၂၀၁၁ ခုနှစ်အတွက် ပေးအပ်ချီးမြှင့်မည့် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားတွင် ပရိသတ် ရွေးချယ်ပေးသည့် မဲစနစ်ဖြင့် ဆုချီးမြှင့်မည့် အစီအစဉ် ပျက်ခဲ့ရကြောင်း မြန်မာ့ရုပ်ရှင် အစည်းအရုံးမှ သိရသည်။
ပရိသတ် ရွေးချယ်ပေးသည့် အနုပညာရှင်များကို အကယ်ဒမီ ဆုပေးအပ်မည့် အစီအစဉ် ပျက်ခဲ့ရခြင်းသည် ယခုနှစ်တွင် ပါဝင်သည့် ရုပ်ရှင်ကားတချို့အား တပြည်လုံးရှိ ပရိသတ်များကို ပြသရခြင်း မရှိသေးသည့်အတွက် ဖြစ်ကြောင်း ရုပ်ရှင် အစည်းအရုံးမှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းအောင်က ဆိုသည်။
“ပရိသတ် ဆန္ဒမဲနဲ့ ဆုပေးဖို့ကို စီစဉ်ခဲ့သေးတယ်။ ဒါပေမယ့် အဲဒီလို လုပ်တာကို ကျင့်သားမရှိသေးတဲ့ ပြည်သူတွေအတွက် လွဲချော်မှုတွေ ဖြစ်မှာရယ်၊ နောက်ပြီး ဒီနှစ်မှာ ပရိသတ်တွေ အားလုံးကို မပြရသေးတဲ့ ရုပ်ရှင်ကားလဲ ပါနေလို့ပါ” ဟု ၎င်းက ဆက်ပြောသည်။
တပြည်လုံးတွင် မပြသရသေးသည့် ရုပ်ရှင်ဇာတ်ကားများမှာ ထာဝရ အလင်းတန်းများ၊ ဝဋ်ကြွေး၊ ပန်းကြာဝတ်မှုံ စသည့် ဇာတ်ကားများဖြစ်ပြီး ထိုဇာတ်ကားများသည် ရုပ်ရှင်ထူးချွန်ဆုပေးမည့် ဇာတ်ကားများ စာရင်းများတွင် ပါဝင်နေသည်။
မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနားကို ယခင်နှစ်များနှင့် မတူညီသည့် အပြောင်းအလဲများအပြင် ယခင်နှစ်များနှင့် မတူသည့် ထူးခြားမှုများစွာဖြင့် တင်ဆက်ပြသ သွားမည်ဖြစ်ကြောင်း မြန်မာ့ရုပ်ရှင်အစည်းအရုံးမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ချင်းက ပြောသည်။
“အရင်နဲ့ မတူတဲ့ ဆုပေးမှုမျိုးတွေလဲ ဖြစ်လာနိုင်တယ်။ ဆုပေးပွဲရောက်မှ ပရိတ်သတ်တွေ အံ့အားသင့်အောင် လုပ်ပြမယ်၊နိုင်ငံခြားက အော်စကာဆုပေးပွဲတွေရဲ့ ပုံစံမျိုးတွေနဲ့ ကျင်းပဖြစ်ဖို့ များတယ်” ဟု ဆိုသည်။
မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနားကို ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်း တွင် ညနေ ၃ နာရီမှ စတင်၍ ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။
“၈ နာရီသတင်းမလာခင် အပြီး Live ပြမယ်။ ညနေ ၃ နာရီမှာ ဖျော်ဖြေပွဲစမယ်၊ ညနေ ၄ နာရီမှာ ဆုချီးမြှင့်မယ့် အစီအစဉ်စမယ်” ဟု ဦးခင်မောင်ချင်းက ပြောသည်။
အကယ်ဒမီ ဆုပေးပွဲအား ရန်ကုန်တွင် ပြန်လည်ကျင်းပခြင်းသည် အနုပညာ လောကသားများအတွက် ရည်ရွယ်ပြီး ပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်း၊ ယခင်နှစ်များက နေပြည်တော်တွင် ကျင်းပရသည့်အတွက် အနုပညာ လောကသားများ အားလုံး တက်ရောက်နိုင်ခြင်း မရှိသကဲ့သို့ တက်ရောက်နိုင်သူများကမူ ဟိုတယ်စရိတ်၊ စားစရိတ်၊ လမ်းစရိတ်များ ပိုမို ကုန်ကျ ခြင်းကြောင့် အဆင်မပြေမှုများ ရှိခဲ့ကြောင်း သိရသည်။
ယခုနှစ်၏ ရုပ်ရှင်ထူးချွန် ဆုပေးပွဲ လက်မှတ်များကို ကျပ် ၂ သောင်း၊ ၁ သောင်းခွဲ၊ ၁ သောင်း စသည့် ဈေးနှုန်းများဖြင့် ခုံပိုရှိသလောက် ရောင်းချပေးမည်ဖြစ်ကြောင်း ဦးသိန်းထွန်းအောင်က ဆိုသည်။
“ပြည်သူတွေကို လက်မှတ်များများ ရောင်းမယ်လို့ စီစဉ်ထားတယ်။ ဖိတ်ရမယ့် လူဦးရေ အရေအတွက်ကို လိုအပ်သလောက် ပဲ ဖိတ်ကြားမယ် ကျန်တာတွေကို ပြည်သူတွေကို ရောင်းချပေးမှာပါ” ဟု ဆက်ပြောသည်။
အဆိုပါ အခမ်းအနားတွင် ဖျော်ဖြေရေးအဖြစ် ရန်အောင်၊ ဖိုးသောကြာ၊ ထွန်းထွန်း၊ မင်းမော်ကွန်း၊ ရဲအောင်၊ ချိုပြုံး၊ မေသန်းနု၊ ဆုပန်ထွာ၊ ဝိုင်းဆုခိုင်သိန်း၊ စိုးပြည့်သဇင်၊ ချစ်စနိုးဦး၊ နန်းဆုရတီစိုး၊ ပွင့်နဒီမောင်တို့က သီချင်းများ သီဆိုပေးမည် ဖြစ်ပြီး ယခင်နှစ်များကကဲ့သို့ မဟုတ်ဘဲ ရုပ်ရှင်နှင့် ဆက်နွှယ်သည့် သီချင်းများကိုသာ သီဆိုမည်ဖြစ်ကြောင်း သိရသည်။
ယခင်က မြန်မာ့ ရုပ်ရှင်လုပ်ငန်းကသာ ဦးစီး၍ ရုပ်ရှင်ထူးချွန် ဆုပေးပွဲအခန်းအနားကို လုပ်ဆောင်ခဲ့သော်လည်း ယခုနှစ်တွင်မူ ရုပ်ရှင်အစည်းအရုံးက ၅၁ ရာခိုင်နှုန်းနှင့် ရုပ်ရှင်လုပ်ငန်းက ၄၉ ရာခိုင်နှုန်း တာဝန်ယူ လုပ်ဆောင်သွားမည်ဖြစ်သည်။
“အကယ်ဒမီပေးပွဲကို ကျနော်တို့ကိုပဲ ဦးစီးပြီးလုပ်ဖို့ လွှဲပြောင်းပေးပေမယ့် ကျနော်တို့က အခုမှ စပြီး လုပ်ရမှာဖြစ်တဲ့အတွက် ဒီနှစ်မှာတော့ ရုပ်ရှင်လုပ်ငန်းနဲ့ ပူးပေါင်းပြီးလုပ်မယ်။ နောက်နှစ်တွေဆိုရင်တော့ ကျနော်တို့ပဲ ဦးစီးပြီး လုပ်ဆောင်သွားမယ်”ဟု ဦးခင်မောင်ချင်းက ပြောသည်။
ယခုနှစ်တွင် အကောင်အထည် မဖော်လိုက်ရသည့် ပရိသတ် မဲဆန္ဒဖြင့် ရွေးချယ် ဆုချီးမြှင့်မည့် အစီအစဉ်အား နောင်နှစ်များတွင် ပြုလုပ်နိုင်ရန် စီစဉ်သွားမည်ဟု သူက ဆက်ပြောသည်။
ထို့အပြင် ယခုနှစ်၏ ထူးခြားချက်များထဲမှ တခုသည် ဆုချီးမြှင့်ရန်အတွက် ရွေးချယ်ရေးအဖွဲ့တွင် စွယ်စုံ အနုပညာရှင် ဦးဝင်းဖေ ကိုယ်တိုင် ပါဝင် ရွေးချယ်ပေးမည်ဖြစ်ကြောင်း၊ ယခုနှစ် အကယ်ဒမီ ရနိုင်ခြေခန့်မှန်းစာရင်းများတွင် အကယ်ဒမီ သရုပ်ဆောင် လူမင်းနှင့် အကယ်ဒမီ သရုပ်ဆောင် သက်မွန်မြင့်တို့ ပါဝင်ကြောင်း သိရသည်။