အိန္ဒိယနိုင်ငံနှင့် အာဆီယံနိုင်ငံများ အနာဂတ် ကူးလူးဆက်သွယ်မှု အတွက် အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံကို ဆက်သွယ် မည့် အဝေးပြေးလမ်း စီမံကိန်း အမြန်ပြီးစီးရေးမှာ အရေးကြီးကြောင်း အိန္ဒိယဝန်ကြီးချုပ် ဒေါက်တာ မာမိုဟမ်ဆင်း က ပြောလိုက် သည်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ဒီဇင်ဘာ ၂၀ ရက်ကစတင်၍ ၂ ရက်ကြာကျင်းပနေသော အိန္ဒိယနှင့် အာဆီယံနိုင်ငံများ ဆက်သွယ်မှု ၁၀ နှစ်ပြည့် အထိမ်းအမှတ် ထိပ်သီး ဆွေးနွေးပွဲတွင် ဝန်ကြီးချုပ် မာမိုဟမ်ဆင်းက ပြောကြားခြင်း ဖြစ်သည်။
“အနာဂတ် အာဆီယံနဲ့ အိန္ဒိယဆက်သွယ်မှု တိုးတက်ဖို့အတွက် အရေးပါတဲ့ အိန္ဒိယ-မြန်မာ-ထိုင်း ဆက်သွယ်တဲ့ လမ်းကို အမြန် ဆုံးပြီးစီးဖို့ လိုအပ်တယ်။ ဒီလမ်းအပြင် အိန္ဒိယ-မြန်မာ-လာအို-ထိုင်း ၄ နိုင်ငံကို ဆက်သွယ်မယ့် ကားလမ်းအတွက်ကိုလည်း မြန်မြန် အကောင်အထည်ဖော်နိုင်ဖို့ လိုတယ်”ဟု မာမိုဟမ်ဆင်း က ဆိုသည်။
အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံကို ဖြတ်သန်းမည့် အဆိုပါ လမ်းသည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ် ဂိုဟာတီမြို့၊ အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့၊ မန္တလေး၊ ရန်ကုန်၊ ထိုင်း-မြန်မာနယ်စပ် မြဝတီနှင့် မဲဆောက်မြို့များကို ဆက်သွယ်မည့် ၄ လမ်းသွား အဝေးပြေးလမ်း ဖြစ်သည်။
ထိုလမ်းစီမံကိန်း၏ စစ်ကိုင်းတိုင်းမှ မန္တလေးအထိ ဆက်သွယ်မည့် လမ်းပိုင်းအတွက် အိန္ဒိယမှ ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၅၀၀ ကို မြန်မာနိုင်ငံသို့ ပေးအပ်ပြီး ဖြစ်သည်။
အဆိုပါလမ်း ပြီးစီးသွားပါက မန္တလေးမှတဆင့် ရှမ်းပြည်နယ်ကို ဖြတ်၍ လာအိုနှင့် ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံများအထိ ဆက်သွယ်မည့် လမ်းကြောင်းကို ဖောက်လုပ်ရန်လည်း အဆောတလျင် လိုအပ်နေသည်ဟု မာမိုဟမ်ဆင်းက ပြောဆိုသည်။
အာဆီယံ-အိန္ဒိယ ထိပ်သီးဆွေးနွေးပွဲတွင် အာဆီယံနိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့အကြား လွတ်လပ်စွာ ကုန်သွယ်ကူးသန်း ရောင်း ဝယ်ခွင့် အတွက် သဘောတူ စာချုပ်များလည်း ချုပ်ဆိုခဲ့သည်ဟု ဝန်ကြီးချုပ် မာမိုဟမ်ဆင်းက ဆိုသည်။
အိန္ဒိယနိုင်ငံမှ အရှေ့တောင်အာရှ နိုင်ငံများသို့ ကုန်းလမ်းမှ ကုန်သွယ်ကူးသန်းမှုများ အဆင်ပြေချောမွေ့ရေးအတွက် မြန်မာနိုင်ငံကို ဖြတ်သန်း ဆက်သွယ်မည့် အဆိုပါလမ်းမှာ ပဓာနကျနေသည်။
ထိုကားလမ်း စီမံကိန်းကို ၂၀၀၄ ခုနှစ်အတွင်း စတင်ပြုလုပ်ရန် သဘောတူမှုများပြုခဲ့ပြီး ၃ နိုင်ငံ နားလည်မှု စာချွန်လွှာများ မကြာ ခဏ လက်မှတ် ရေးထိုးနေသော်လည်း လက်တွေ့တွင် အကောင်အထည် ဖော်နိုင်မှု မရှိသေးပေ။
လမ်းဖောက်လုပ်ရေး ကြာမြင့်နေမှုများနှင့် ပတ်သက်ပြီး အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ဆဒ် အက်ခ်ဘာရုဒ်ဒင် က“ဒီစီမံကိန်းဟာ တနိုင်ငံ၊ အဖွဲ့အစည်း တခုတည်းနဲ့ လုပ်နေတာ မဟုတ်ပါဘူး၊ နိုင်ငံတွေအကြား နားလည်မှုစာချွန်လွှာတွေ လက်မှတ်ရေးထိုးနိုင်တဲ့ အဆင့် အထိပဲ ရှိပါသေးတယ်။ စီမံကိန်း အထမြောက်ဖို့ကတော့ အချိန်တွေပေးရဦးမယ်”ဟု အာဆီယံ-အိန္ဒိယ ထိပ်သီး အစည်းအဝေးနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့ဖူးသည်။
အနောက်မျှော်ဝါဒမှ အရှေ့မျှော်ဝါဒသို့ ပြောင်းလဲ ကျင့်သုံးလာနေသည့် အိန္ဒိယနိုင်ငံအတွက် အာဆီယံ နိုင်ငံများနှင့် ဆက်သွယ် ရေး တွင် အိမ်နီးချင်းဖြစ်သော မြန်မာနိုင်ငံသည် ပေါင်းကူးတံတားသဖွယ် အရေးပါသည့်နိုင်ငံတခု ဖြစ်ကြောင်း အိန္ဒိယက မကြာခဏ ထုတ်ဖော် ပြောကြားလေ့ရှိပြီး အစိုးရချင်းဆက်ဆံမှုများ တိုးမြှင့်လုပ်ဆောင်လာ သည်။
အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်နေသည့် သမ္မတ ဦးသိန်းစိန်ကလည်း ကြားခံဖြစ်သော မြန်မာနိုင်ငံအနေဖြင့် ဆက်လက် ကူညီလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။
“မြန်မာနိုင်ငံဟာ နိုင်ငံရေး၊ လုံခြုံရေး တိုးတက်ဖွံ့ဖြိုးမှုတွေအတွက် ကြိုးစားလုပ်နေသလိုပဲ အိန္ဒိယနိုင်ငံနဲ့ အာဆီယံနိုင်ငံတွေ ကူးလူးဆက်သွယ်မှု အနာဂတ်မှာ တိုးတက်လာဖို့ ပူးပေါင်း လုပ်ဆောင်သွားပါမယ်”ဟု သမ္မတ သိန်းစိန်က ဆိုသည်။
ထို့အပြင် အာဆီယံ-အိန္ဒိယ ကုန်သွယ်ဆက်ဆံရေးတွင် မြန်မာနိုင်ငံအနေဖြင့် ပုဂ္ဂလိကနှင့် တသီးပုဂ္ဂလ လုပ်ငန်းများ အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှု ပုံစံမျိုးဖြင့် ပါဝင်မှုများ ပြုမည်ဟုလည်း ပြောသည်။
သမ္မတသိန်းစိန်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဝဏ္ဍမောင်လွင်၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းေဋ္ဌး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်၊ ယဉ်ကျေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေ စသူတို့လည်း လိုက်ပါသွားကြပြီး အာဆီယံနိုင်ငံများနှင့် အိန္ဒိယနိုင်ငံဆက်ဆံရေး တွင် မြန်မာနိုင်ငံမှ ပါဝင်မည့် အိန္ဒိယ-မြန်မာလမ်းပိုင်းကိစ္စများ၊ နှစ်နိုင်ငံကုန်သွယ်ရေး၊ စီးပွားရေး ကဏ္ဍများအတွက် ပူးပေါင်း လုပ်ဆောင်ရေးများကို အိန္ဒိယဝန်ကြီးချုပ် မာမိုဟမ်ဆင်းနှင့် ဆွေးနွေးပြောဆိုရန် ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများ စုစည်းထားသည့် အာဆီယံ အဖွဲ့အတွင်းသို့ ၁၉၉၇ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့သည်။