ရှမ်းပြည်နယ် အင်းလေးကန်၏ အရှေ့ဘက် တောင်ခြေတွင် တည်ဆောက်မည့် ဟိုတယ်ဇုန်သစ် စီမံကိန်း အတွက် မြေဧက ၆၂၂ ဧက ကို ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းက စတင် သိမ်းယူလိုက်ကြောင်း သိရသည်။
ယင်း စီမံကိန်းနယ် အဖြစ် သတ်မှတ်ထားသည့် ဧက ၆၂၂ ဧကတွင် အင်းလေးကန်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်း ၁၃ ကျောင်း ၏ ထင်းစိုက်ခင်း ဧရိယာ ဧက ၃၀၀ ကျော်ဒေသခံများ၏ စိုက်ခင်းများ ပါဝင်ကြောင်း အင်းလေးကန် ဟဲယာရွာမ ရှိ ရွာမ ပထမကျောင်း ဆရာတော် ဦးကုသလ က မိန့်ကြားသည်။
ရှမ်းပြည်နယ်အစိုးရ အဖွဲ့၏ သစ်တောနှင့် သတ္တုတွင်း ဝန်ကြီးက ထို သိမ်းဆည်းထားသည့် မြေ နေရာများထဲမှ တချို့ကို အစားထိုးပေးရန် ညှိနှိုင်း ပေးမည်ဖြစ်ကြောင်း ပြောသည်။
ညောင်ရွှေမြို့နယ် အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ ဒီဇင်ဘာ ၁၇ ရက်နေ့က ကျင်းပသော အင်းလေးကန် ရေရှည် တည်တံ့ရေး ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ဒေသခံများ ၏ အခန်းကဏ္ဍ ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဟိုတယ်ဇုန် ကိစ္စကတော့ ကျနော်နဲ့ မဆိုင်ပါဘူး။ စီမံ/စီးပွား ဝန်ကြီးနဲ့ ဆိုင်တာပါ။ ဒါပေမယ့် ကျနော် ပြန်ညှိပေးမယ်။ အသိပေး လိုက်ပါ့မယ်။ ကျေးရွာသုံး ထင်းစိုက်ခင်း အတွက် ကျနော်တို့ ဘယ်လိုအစားထိုး လုပ်ပေးလို့ ရမလဲ ဆိုတာ သစ်တောဦးစီးနဲ့ ကျေးရွာကို ဆင်းခိုင်းလိုက်ပါ့မယ်။ ပြန်လုပ်ပေးမယ်”ဟု ဝန်ကြီးက ယင်း ဆွေးနွေးပွဲတွင် ပြောသည်။
အင်းလေးကန် ဟဲယာရွာမ ကျေးရွာမှ ကိုအယ်နီငယ်က အဆိုပါ ထင်းစိုက်ခင်းများသည် လွတ်လပ်ရေးမရခင် စော်ဘွားများ လက် ထက် ကတည်းက အင်းလေးကန် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအတွက် ထင်းစိုက်ခင်း အဖြစ် ရှိနေခဲ့ကြောင်း၊ ထင်း စိုက် ခင်းများကို ကြိုးဝိုင်းသစ်တော အဖြစ် သတ်မှတ်ခြင်းကိုလည်း မသိကြောင်း၊ ယင်း စီမံကိန်း နှင့် ပက်သက်ပြီး ဒေသခံများကို အသိ ပေးခြင်း မရှိကြောင်း ပြောဆိုသည်။
ကျေးရွာ ထင်းစိုက်ခင်းများ ပြုလုပ်ရာတွင် ဒေသခံများအား အစိုးရကပျိုးပင်ပေးပြီး စိုက်ပျိုးသော စိုက်ခင်းနှင့် ပုဂ္ဂလိက စိုက်ခင်းများ ဖြစ်ကြောင်း၊ စီမံကိန်း မြေနေရာများသည် သစ်တောကြိုးဝိုင်း အတွင်း၌ ဖြစ်ကြောင်း ညောင်ရွှေမြို့နယ် ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန တာဝန်ရှိသူ တဦးက ပြောသည်။
“အရင်တုန်းက ရွာပိုင်အနေနဲ့ သတ်မှတ်ထားတဲ့ ထင်းစိုက်ခင်းက အခု အင်းလေးအရှေ့ဘက် သစ်တောကြိုးဝိုင်းထဲမှာ ပါနေ တယ်”ဟု ၎င်းက ဆိုသည်။
အဆိုပါ ထင်းစိုက်ခင်းတွင် လွန်ခဲ့သည့် တလကျော်က ကျွန်းစိုက်ရမည် ဆိုသည့်အတွက် သွားရောက် စိုက်ပျိုးခဲ့ကြောင်း၊ စီမံ ကိန်းမြေ သတ်မှတ်လိုက်သည့် အချိန်တွင်လည်း မည်သည့် ဘုန်းတော်ကြီးကျောင်းကိုမျှ လာရောက် အကြောင်းကြားခြင်း မရှိခဲ့ကြောင်း၊ တာဝန်ရှိသူများက လာရောက် ဆွေးနွေးပြီး အဖြေတခု ရစေလိုကြောင်းလည်း ၎င်းက ဆက်ပြောသည်။
အနောက် ရွာမကျောင်း ဆရာတော် ဦးခေမာနန္ဒက“တကယ်လို့ အစားထိုးပေးမယ် ဆိုရင်တောင် ဘုန်းကြီးတို့ မကြိုက်တဲ့နေရာ၊ ဘာသစ်ပင်မှ မရှိတဲ့နေရာ ဆိုရင် လက်ခံမှာ မဟုတ်ပါဘူး။ ဟိုး အဝေးတောင်ထိပ်မှာ ချထားပေးရင်လည်း လက်ခံဖို့ မရှိပါဘူး။ ဒီ ကိစ္စက ဦးပဉ္စင်းတို့ ဘုန်းကြီးကျောင်းတွေ အားလုံး စုပေါင်း ဆုံးဖြတ်ရမှာ”ဟု မိန့်ကြားသည်။
အင်းလေး ဟိုတယ်ဇုန်အဖြစ် သတ်မှတ်ထားသည့် နေရာနှင့် ကပ်လျက်ရှိသော ညောင်ဝန်း ရေထွက်ပေါက်သည် အင်းလေးကန် တဝိုက် ကျေးရွာများက သောက်ရေသုံးရေ အတွက် အဓိက အားထားနေရသော နေရာဖြစ်၍ ဟိုတယ်ဇုန် ဆောက်လုပ်လျှင် သောက်ရေ အခက်အခဲတွေ့ရနိုင်ကြောင်း အင်းလေးကန် အရှေ့ဘက် အင်းပေါကုန်ရွာမှ ဦးမြင့်ဇော်က ပြောပြသည်။
“ဒီဟိုတယ်ဇုန်ကို မဖြစ်စေချင်ဘူး။ ဓာတုဆေးဝါးတွေက တအား များလာတော့ အင်းလေးကန်ရေကို သောက်လို့ မရဘူး။ အဲဒီ ဟိုတယ်ဇုန်ကြီး လုပ်လိုက်တာက အင်းထဲက လူတွေကို သတ်တာနဲ့ အတူတူပဲ”ဟုလည်း ၎င်းက ဆက်ပြောသည်။
ယင်း ဟိုတယ်ဇုန်သစ် စီမံကိန်းတွင် ထင်းစိုက်ခင်းများအပြင် အင်းလေးကန် အရှေ့ဘက် ကျေးရွာများဖြစ်သော ဝက်တားကင်း၊ ကန်ပဲ့၊ အင်ကြင်းကုန်း၊ ချောင်းပါးကျေးရွာများရှိ ဒေသခံများ၏ စိုက်ခင်းများလည်း ပါဝင်နေကြောင်း သိရသည်။
အဆိုပါ ဒေသခံများကိုလည်း ဟိုတယ်ဇုန်စီမံကိန်းနှင့် ပက်သက်ပြီး အကြောင်းကြား ရှင်းလင်းခြင်း မရှိကြောင်း၊ မြေတူးစက်များ ရောက်ရှိလာမှသာ သတိပြုမိ ကြခြင်း ဖြစ်ကြောင်း၊ မည်သူက ဦးစီး လုပ်ကိုင်နေသည်ကို တိတိကျကျ မသိရကြောင်း အင်ကြင်း ကုန်း ရွာမှ ကိုအောင်ကျော်မျိုးက ပြောသည်။
“ကျမ ကတော့ စိုက်ခင်းတွေပဲ ပြန်လိုချင်တယ်။ ဒါပဲ လုပ်တတ်တော့ ဒါပဲ လုပ်ကိုင် စားသောက်ချင်တယ်။ လျော်ကြေး ဆိုတာကို မလိုချင်ဘူး”ဟု အင်ကြင်းကုန်းရွာမှ ဒေါ်ဖွားမြစ်ကလည်း ပြောဆိုသည်။
လျော်ကြေးငွေ ရရှိခဲ့သည့်တိုင် မိမိတို့ ဒေသခံများ အနေဖြင့် ပညာရေး အပါအဝင် အစစ အရာရာ အားနည်းသည့် အတွက် ပြန် လည်အခြေချ နေထိုင် လုပ်ကိုင်ရန် မဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆို သွားသည်။