သံသယ တရားခံအဖြစ် ဖမ်းဆီးခံထားသူများအား ရဲများက ရိုက်နှက်ညှဉ်းပန်း၍ အတင်းအဓမ္မ ဖြောင့်ချက် ယူထားကြကြောင့့် တရားစီရင်ရေး ဥပဒေတွင် ပါဝင်သော သံသယအကျိုး ခံစားခွင့် ရရှိသူ အလွန် နည်းပါးသည်ဟု ရန်ကုန်အခြေစိုက် ရှေ့နေ များက ပြောကြသည်။
“မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပုလိပ်လက်အောက်က ထွက်လာတာဆိုတော့ ပုလိပ်ကျင့် ပုလိပ်ကြံတွေရှိတယ်။ ဒီကြားထဲ စစ်တပ်က လူတွေပါ ဝင်လာတော့ သူတို့ပါရောပြီး အဖျက်ဆီး ခံလိုက်ရတာ” ဟု တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းရေး ကော်မတီ အဖွဲ့ဝင် ရှေ့နေ ဦးသိန်းညွန့်က ဆိုသည်။
ရဲဥပဒေအရ သံသယ တရားခံများအား ရိုက်နှက်ညှဉ်းပမ်းခွင့်မရှိကြောင်း၊ တရားဥပဒေ စိုးမိုးရေး ခိုင်မာသော နိုင်ငံများတွင် နှိပ်စက်ခံရသူများ အနေဖြင့် တန်ပြန် တရားစွဲဆိုနိုင်ခွင့်များ ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ယင်းဥပဒေရှိသော်လည်း အသက်ဝင်မှု မရှိကြောင်း၊ တရားသူကြီးများ၏ ဘက်လိုက် ဆုံးဖြတ်မှုများ အပေါ်တွင် မကျေနပ်ပါက တရားစွဲခွင့် ရှိနေသော်လည်း တခြားသော ဥပဒေတခုဖြင့် ပြန်လည် ကန့်သတ်ထားကြောင်း၊ အမှန်တရားအပေါ် ဥပဒေများ ရောက်ရှိနေခြင်းကြောင့် ပြည်သူများကို ကာကွယ်ပေးနိုင်ရန် နည်းပါးသဖြင့် ၎င်းဥပဒေများအား ပြန်လည် ပြင်ဆင်ရန် လိုအပ်နေကြောင်း ဦးသိန်းညွန့်က ဆက်ပြောသည်။
မျက်မြင် သက်သေမရှိသော အမှုအခင်းများတွင် ရဲများက လူအများစု ထင်မြင်ပြောဆိုသည်နှင့် ဖမ်းဆီးခြင်း၊ ကျော်ဇောမှု ရှိသူများအား တရားခံအဖြစ် ဖမ်းဆီးခြင်းတို့သည် ပြည်သူများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း ဖြစ်ကြောင်း ရှေ့နေများ၏ အဆိုအရ သိရသည်။
တရားခံအဖြစ် စွပ်စွဲခံရပြီး ထောင်ကျသွားသူများ အနေဖြင့် ရဲများကို တရားစွဲဆိုနိုင်ရန် မဖြစ်နိုင်သော်လည်း၊ အမှုမှ လွတ်မြောက်သူများက နှိပ်စက်ခဲ့သူ ရဲများနှင့် မမှန်သတင်း ပေးသူများအား တရားစွဲဆိုခြင်း လုပ်ဆောင်ပါက နောင်တွင် အဟန့်အတားတခု အနေဖြင့်လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း ရှေ့နေများက ပြောကြသည်။
“ဥပဒေက သားရေကွင်းလို ဖြစ်နေတယ်။ ဝက်ခြံထဲကို ရောက်လာရင် တရားခံအဖြစ် သတ်မှတ်ပြီးတော့ ထောင်ချ နေကြတယ်” ဟု အထက်တန်းရှေ့နေ တဦးဖြစ်သည့် ဒေါ်ခင်သန်းအေးက ပြောသည်။
၂၀၁၁ ခုနှစ်က ရန်ကုန် မြောက်ဥက္ကလာ ဝေဘာဂီမြို့နယ် နွယ်သာကီ ၈ လမ်းရှိ စားသောက်ဆိုင်အတွင်း၌ လူတဦးအား လူအုပ်စုတစုက ဝင်ရောက်ရိုက်နှက်ခဲ့သော အမှုတွင် တရားခံများ နှင့် သံသယတရားခံ စုစုပေါင်း ၂၃ ဦးအား ပုဒ်မ ၃၀၂/ ၃၄ ဖြင့် ဖမ်းစီးထားခဲ့သည်။ ယင်း သံသယ တရားခံများထဲမှ ၅ ဦးကို ယခုလ ၁၈ ရက်နေ့က ပုဇွန်တောင်မြို့နယ် တရားရုံးတွင် စစ်ဆေးနေသည်။
သံသယ တရားခံများထဲမှ တဦးဖြစ်သူ ဦးမျှားလေးက ရိုက်နှက်သူများ၏ ကားပေါ်တွင် ဘုရားဖူးရန် လိုက်ပါလာကြသော လူများလည်း အဖမ်းခံနေရကြောင်း၊ ၎င်းတို့အားလုံး အင်းစိန်ထောင်ထဲတွင် ရဲများက ရိုက်နှက်နှိပ်စက်နေပြီး လူသတ်ကြောင်းကို အတင်းအကျပ် ဝန်ခံ လတ်မှတ်ထိုးရန် စေခိုင်းသဖြင့် လက်မှတ်ထိုး ပေးခဲ့ရကြောင်း၊အဆိုပါ အမှုအား စစ်ဆေးနေချိန်သည် တနှစ်ကျော် ကြာမြင့်နေပြီဖြစ်သောကြောင့် မိသားစုများ အနေဖြင့် စားဝတ်နေရေး အခက်အခဲ ဖြစ်နေရကြောင်း ပြောပြသည်။
“သံသယအကျိုး ခံစားခွင့်ဆိုတာကို တရားသူကြီးက ဆုံးဖြတ်ရတာ၊ တရားသူကြီးကလည်း သမာသမတ် ရှိရမယ်။တချို့ အမှုတွေမှာ တရားလိုတွေက ချဲ့ကား ပြောဆိုထားတာတွေ တွေ့ရတယ်” ဟု ရှေ့နေကွန်ရက်မှ ဦးကြီးမြင့်က ဆိုသည်။
ဦးသိန်းညွန့်က ပဲခူးတိုင်းတွင်လည်း ယခုကဲ့သို့ ပြဿနာ အများစု ဖြစ်ပွားနေကြောင်းနှင့် ပဲခူးတိုင်း အရှေ့ခြမ်း ကျောက်တံခါး မြို့နယ်၌ ယခုရက်ပိုင်းအတွင်း အမှုအခင်းများနှင့် ပတ်သက်ပြီး သံသယ ရှိသူများအား အိမ်များအထိ အတင်းဝင်ရောက် ဖမ်းဆီးခြင်းများ လုပ်ဆောင်နေကြောင်း ပြောသည်။
ယခုကဲ့သို့ ဖမ်းဆီးညှဉ်းပန်း ခံရသူများ အနေဖြင့် လူ့အခွင့်အရေး ကော်မရှင်၊ သက်ဆိုင်ရာမြို့နယ်များမှ လွှတ်တော် ကိုယ်စားလှယ်များနှင့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း သာယာရေး ကော်မတီသို့ တိုင်ကြားနိုင်ကြောင်း သိရသည်။
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း သာယာရေး ကော်မတီသို့ ရဲများနှင့် ပတ်သက်သည့် တိုင်ကြားစာများ မကြာခဏ ရောက်နေသဖြင့် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုဝန်ကြီးများဆီသို့ လွှဲပြောင်း ပေးထားကြောင်း ဦးသိန်းညွန့်က ဆိုသည်။