မြန်မာနိုင်ငံမှ လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ က ထွက်ခွာသွားပြီး အမေရိကန်နိုင်ငံတွင် အခြေချနေထိုင်နေသည့် အဆိုတော် လားရှိုးသိန်းအောင်သည် ယနေ့နံနက် ၁၀ နာရီခွဲတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ဝင်ပေါက်မှတဆင့် မြန်မာပြည်သို့ ပြန်လည် ရောက်ရှိလာပြီဖြစ်သည်။
လားရှိုးသိန်းအောင်သည် မြန်မာပြည်တွင် လာမည့် ၂၀၁၃ ဧပြီလ ကုန်အထိ နေရန် စီစဉ်ထားပြီး အနုပညာ လှုပ်ရှားမှုအဖြစ် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ လားရှိုးနှင့် နေပြည်တော် စသည့် မြို့ကြီးများတွင် ရှိုးပွဲများ ပြုလုပ်သွားရန် စီစဉ်နေကြောင်း သိရသည်။
နေပြည်တော်တွင် အာဏာပိုင်များက ခွင့်ပြုမည်ဆိုပါက အစိုးရ အကြီးအကဲများနှင့် လွှတ်တော် အမတ်များကို ဂုဏ်ပြုသည့် အနေဖြင့် ပွဲတခု စီစဉ်ကာ သီချင်းဖြင့် ဖျော်ဖြေသွားချင်သည်ဟု ၎င်းကဆိုသည်။
“ပြန်လာချင်တာကတော့ ထွက်သွားတဲ့ နေ့ကတည်းက ပြန်လာချင်တာ။ မြန်မာပြည် စရောက်ရောက်ချင်း လေယာဉ်ပေါ်မှာ ကတည်းက ငိုရမလို၊ ပျော်ရမလိုနဲ့ ဝမ်းနည်းဝမ်းသာ ဖြစ်နေတယ်။ အရင်ဆုံးတော့ အမေ့ကို တွေ့ဖို့ လားရှိုးပြန်မယ်” ဟု ၎င်းက လေဆိပ်အနီးရှိ Friendship စားသောက်ဆိုင်တွင် ပြုလုပ်သည့် စာနယ်ဇင်း တွေ့ဆုံပွဲတွင် ပြောသည်။
လားရှိုးသိန်းအောင် အနေဖြင့် မြန်မာနိုင်ငံတွင် နေထိုင်ခွင့် ၁ နှစ်ရရှိသည်ဟု သိရသည်။
၎င်းသည် ယခင်အစိုးရ လက်ထက်က “အမည်မည်း” စာရင်း သွင်းခံရသည့်ကိစ္စများကို ပြန်လည် စဉ်းစားမနေတော့ဘဲ လက်ရှိ အခြေအနေအရ တိုင်းပြည်ကောင်းကျိုး အတွက်ကိုသာ ဝိုင်းဝန်းဆောင်ရွက်စေချင်ကြောင်း၊ အဆိုးကို ကြည့်မနေတော့ဘဲ အကောင်းမြင်ရန်နှင့် မှားယွင်းခဲ့မှုများကိုလည်း ဝိုင်းဝန်း မေတ္တာရပ်ခံ သင့်ကြောင်း၊ ကိစ္စတခုခုအတွက် ကျေနပ်မှု မရှိပါက မည်သည့်အတွက်ကြောင့် မကျေနပ်သည်ကို အရင်ဆုံး ပြောပြသင့်ကြောင်း၊ နောက်မှသာ ဆန္ဒပြ တောင်းဆိုမှုများ ပြုသင့်ကြောင်း သတင်းထောက်များအား ပြောဆိုခဲ့သည်။
ဆက်လက်၍ ၎င်းက “ဘယ်လိုဖြစ်ဖြစ် တိုင်းပြည်အတွက် လုပ်တာဆို ချက်ချင်းလက်ခံရမယ်၊ မှားတယ်ဆိုလည်း လူပဲဗျာ၊ တတ်နိုင်ရင် တရားနဲ့ဖြေ၊ မေတ္တာနဲ့ကြည့်ရမယ်။ တိုင်းပြည် စည်းလုံးဖို့အတွက် ရှေ့တလှမ်းတိုးပြီး နောက်နှစ်လှမ်း ဆုတ်နေလို့တော့ မဖြစ်ဘူး၊ နိုင်ငံရေးအကြောင်း နားမလည်ရင် ဝင်မရှုပ်တာ အကောင်းဆုံးပဲ” ဟု ဆိုသည်။
လားရှိုးသိန်းအောင်သည် အမေရိကန်နိုင်ငံတွင် နှစ် ၄၀ ခန့် နေထိုင်ခဲ့သော်လည်း အမိမြေကို ချစ်သည့်အတွက် နိုင်ငံသားအဖြစ် မခံယူခဲ့ကြောင်း၊ တိုင်းပြည်၊ မိသားစုနှင့် ပရိသတ်များကို ပြန်တွေ့ချင်သည့်အတွက် တဦးတည်း ပြန်လာခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။
“မြန်မာပြည်ရဲ့ ဂီတလောကကိုတော့ လေ့လာဖြစ်တယ်။ နောက်ပိုင်း လူငယ်တွေက သီချင်းဟောင်းတွေ ပြန်ဆိုနေကြတာကို အားပေးတယ်။ အနုပညာက တိုးတက်လာတယ်၊ ဆိုတဲ့သူတွေကလည်း တော်တယ်၊ ပစ္စည်းတွေကလည်း ကောင်းလာတယ်။ မူးယစ်ဆေးဝါး မသုံးဖို့တော့ ပြောချင်တယ်” ဟု ၎င်းက မြန်မာ့ ဂီတလောက အခြေအနေကို သုံးသပ်သည်။
လားရှိုးသိန်းအောင်သည် ၁၉၇၂ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို လက်မခံနိုင်ဘဲ စွန့်စားလိုသည့် ဝါသနာအတွက် တောခိုသွားခဲ့ပြီး အမေရိကန်နိုင်ငံတွင် ဂီတလုပ်ငန်း အပါအဝင် ပရဟိတ လုပ်ငန်းများ လုပ်ကိုင်ရင်း အမေရိကန်နိုင်ငံသူ တဦးနှင့် အိမ်ထောင်ကျကာ သမီးတယောက်နှင့် သား ၂ ယောက် ရရှိခဲ့သည်။
၎င်းကို အဆိုတော် ပလေးဘွိုင်းသန်းနိုင်က မြေတောင်မြှောက်ပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ၎င်း၏ အမေတခု သားတခု၊ မုန်းမုန်းမေ့မေ့၊ နှုတ်မဆက်နဲ့ ငိုချင်တယ် စသည့် တေးသီချင်းများသည် လူကြိုက်များခဲ့ပြီး ယနေ့တိုင် အောင်မြင်မှု ရနေဆဲဖြစ်သည်။