမဂ္ဂ အတွင်းရေးမှူး ဆရာ ဦးသုတက ဆိုသည်။
“မန္တလေးကိုသွားဖို့ ခရီးစရိတ်ကတော့ မတတ်နိုင်ဘူး။ ဒါပေမယ့် ဒီခေတ်ကြီးမှာ ဖုန်းထဲကနေ၊ အင်တာနက်ကနေ အစည်းအဝေး လုပ်နိုင်မယ်။ ကျနော်တို့ ကြိုးစားပမ်းစား ထောင်ထားတဲ့အဖွဲ့ အပျက်မခံနိုင်ဘူး” ဟု ၎င်းက ပြောသည်။
ထိုသို့ တက္ကသိုလ်ဆရာများသမဂ္ဂ အလုပ်အမှုဆောင်များ ပြောင်းရွေ့ခံရမှုနှင့် ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်ထံသို့ စာရေးသား ပေးပို့ထားကြောင်း၊ ထို့အပြင် မန္တလေးမြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရုံး (ILO) သို့လည်း တိုင်ကြားထားကြောင်း သိရသည်။
အဆိုပါပြောင်းရွေ့မှုနှင့် ပတ်သက်၍ ဧရာဝတီက အထက်မြန်မာပြည် အဆင့်မြင့်ပညာ ဦးစီးဌာနသို့ ဆက်သွယ် မေးမြန်းသော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။
မန္တလေးတက္ကသိုလ် ဆရာများသမဂ္ဂကို ပြီးခဲ့သည့် စက်တင်ဘာလက မန္တလေးတက္ကသိုလ် (ပင်မ)၊ နိုင်ငံခြားဘာသာသင် တက္ကသိုလ်၊ အဝေးသင် တက္ကသိုလ်တို့မှ ဆရာ၊ ဆရာများဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၊ မန္တလေးတိုင်းအတွင်းရှိ လူငယ်ဖွံဖြိုးရေး လုပ်ငန်းများကိုလည်း လုပ်ကိုင်နေသည့် အဖွဲ့ဖြစ်သည်။
ပညာရေး ဝန်ကြီးဌာန ဗဟိုအစိုးရ ဝန်ကြီးမှာ ဒေါက်တာ မြအေးဖြစ်ပြီး အထက်မြန်မာပြည် အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးမှာ ဒေါက်တာ စိုးဝင်း ဖြစ်သည်။