ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ၁၅ ကြိမ်မြောက် ကွန်ဂရက် အစည်းအဝေးတွင် KNU ဥက္ကဋ္ဌအဖြစ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးကို ယနေ့ ရွေးချယ်လိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့်လ ၂၆ ရက်နေ့မှ စတင်၍ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) လေးဝါးစခန်းတွင် ၃ ပတ်ကျော်ကြာ KNU ညီလာခံကို ကျင်းပပြုလုပ်လျက်ရှိရာ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်များက ရွေးချယ်တင် မြှောက်ခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တဦးဖြစ်သည် ဦးမန်းမျိုးမြင့်က ဧရာဝတီသို့ ပြောသည်။
ယင်း ညီလာခံကို ကိုယ်စားလှယ် ၁၇၁ ဦး တက်ရောက်ခဲ့ပြီး ဒီမိုကရေစီ နည်းလမ်းဖြင့် ရွေးချယ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
ဗိုလ်ချုပ် မူတူးစေးဖိုးနှင့် အတူ KNU ကွန်ဂရက်တွင် နော်စီဖိုးရာစိန်ကို ဒု ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ အထွေထွေ အတွင်းရေးမှူးအဖြစ် တပ်မဟာ ၄ ဒေသ ထားဝယ်ခရိုင် ဥက္ကဋ္ဌ ပဒို ကွယ်ထူးဝင်းနှင့် တွဲဖက် အတွင်းရေးမှူး (၁) နှင့် (၂) အဖြစ် ပဒို သောသီဘွဲနှင့် ပဒို မန်းမန်းတို့ကို ရွေးချယ်ခဲ့ကြကြောင်း သိရသည်။
ထို့အပြင် တခြားသော အလုပ်အမှုဆောင် ကော်မတီဝင်များ အပါအဝင် စစ်ဦးစီးချုပ်နှင့် စစ်ဘက်ဆိုင်ရာ ထိပ်တန်း ခေါင်းဆောင်များကိုလည်း မကြာခင်ရက်ပိုင်းအတွင်း ရွေးချယ်မည် ဖြစ်ကြောင်း သိရသည်။
KNU အဖွဲ့အစည်း အနေဖြင့် စတင်ဖွဲ့စည်းချိန်မှ ယခုအချိန်အထိ ဥက္ကဋ္ဌ ၈ ဦး ရှိသွားပြီ ဖြစ်သည်။ KNU သည် အင်အားကြီးမားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်ပြီး ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကာ ထိုအချိန်က ဥက္ကဋ္ဌမှာ စောစံဖိုးသင် ဖြစ်သည်။
၁၉၄၉ ခုနှစ်မှ စတင်ကာ KNU အဖွဲ့အစည်းအနေနှင့် မြန်မာအစိုးရကို နှစ်ပေါင်း ၆၀ ကျော်ကြာ လက်နက်ကိုင် တော်လှန် ပုန်ကန်ခဲ့သည့် အဖွဲ့အစည်း ဖြစ်သည်။ သို့သော် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် နှစ်ဖက် ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က ဘားအံမြို့တွင် ပထမဆုံးအကြိမ် ပြည်နယ်အဆင့် အစိုးရနှင့် သဘောတူ လက်မှတ်ရေး ထိုးခဲ့ကြသည်။
အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွင် ဆက်ဆံရေးရုံးများ ဖွင့်လှစ်သွားရန် ပါရှိပြီး ယခုနှစ် ဧပြီးလမှ စတင်၍ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်၊ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်၊ ဘုရားသုံးဆူမြို့နယ်နှင့် မြဝတီမြို့နယ်တို့တွင် ဖွင့်လှစ်ထားပြီး ဖြစ်သည်။