မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေ အပေါ် အသိအမှတ်ပြုတဲ့ အနေနဲ့ အမေရိကန် စစ်တပ်က မြန်မာအရာရှိတွေကို သင်တန်းတွေ ပေးတော့မှာပါ။ သင်တန်းတွေကတော့ လူသေစေနိုင်တဲ့ စစ်ဘက် တိုက်ခိုက်ရေးဆိုင်ရာနဲ့ မပတ်သက်တဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးနည်း၊ စစ်ဘက်ဆိုင်ရာ ဆေးဝါးကုသမှုနဲ့ ကာကွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို စစ်ရေး အရ ပူးပေါင်းပြီး သင်တန်း ပေးဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ လကတည်းက သတင်းတွေ ထွက်ပေါ် ခဲ့တာပါ။ အောက်တိုဘာ လမှာတော့ မြန်မာနိုင်ငံမှာ ကျင်းပတဲ့ အမေရိကန်-မြန်မာ လူ့အခွင့်အရေး စကားဝိုင်း (US-Burma Human Rights Dialogue) မှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး မိုက်ကယ် ပေါ့စနာ (Michael Posner) ဦးဆောင်တဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့မှာ အိမ်ဖြူတော် အမျိုးသား လုံခြုံရေးအဖွဲ့ ၊ ဒု သမ္မတရုံး၊ နိုင်ငံတော် လုံခြုံရေး ဝန်ကြီးဌာန၊ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီတို့နဲ့ အတူ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက အကြီးတန်း ကိုယ်စားလှယ်တွေလည်း ပါဝင် တက်ရောက်ခဲ့ပါတယ်။
ထိုစဉ်တုန်းက အမေရိကန် ကာကွယ်ရေးဝန်ကြီး ဌာနရဲ့ အာရှနဲ့ ပစိဖိတ်လုံခြုံရေး ကိစ္စရပ်များဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး ကေသီ ဝေလ်ကင်ဆင်က “လူ့အခွင့်အရေးကို လေးစားတာ၊ အရပ်သားက စစ်တပ်ကို ကြီးကြပ်တာနဲ့ လုပ်ငန်းပွင့်လင်းမြင်သာမှု ဆိုတာတွေက စနစ်ကျတဲ့ ခေတ်မီ တပ်မတော်တွေရဲ့ အရည်အသွေးတွေ ဖြစ်ပါတယ်။ အဲဒီအရာတွေဟာ တရားဝင်မှုအတွက် အရေးပါတဲ့ အရာတွေပါပဲ။ အမေရိကန်ပြည်ထောင်စုရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကတော့ ဒီကိစ္စတွေမှာ သိပ်ကို အလေးအနက်ထားပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
အမေရိကန်-မြန်မာ စစ်ဘက် ဆက်ဆံရေး ပြန်စမယ်လို့ သတင်းတွေ ထွက်ပေါ်ချိန်မှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တွေမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ရှေ့မတိုးနိုင်တာ၊ မြန်မာ လွှတ်တော်မှာ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း တိုက်ရိုက် ခန့်အပ် နေရာယူထားတာတွေကြောင့် စိုးရိမ်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနကလည်း စစ်ဘက်တိုက်ခိုက်ရေးဆိုင်ရာတွေနဲ့ မပတ်သက်ကြောင်း အတိအလင်း ပြောဆိုခဲ့တာ တွေ့ရပါတယ်။
တပ်မတော်ကို ပရော်ဖက်ရှင်နယ် စစ်တပ် စစ်စစ်ဖြစ်ရေးကို ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောဆိုခဲ့ဖူးပါတယ်။ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနကလည်း မြန်မာ့တပ်မတော်ကို အဲလို ဖြစ်လာအောင် လမ်းကြောင်းပေးခြင်းဖြင့် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ဆီ သွားနိုင်အောင် ကြိုးပမ်းတဲ့ ခြေလှမ်းလို့ ဆိုနိုင်ပါတယ်။
မြန်မာ့တပ်မတော်ရဲ့ လက်ရှိ အခြေအနေ၊ အမေရိကန်-မြန်မာ စစ်ရေး ဆက်ဆံမှုတွေ ပြန်စတင်ဖို့ အချိန်ကောင်းလား၊ မြန်မာ စစ်ဘက်အရာရှိတွေကို သင်တန်းပို့ချမှု ထိရောက်နိုင်မလား၊ မြန်မာ့တပ်မတော်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်စေချင်ခဲ့တဲ့ တပ်မတော်မျိုး ပြန်ဖြစ်လာနိုင်မလား၊ မြန်မာစစ်တပ်ကို စစ်တန်းလျားကို ပြန်သွားစေမလား စတာတွေနဲ့ ပတ်သက်လို့ ထင်မြင်ယူဆချက်တွေကို ဒီနေရာမှာ ဆွေးနွေးနိုင်ပါတယ်။