မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး လုပ်ငန်းစဉ်ကို ထိုင်းအစိုးရက ၃ လ ထပ်မံ သက်တမ်းတိုးပေးမည် ဖြစ်ကြောင်း သိရသည်။
မကြာသေးခင် ရက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌ သမ္မတ ဦးသိန်းစိန်က ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စ ယင်လပ်ရှင်နာဝပ်နှင့် တွေ့ဆုံစဉ် မြန်မာအလုပ်သမားအရေးကို တောင်းဆိုခဲ့ရာ သဘောတူညီမှု ရရှိခဲ့ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
“မြန်မာ ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအား ရပ်ဆိုင်ခြင်း မပြုဘဲ အချိန်ကာလ ထပ်မံတိုးမြှင့် ဆောင်ရွက်ပေးနိုင်ရန် ဆွေးနွေး တောင်းဆိုခဲ့မှုအပေါ် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က နောက်ထပ် ၃ လ ထပ်မံ သက်တမ်းတိုးပေးရန် သဘောတူညီခဲ့ပြီး လိုအပ်ပါကလည်း ဆက်လက်၍ သက်တမ်းတိုးပေးမည်” ဟု အစိုးရသတင်းစာတွင် ရေးသားထားသည်။
ထိုင်း အစိုးရက မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို ရွှေ့ပြောင်း အလုပ်သမားများကို နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်အရ နောက်ဆုံး သတ်မှတ် ပေးထားသော ဒီဇင်ဘာလ ၁၄ ရက်နေ့ မတိုင်ခင် မှတ်ပုံတင်ရန် ပျက်ကွက်သူများကို အရေးယူသွားမည်ဟု ကြေညာခဲ့ပြီးနောက်ပိုင်း မြန်မာ အလုပ်သမားများအတွက် သမ္မတ ဦးသိန်းစိန်က ထိုသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးရေး လုပ်ငန်းစဉ်များကို သက်တမ်းတိုးကာလအတွင်း ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်ရေး အတွက် စခန်းများ တိုးချဲ့ဖွင့်လှစ်ခြင်း၊ ဝန်ထမ်းအင်အား တိုးချဲ့ခန့်ထားခြင်း စသည့် နည်းလမ်းများဖြင့် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာအစိုးရ၏ ပြောဆိုချက်အရ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သန်းခွဲခန့် ရှိပြီး မှတ်ပုံတင်ပြီးသည့် အလုပ်သမား ၁ သန်းခွဲခန့်ရှိကြောင်း၊ မှတ်ပုံ မတင်ရသေးသော အထောက်အထားမဲ့ အလုပ်သမား ၁ သိန်းခန့် ကျန်ရှိနေသေးကြောင်း သိရသည်။
ရွှေ့ပြောင်း အလုပ်သမားများ အတွက် နိုင်ငံသားစိစစ်ရေး အစီအစဉ်ကို ယခုနှစ် ဇွန်လ ၁၄ ရက်နေ့မှ စတင်၍ ဒီဇင်ဘာလ ၁၄ ရက်နေ့ အထိ ၆ လကြာ သက်တမ်းတိုးလုပ်ဆောင်ရန် ထိုင်းအစိုးရက ခွင့်ပြုပေးထားခြင်း ဖြစ်သည်။
ထိုင်းအလုပ်သမား ဝန်ကြီး Padermchai Sasomsap က မြန်မာနိုင်ငံသားများ မှတ်ပုံတင်ရေးကိစ္စနှင့် ပတ်သက်၍ မကြာခဏ နောက်ဆုံး သတ်မှတ်ရက်ကို နောက်ဆုတ်ပေးနေခဲ့ရသည်ဟု ပြောကြားကြောင်း ယခုလ ၁၇ ရက်နေ့က ဘန်ကောက်ပို့စ် အင်တာနက် သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။
မြန်မာအစိုးရက နယ်စပ်မြို့တချို့တွင် ယာယီ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးများ ဖွင့်ပြီး ၂၀၀၉ ဇူလိုင်လမှ စတင်၍ လုပ်ငန်းများ လည်ပတ်ခဲ့ကြောင်း၊ ရွှေ့ပြောင်း အလုပ်သမားများ အလုပ်လုပ်ကိုင်နေကြသည့် ဘန်ကောက်၊ မဟာချိုင်၊ စမွတ်ပရာကန်၊ စူရတ်ဌာနီနှင့် ချင်းမိုင်မြို့တို့တွင် တိုးချဲ့၍ ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ ပူးပေါင်းပြီး လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံအနှံ့တွင် ဆောက်လုပ်ရေး၊ အိမ်အကူ၊ ရေလုပ်သား၊ စားသောက်ဆိုင် စသည့် လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား စုစုပေါင်း ၂ သန်းမှ ၄ သန်း အထိရှိနိုင်ကြောင်း အလုပ်သမားအဖွဲ့များက ခန့်မှန်းထားကြသည်။