တရုတ် လယ်သမားတွေဟာ သူတို့နိုင်ငံမှာ အမျိုးသမီး နည်းပါးလို့ သတို့သမီး ရှားပါး ပေမယ့် အခုအခါမှာ အင်တာနက် အွန်လိုင်း တွေအပါအဝင် တရားမဝင် နည်းလမ်းတွေနဲ့ မြန်မာအမျိုးသမီးတွေကို ဇနီးမယားအဖြစ် လွယ်ကူစွာ ရှာဖွေနိုင်နေကြပါပြီ။
တရုတ်နိုင်ငံမှာ တအိမ်ထောင် ကလေးတယောက် မူဝါဒချမှတ်ထားတာ ကြာပါပြီ။ ယောက်ျားလေးကိုသာ အလေးထား မွေးကြ တာတွေ ရှိနေပြီး မိန်းကလေးကို မယူချင်ကြ၊ မမွေးကြတာတွေကြောင့်လည်း ကျား-မ ဦးရေ ကွာဟနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် အရွယ်ရောက် တရုတ်လယ်သမား လုလင်ပျိုတွေဟာ သူတို့အတွက် သတို့သမီး ရှားပါး နေတဲ့အပြင် လယ်သမားဖြစ်နေ လို့လည်း တရုတ် မိန်းကလေးတွေရဲ့ စိတ်ဝင်စားမှု မရ၊ တရုတ် ရိုးရာအရ မင်္ဂလာခန်းဝင်ပစ္စည်းလည်း မတင်နိုင်ကြ။ ဒါကြောင့် တရုတ် လယ်သမားတွေဟာ အနီးအနားဒေသ အထူးသဖြင့် မြန်မာနိုင်ငံက သတို့သမီး ရရှိရေး အတွက် နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။
“တရုတ်အမျိုးသမီး တယောက်ကို လက်ထပ်ယူနိုင်ဖို့က အကုန်အကျ အရမ်းများတယ်ဗျ”လို့ ယီဟေလျန်းလို့ ခေါ်တဲ့ တရုတ် လယ်သမားက ပြောပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၆ နှစ်လောက်က မြန်မာ အမျိုးသမီးတယောက်ကို ဇနီးမယားအဖြစ် ဝယ်ခဲ့သူပါ။
ယီဟေလျန်းက“မြန်မာသတို့သမီး ရဖို့က စရိတ် သက်သာတယ်၊ ဒါကြောင့် ကျနော်တို့ (တရုတ် လယ်သမားတွေ) လိုချင်ကြ တာ”လို့လည်း ဆိုပါတယ်။
ယီဟေလျန်းဟာ မြန်မာဇနီးသည်နဲ့ပေါင်းသင်းပြီး သမီးလေးတယောက်နဲ့အတူ မြန်မာနယ်စပ်အနီးက ရွာလေးတရွာမှာ နေထိုင်ပါတယ်။ အခုလို လက်ထပ်ပေါင်းသင်းဖို့ အတွက် တရုတ်ယွမ် ၅၀၀၀ (အမေရိကန်ဒေါ်လာ ၈၀၀) ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။ ဒီကုန်ကျ စရိတ်ကို တရုတ် သတို့သမီးအတွက် ရိုးရာအရ ကုန်ကျမယ့် ယွမ် ၁၀၀၀၀ နဲ့လည်း သူက နှိုင်းယှဉ်ကြည့် နေပါသေး တယ်။
သူဟာ တရားမဝင် သတို့သမီး ကုန်ကူးတဲ့ ဝက်ဘ်ဆိုက်တွေကို သုံးပြီး သူ့ဇနီးကို ဝယ်ယူခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျေးလက်ဒေသ တရုတ်လယ်သမားတွေ ကြားမှာတော့ အင်တာနက် ဝက်ဘ်ဆိုက်ကို အသုံးပြုပြီး သတို့သမီး ရှာဖွေမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိလာ နေပါပြီ။
အဲဒီလို မြန်မာ အမျိုးသမီးတွေ တရုတ်လယ်သမားတွေရဲ့ ဇနီးမယားအဖြစ် ပို့ဆောင်ခံရတာတွေဟာ လူကုန်ကူး ခံရမှုရဲ့ ၇၀ ရာခိုင်နှုန်းလောက် ရှိတယ်လို့ မနှစ်က အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာသတို့သမီး ရှာဖွေမှုများနဲ့ ပတ်သက်ပြီး မကြာသေးခင်က လေ့လာချက်အရ အွန်လိုင်း ဝက်ဘ်ဆိုက် ကြော်ငြာသုံး ရှာဖွေတာ ဟာ ရှက်စရာကိစ္စ မဟုတ်တော့ဘဲ ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်လာကြတာကို တွေ့ရပါတယ်။
“ဟလို ကိုလူပျို၊ အိမ်ထောင်ပြုဖို့ ရည်ရွယ် ကြိုးစားနေတာလား။ ဇနီးကြင်ဖက် မရှိလို့ စိတ်ပျက် အကြံအိုက် နေတာလား။ အကြင် နာ အယုယပေးတာ ခံယူလိုပါသလား”လို့ သတို့သမီး ဇနီးသည် ရှာဖွေဆက်သွယ်ရေး ဝက်ဘ်ဆိုက်တခုရဲ့ အင်တာနက် စာမျက်နှာ မှာ မိတ်ဆက် ရေးထားပါတယ်။
“ခင်ဗျားဟာ သာမန် ဆင်းရဲသား လယ်သမား ဖြစ်နေရင်တောင် မြန်မာ သတို့သမီးလေးတွေက ခင်ဗျားနဲ့ ထာဝရ မခွဲမခွာ နေ ထိုင်သွားမှာပါ”လို့လည်း ပါ ပါတယ်။
“လှလည်းလှ ၊ စရိတ်လည်း သက်သာ ၊ လွယ်လည်းလွယ်”
တခြား သတို့သမီး ကုန်ကူးတဲ့ ဝက်ဘ်ဆိုက်တွေလို “မြန်မာသတို့သမီး ရွေးချယ်ရာ”(Burmese Bride Matching) ဝက်ဘ်ဆိုက်မှာလည်း ရွေးချယ်လို့ရမယ့် မြန်မာ အမျိုးသမီးဓာတ်ပုံတွေ တင်ပြပေးထားတာ တွေ့ရပါတယ်။ ပြီးတော့ ရွေးချယ် ဝယ်ယူလိုသူတွေ အတွက် လိုအပ်တဲ့ အချက်အလက်တွေလည်း ဖော်ပြပေးထားပါတယ်။
ဧရာဝတီက ဆက်သွယ်မေးမြန်းကြည့်တော့ ဆိုက်မှာတင်ပြထားတဲ့ အမျိုးသမီးတွေထဲက နှစ်သက်ရာ သဘောကျတာကို ရွေးယူနိုင် ကြောင်း အခုလို ပြောပါတယ်။
“အမျိုးသမီးအတွက် ယွမ် ၈၀၀၀ ပေးရမယ်၊ ပြီးတော့ ယွမ် ၅၀၀၀ ကို မင်္ဂလာခန်းဝင်ကြေး ပေးရမယ်”လို့ အမည်မဖော်လိုသူ အမျိုးသား တဦးက ပြန်ဖြေပါတယ်။
သတို့သမီး ကုန်ကူးမှုနဲ့ ဆက်စပ်နေတဲ့ နောက်ထပ် ဝက်ဘ်ဆိုက် တခုမှာလည်း ဈေးနှုန်း အနေနဲ့ ကွာခြားမှု မရှိသလောက် တင်ပြ ထားတာ တွေ့ရပါတယ်။
“မြန်မာ အိမ်ရှင်မတွေက တရုတ် အိမ်ရှင်မတွေထက် အများကြီး သာတယ်”လို့ အကျိုးဆောင်သူ တယောက်က ညွှန်းဆို ပါတယ်။ သူ့ကိုယ်သူတော့ “တရုတ် လူပျိုကြီးများ ကယ်တင်သူ”လို့လည်း ပြောပါသေးတယ်။
ဝက်ဘ်ဆိုက် တချို့မှာတော့ အဆင်ပြေသလို ရောင်းဝယ်ကြတာတွေ ရှိပေမယ့် “မြန်မာသတို့သမီး ရွေးချယ်ရာ” (Burmese Bride Matching) ဆိုတဲ့ ဝက်ဘ်ဆိုက်မှာတော့ ဝယ်ယူလိုသူ အနေနဲ့ တကိုယ်ရည်ဖြစ်ရမယ်၊ ရိုးသားရမယ်၊ စိတ်ရင်းကောင်းရမယ် ဆိုတဲ့ အချက်တွေနဲ့ ပြည့်စုံရမှာဖြစ်ပြီး နှိမ်ချ ဆက်ဆံတာမျိုးတွေ၊ လောင်းကစားလုပ်တာတွေ မရှိရဘူးလို့လည်း ဖော်ပြပေးထား ပါတယ်။
ဒါပေမယ့် တကယ်လက်တွေ့မှာတော့ ခေတ်သစ် ငွေဝယ်ကျွန် စနစ် ပုံစံတမျိုးသာ ဖြစ်တယ်လို့ လှုပ်ရှား ဆောင်ရွက်သူတွေက ပြော ဆို ကန့်ကွက်ပါတယ်။
“မြန်မာ မိန်းကလေးတွေ တရုတ် လူမျိုးတွေရဲ့ မိန်းမတွေ ဖြစ်လာတယ်၊ ပြီးတော့ သူတို့ ခင်ပွန်းအတွက် ကလေးမွေး ပေးရတယ်” လို့ ထိုင်းအခြေစိုက် ကချင် အမျိုးသမီး အစည်းအရုံး (Kachin Women’s Association of Thailand – KWAT) က မွန်းနေလီက ပြော ပါတယ်။ ဒီအဖွဲ့ဟာ မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ်မှာ တနှစ်ကြာ လေ့လာမှုတွေ လုပ်ခဲ့တာပါ။
သူက ဆက်ပြောပြတာကတော့ အဲဒီအမျိုးသမီးတွေဟာ ခင်ပွန်းသည်တွေရဲ့ အတင်းအကျပ်ခိုင်းစေခံရတာတွေ ရှိနေပြီး နေ့ခင်း ဘက်မှာ အလုပ်တွေ လုပ်နေကြရသလို ညပိုင်းမှာတော့ လိင်ကျွန်ဖြစ်နေကြရပါတယ် တဲ့။
တရုတ်ပြည် ယူနန်နယ်မှာတော့ ဇနီးမယားအဖြစ် လူကုန်ကူးခံရတဲ့ အမျိုးသမီးလေးတွေဟာ ပျမ်းမျှ အသက် ၁၄ နှစ်ကနေ ၂၀ ကြား အရွယ်တွေ ဖြစ်ပြီး အသက်အကြီးဆုံးက ၅၇ နှစ်၊ အငယ်ဆုံး ၁၁ နှစ်အထိ ရှိတယ်လို့ ဒေသခံ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့ ဦးဆောင်သူ တဦးဖြစ်တဲ့ လီချွန်ကင်းကလည်း ပြောပြပါတယ်။
တခါတရံမှာတော့ အိမ်ထောင် ပြုပြီးသား မြန်မာ အမျိုးသမီးတွေလည်း လူကုန်ကူး ခံရမှုထဲမှာ ၁၀ ရာခိုင်နှုန်းလောက် ပါဝင်နေ တယ်လို့ KWAT ရဲ့ ၂၀၀၈ က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ KWAT အဖွဲ့ဟာ လူကုန်ကူးမှုနဲ့ပတ်သက်ပြီး လာမယ့် လထဲမှာ အစီရင်ခံစာဆက်လက် တင်ပြဖို့ရှိတယ်လို့လည်း သိရပါတယ်။
“တရုတ်တို့ ဘာကြောင့် သတို့သမီး လိုအပ်ချက်မြင့်မားရသလဲ”
တရုတ်ပြည်မှာ သတို့သမီး လိုအပ်ချက် မြင့်မားလာတာဟာ အစိုးရရဲ့ တအိမ်ထောင် ကလေးတယောက် မူဝါဒနဲ့ ဆက်စပ်နေပါတယ်။ မိန်းကလေးထက် ယောက်ျားလေးကိုပဲ လိုချင်ကြတာကလည်း တရုတ်တို့ ရိုးရာယုံကြည်မှုပါ။ အဲဒီယုံကြည်မှုကြောင့် တရုတ်တွေဟာ ယောက်ျားလေး မွေးဖွားလာဖို့သာ အလိုရှိပြီး မိန်းကလေး မွေးဖွားလာတာကို အလိုမရှိကြပါ။ တအိမ်ထောင် ကလေး တယောက်မှာလည်း မိန်းကလေးဆိုရင် မယူလိုဘဲ ယောက်ျားလေးသာ ရွေးချယ်ရင်း တရုတ်မိသားစုတွေမှာ ယောက်ျားသား ဦးရေ ပိုမိုများပြား လာတာဖြစ်ပါတယ်။
“ဒီ မူဝါဒနဲ့ ရိုးရာယုံကြည်မှု အစွဲတွေကြောင့် မိန်းကလေး ရှားပါးလာလို့ လူကုန်ကူးသူတွေကို ဒေါ်လာ ၃၅၀၀ ပေးပြီး ဇနီး မယား ဝယ်ယူကြရတာ ဖြစ်တယ်”လို့ မွန်းနေလီက ပြောပါတယ်။
တရုတ်အစိုးရရဲ့ ဇွန်လက ထုတ်ပြန်ခဲ့တဲ့ စာရင်းအရ အရှေ့အာရှနိုင်ငံတွေမှာ လူဦးရေ ၁.၃ ဘီလီယံရှိပြီး ယောက်ျား ၁၁၇ ဦးမှာ မိန်းမ ၁၀၀ ပဲ ရှိကြောင်း၊ ၂၀၂၀ မှာတော့ တရုတ်လူမျိုး ယောက်ျားပျို ဦးရေ သန်း ၃၀ အထိ မြင့်တက် လာနိုင်ကြောင်း သိရပါတယ်။
တိုင်းပြည် အစွန်အဖျားက တရုတ်လူပျိုတွေ အနေနဲ့ ချမ်းသာပြည့်စုံမှု မရှိတဲ့အတွက်ကြေင့်၊ တရုတ်အမျိုးသမီးကို လက်ထပ်မယူနိုင်ဘဲ တခြား ပိုဆင်းရဲတဲ့ နိုင်ငံက ဇနီးသည်ကို ရှာရတာဖြစ်တယ်လို့ ဆိုကြပါတယ်။
“ကျနော့် အဖေက လယ်သမား၊ အမေကလည်း လယ်သမားပဲ။ တရုတ် အမျိုးသမီးတွေက ကျနော့်ကို ဘယ်တော့မှ လက်ထပ်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကားကောင်းကောင်း၊ အိမ်ကောင်းကောင်းမှ မရှိတာကိုး”လို့ လွန်ခဲ့တဲ့ ၂ နှစ်လောက်က မြန်မာ အမျိုးသမီး တဦးကို ဇနီးအဖြစ် ဝယ်ယူခဲ့သူ တရုတ်အမျိုးသား တဦးက ဆိုပါတယ်။
ကုလသမဂ္ဂရဲ့ အဆိုအရ မြန်မာအမျိုးသမီးတွေကို တရုတ်နိုင်ငံရဲ့ တောင်ပိုင်း ပြည်နယ်တွေဖြစ်တဲ့ ယူနန်၊ ဖူကျင့်၊ ဟိုင်နန်၊ စိချွမ်နဲ့ အန်းဟွေ တွေမှာ လူကုန်ကူးခံရမှု မကြာခဏတွေ့ရကြောင်း သိရပါတယ်။ အခြား အဖြစ်အပျက်တွေကတော့ တရုတ်ပြည် အရှေ့ဘက်ပိုင်း ပြည်နယ်တွေဖြစ်တယ်လို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေမှာလည်း တွေ့ရပါတယ်။
အဓိကအားဖြင့်တော့ မြန်မာအမျိုးသမီးတွေ တရုတ်ပြည်ရောက်ပြီး ဇနီးအဖြစ် လူကုန်ကူးခံနေ ရတာဟာ အရှေ့တောင်အာရှ နိုင်ငံ တွေထဲမှာ အဆင်းရဲဆုံးနိုင်ငံဖြစ်နေတာရယ်၊ အဲဒီဆင်းရဲမှုကနေ လွတ်မြောက်ချင်တာရယ်တွေကြောင့်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြီးခဲ့တဲ့နှစ် အစီရင်ခံစာမှာတော့“မြန်မာ အမျိုးသမီးတွေဟာ ကိုယ့်ကိုယ်ကိုယ် ဇနီးအဖြစ် တရုတ်တွေဆီ ရောင်းစားဖို့ ပွဲစားဆီက တဆင့် ဆက်သွယ်ကြတယ်”လို့ ဆိုပါတယ်။
နောက်တချက်ကလည်း အလုပ်အကိုင်ရဖို့ တရုတ်ပြည်ထဲသွားရောက်ကြရာက ဇနီးမယားအဖြစ် တွန်းပို့ ခံရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
“ကချင် အမျိုးသမီးတွေ တရုတ်မှာ အလုပ်လုပ်ဖို့ သွားတယ်။ အဲဒီမှာ သတို့သမီး အဖြစ် အတင်းအကျပ် တွန်းအပို့ ခံရပြီး ဇနီးမယားဖြစ်သွားရတာတွေ ရှိတယ်”လို့ KWAT ရဲ့ ၂၀၀၈ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
“ပွင့်လင်း မြင်သာမှု နည်းပါးခြင်း”
မြန်မာ အမျိုးသမီးတွေ တရုတ်ပြည်မှာ တနှစ်အတွင်း ဘယ်လောက် လူကုန်ကူးခံနေရတယ် ဆိုတာ အတိအကျ မသိနိုင်ပါဘူး။
ပြီးခဲ့တဲ့နှစ် အမေရိကန် အစီရင်ခံစာ တခုမှာတော့ ၂၀၁၀ ပြည့်နှစ်အတွင်း မြန်မာအစိုးရဟာ လူကုန်ကူးမှု ဆိုင်ရာ အမှုပေါင်း ၁၇၃ မှု ကိုစစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်သူ ၂၃၄ ဦးကို ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဒါပေမယ့် မြန်မာအစိုးရအဖွဲ့မှာ အရည်အသွေးပြည့်ဝပြီး လေ့ကျင့်မှုပြည့်ဝတဲ့ ရဲအဖွဲ့ဖြစ်ဖို့၊ လုပ်ငန်းတာဝန် ထမ်းဆောင်ရာမှာ ပွင့် လင်းမြင်သာမှုတွေ ရှိဖို့ စတာတွေ လိုအပ်နေသေးတယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။
မွန်းနေလီက မြန်မာအမျိုးသမီးတွေ လူကုန်ကူးခံရနှုန်းတိုးလာတာရဲ့ အကြောင်းရင်းထဲမှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခ အရေး အခင်းတွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။
ယင်းကိစ္စနဲ့ ပတ်သက်ပြီး ၂၀၀၉ ခုနှစ်က တရုတ်-မြန်မာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သော်လည်း ငွေကြေးနဲ့ ဥပဒေ အရ အထောက်အပံ့ ပေးမှုတွေ လိုအပ်နေဆဲဖြစ်တယ်လို့ သူက ဆက်လက်ပြောဆိုပါတယ်။
၂၀၀၉ ခုနှစ်မှာပဲ တရုတ် ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနက ယူနန်ပြည်နယ်မှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ လူကုန်ကူးခံရတာတွေ တားဆီးဖို့ အထူးရုံးခန်း ဖွင့်လှစ်ခဲ့ပေမယ့် ဒီလို ဆောင်ရွက်ပေးတာဟာ လုံလောက်တဲ့ ဆောင်ရွက်မှု မဟုတ်သေးဘူးလို့ KWAT က ဆိုပါတယ်။
ကချင် လှုပ်ရှားမှု အဖွဲ့အစည်းတွေရဲ့ ညှိနှိုင်းဆောင်ရွက်ရေး တာဝန်ခံ နောင်လတ် ကတော့ တရုတ်အစိုးရက အခုလို အပြစ်ပေး အရေးယူမှုတွေ လုပ်လာတာဟာ ကောင်းမွန် လာတဲ့ အခြေအနေတရပ် ဖြစ်တယ်လို့ ပြောပါတယ်။
ဒါပေမယ့် တကယ့်အဖြစ်မှန် တွန်းပို့ခံရတာတွေကို အရေးယူတာ ဖြစ်ဖို့ လိုအပ်သလို အကျင့်ပျက်ခြစား တာတွေနဲ့လည်း ဆက်စပ်နေကြောင်း သူက ပြောပါတယ်။
“မြန်မာအစိုးရအနေနဲ့ အရေးတကြီး လိုအပ်နေတာက လူကုန်ကူးမှုတွေနဲ့ ပတ်သက်ပြီး လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိမြင် လာအောင် လုပ်ဆောင်ဖို့၊ အထောက်အပံ့တွေ ပေးဖို့၊ လူကုန်ကူးခံရတဲ့ အမျိုးသမီးကြီးတွေနဲ့ ကလေးငယ်တွေကို အထောက် အပံ့တွေ ပေးအပ်ဖို့ပါပဲ”လို့လည်း နောင်လတ်က ဆက်လက်ပြောဆို သွားပါတယ်။ ။