သတင်း

စစ်တပ်ကို မထိန်းချုပ်နိုင်ခြင်းသည် သမ္မတ ဦးသိန်းစိန်အတွက် ပထမဆုံး စိန်ခေါ်မှုဖြစ်

This article has been converted from Zawgyi One to Unicode

ဒီမိုကရေစီစနစ် တည်ဆောက်နေဆဲ မြန်မာနိုင်ငံ၏ အနာဂတ်တွင် အဓိက စိန်ခေါ်မှုကြီး ၃ ခု ရှိပြီး  သမ္မတ ဦးသိန်းစိန် အနေဖြင့် မြန်မာ့တပ်မတော်ကို အပြည့်အ၀ ထိန်းချုပ်နိုင်မှု မရှိသေးခြင်းသည် ပထမဆုံးဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုမှ ဝါရင့် နိုင်ငံရေးသိပ္ပံ ပညာရှင် ဒေါက်တာ မိုက်ကယ် ဂရင်းက ပြောဆိုလိုက်သည်။

“ဦးသိန်းစိန်က စစ်တပ်ကို အပြည့်အ၀ မထိန်းချုပ်နိုင်သေးဘူး။ မာရှယ်လော (စစ်အုပ်ချုပ်ရေး) ကြေညာနိုင်တဲ့ မဲပေးခွင့်ရှိတဲ့ အာဏာပိုင်တွေထဲမှာ သူက ဆန္ဒမဲ တဝက်လောက်ပဲ ရနိုင်သေးတယ်။ အချိန်မရွေး လွှတ်တော်ကို ပိတ်ပစ်လို့ ရနေတယ်” ဟု ဒေါက်တာ မိုက်ကယ် ဂရင်းက Geogorgetown Journal နှင့် “မြန်မာနိုင်ငံရဲ့ အနာဂတ်” အမည်ရှိ တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားထားသည်။

ဒေါက်တာ မိုက်ကယ် ဂရင်းကို သမ္မတ ဂျော့ဂျ် ဘွတ်ရှ် အစိုးရလက်ထက်က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ရာထားခဲ့ဖူးပြီး ဝါရင့် သံတမန်တဦးလည်းဖြစ်သလို နိုင်ငံတကာရေးရာတွင် နှံ့စပ်ကြွယ်ဝသူတဦးလည်း ဖြစ်သည်။ သူသည် မကြာသေးခင်က မြန်မာနိုင်ငံသို့ သွားရောက်လေ့လာခဲ့ပြီး  နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး စင်တာ (Center for Strategic and International Studies – CSIS) ၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာကိုလည်း ပူးတွဲရေးသားခဲ့သူဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၊ ဂျော့ချ်တောင်း တက္ကသိုလ် ပါမောက္ခဟောင်းလည်းဖြစ်၊ အမေရိကန် အမျိုးသားလုံခြုံရေး ကောင်စီ၏ ညွှန်ကြားရေးမှူး တဦးလည်းဖြစ်သူ ဒေါက်တာ မိုက်ကယ် ဂရင်းက ဒုတိယ အနေဖြင့် ကချင်၊ ကရင်ပြည်နယ်နှင့် တချို့တိုင်းရင်းသားဒေသများတွင် အပစ်အခတ် ရပ်စဲရေးသဘောတူညီမှုဖြစ်ပြီး ယခုအထိ ပီပြင်မှု အပြည့်အ၀ မရသေးသည့်အပြင် တချို့ဒေသများတွင် အချိန်မရွေး တိုက်ပွဲများ ဖြစ်လာနိုင်ဖွယ်ရှိကြောင်း၊ ထို့အပြင် တပ်မတော်အကျိုးစီးပွားများဖြစ်သော တိုင်းရင်းသားဒေသများရှိ ရေနံ၊ သစ်၊ စသည့် လုပ်ငန်းများနှင့် ပတ်သက်၍လည်း အတူမျှဝေရန် တပ်မတော်ဘက်က အဆင်သင့်မဖြစ်သေးခြင်းသည်လည်း စိန်ခေါ်မှုများ ဖြစ်ကြောင်း ပြောသည်။

မြန်မာနိုင်ငံတွင် တလျှောက်လုံး စီးပွားရေးစစ်စစ်ဆိုသည်မှာ မရှိခဲ့သေးကြောင်း၊ ကျွမ်းကျင်သူများ မရှိသေးခြင်းသည် တတိယ စိန်ခေါ်မှုကြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာနှင့် NGO များက အကူအညီပေးလိုပြီး အစိုးရဘက်ရော၊ ဒီမိုကရက်တစ် အတိုက်အခံဘက်တို့ကိုပါ ကဏ္ဍတိုင်းတွင် ကျွမ်းကျင်သူများ လေ့ကျင့်ပေးရန် ဆန္ဒရှိနေကြာင်း ဒေါက်တာ မိုက်ကယ် ဂရင်းက ဆိုသည်။

“သူတို့မှာ စီးပွားရေးဆိုင်ရာ စီမံကွပ်ကဲသူတွေလည်း မရှိဘူး။ စာရင်းဇယားတွေလည်း မရှိဘူး။ သူတို့မှာက နှစ်ပေါင်းများစွာ တလျှောက်လုံး တကယ့်စီးပွားရေး စစ်စစ်ဆိုတာ မရှိခဲ့ဘူး” ဟု ဒေါက်တာ မိုက်ကယ် ဂရင်းက မေးမြန်းခန်းတွင် ပြောထားသည်။

မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ တရုတ်၊ အန္ဒိယ၊ အာဆီယံတို့၏ လမ်းဆုံဖြစ်နေပြီး မဟာဗျူဟာမြောက် နိုင်ငံဖြစ်နေကြောင်း၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ မြောက်ကိုရီးယားနှင့် လက်နက်ကုန်သွယ်မှုရှိခြင်း အစရှိသော ကိစ္စများ ဆယ်စုနှစ်နှင့်ချီပြီးရှိခဲ့ကြောင်း ဒေါက်တာ မိုက်ကယ် ဂရင်းက ထောက်ပြသည်။

သို့သော် အပြုသဘောဆိုင်ရာ ခြေလှမ်းများအဖြစ် သမ္မတ ဦးသိန်းစိန် အစိုးရက မြောက်ကိုရီယားနှင့် လက်နက်ဆိုင်ရာ ဆက်ဆံမှုများ မလုပ်တော့ဟု ဆိုသည့် အမည်ခံ လက်နက် မပြန့်ပွားရေးဆိုင်ရာ IAEA (နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ) ၏ စာချုပ်ကို လက်မှတ်ရေးထိုးခြင်း၊ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ စုဝေးခြင်းဆိုင်ရာတို့ကို အတိုင်းအတာ တခုအထိခွင့်ပြုပေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့်  နိုင်ငံရေးပါတီများ ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ရခြင်း၊ ပြန်လည် မှတ်ပုံတင်ခွင့်ပေးခြင်းများဖြင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ကြောင်းလည်း သူက ပြောသည်။

ထို့အပြင် သူက သမ္မတ ဦးသိန်းစိန်ကို ရိုးသားသူ၊ ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်နေသူအဖြစ် မှတ်ချက်ပေး ပြောဆိုပြီး ဒေါ်အောင်ဆန်းစုကြည် သည် သမ္မတ ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့ အကြား အာဏာလွန်ဆွဲပွဲကြားတွင် ခက်ခက်ခဲခဲ ထိန်းညှိလုပ်ဆောင်နေရသည်ဟု ယူဆကြောင်းလည်း သုံးသပ်ပြောဆိုထားသည်။

“ဦးသိန်းစိန်က သဘာ၀ အရင်းအမြစ် လုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာတဲ့ ရင်းနှီးမြှုပ်နံှမှုဆိုင်ရာ သဘောတူညီမှုတွေကို လက်မှတ်ရေးထိုးခဲ့တယ်။ ပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဆောင်ကျဉ်းဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ရိုးရိုးသားသား လက်တွဲလုပ်ဆောင်နေတယ်” ဟု သူက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည်လည်း ယခုအထိ ခက်ခဲနေသေးကြောင်း၊ လွတ်တော်တွင်း ၇၅ ရခိုင်နှုန်းဖြင့် ပြင်ဆင်ခွင့် ရပါကလည်း အဆိုပါ ပြင်ဆင်ခွင့်ကို အတည်ပြုနိုင်ရေး လူထုဆန္ဒခံယူပွဲက နောက်ထပ် တဆင့် ၇၅ ရာခိုင်နှုန်းဖြင့် အနိုင်ရပါမှ ဥပဒေပြင်ဆင်နိုင်မည် ဖြစ်ကြောင်း၊ သို့မဟုတ်ပါက ဒီမိုကရက်တစ်များ အာဏာမရနိုင်ကြောင်း၊ တဖက်တွင်လည်း စစ်ဘက်၊ အစိုးရဘက်နှင့် အတိုက်အခံဘက်တို့ အားလုံးက နောက်ကြောင်းပြန် မလှည့်လိုကြသည်ကို သိရကြောင်း ဒေါက်တာ မိုက်ကယ် ဂရင်းက ဆိုသည်။

သမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေရာတွင် တရုတ်နိုင်ငံ၏သြဇာကို ထိန်းညှိရန် လုပ်ဆောင်နေခြင်း မဟုတ်ဘဲ မြန်မာပြည်သူ လူထု၏ ပြဿနာကို ဖြေရှင်းပေးနိုင်ရေး ကြိုးစားနေပြီး မြန်မာပြည်ကို ကောင်းစေရန် လုပ်ဆောင်နေသည်ဟုလည်း မြင်ကြောင်း သူက မှတ်ချက်ပေးသည်။

မြန်မာနိုင်ငံအပေါ် အမေရိကန် ပြည်ထောင်စု၏ ထိတွေ့ဆက်ဆံရေး မူဝါဒရေးရာနှင့် ပတ်သက်၍ ဒေါက်တာ မိုက်ကယ် ဂရင်းက တခုလုံးခြုံကြည့်က အောင်မြင်သည်ဟု မှတ်ချက်ပေးသော်လည်း မှားယွင်းမှု ၃ ခု ရှိသည်ဟု ယူဆကြောင်း ပြောသည်။

အမေရိကန် အစိုးရအဖွဲ့သည် အပြောကောင်းစွာဖြင့် မြန်မာအစိုးရကို တခါတရံ အလွန်အကျွံ ဖက်လဲတကင်း လုပ်ဆောင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အခိုင်အမာ အားပေးထောက်ခံနေသည့် အမေရိကန်လွှတ်တော်ကိုလည်း လျှော့တွက်ခဲ့ခြင်းသည် ပထမမှားယွင်းမှုဖြစ်ကြောင်း ဒေါက်တာ မိုက်ကယ် ဂရင်းက ဝေဖန်သည်။

ဒုတိယ မှားယွင်းမှုမှာ တရုတ်နှင့် အင်အားချိန်ခွင်လျှာ ညှိလိုသည့်ဗျူဟာ တချိန်ကရှိခဲ့ပြီး တရုတ်၏ဖောက်သည် မြန်မာကို အမေရိကန်က လုယူလိုခဲ့ခြင်းဖြစ်ကြောင်း၊ တတိယ မှားယွင်းချက်မှာ မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများထဲမှ တော်တော်များများကို ချွင်းချက်တစုံတရာ မထားဘဲ ဖြေလျှော့ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုကိစ္စတွင် အမေရိကန် လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုရရေး တခုတည်းကိုသာ ကြည့်ပြီး နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး အပါအဝင် မဖြေရှင်းရသေးသည့် ပြဿနာတို့တွင် အားနည်းခဲ့ကြောင်း ဝေဖန်ထောက်ပြသည်။

သို့သော် နိုဝင်ဘာလ ၁၉ ရက်နေ့က အမေရိကန် သမ္မတ အိုဘားမား၏ သမိုင်းဝင် မြန်မာခရီးစဉ်သည် အဆိုပါ မှားယွင်းချက်များကို ပြန်လည် ပြင်ဆင်နိုင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား တချို့လွတ်လာခြင်း၊ တရုတ်ကိုလည်း သံသယ ကင်းရှင်းသွားစေခြင်း၊ မြန်မာအနေဖြင့် IAEA နှင့် နောက်ဆက်တွဲ သဘောတူစာချုပ် ချုပ်ဆိုနိုင်စေခဲ့ခြင်း စသည်တို့ဖြင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ပြည်ထောင်စု၏ မူဝါဒကို ပြန်လည် ထိန်းညှိပေးနိုင်ခဲ့ကြောင်း သူက ပြောဆိုသွားသည်။

Loading