ဒီဇင်ဘာ ၂၂ ရက်နေ့ညက ရေနစ် သေဆုံးခဲ့သည့် သန်လျင်မြို့နယ် သမဝါယမကောလိပ် ကျောင်းသားသမဂ္ဂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းစိုးသက်ထွေး၏ ရုပ်အလောင်းကို ယနေ့ နေလယ် ၁ နာရီတွင် သန်လျင်ဆေးရုံကြီးမှတဆင့် သယ်ယူပြီး သန်လျင် GTC နားရှိ ပျဉ်ထောင်ကျောင်းသုဿာန်တွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။ ၎င်းဈာပန အခမ်းအနားကို ဗကသ ဗဟိုကော်မတီဝင်များ လိုက်ပါပို့ဆောင်ကာ အမိန့်ပြန်တမ်း ထုတ်ပြန်သွားမည်ဟု ဗကသမှ ကိုသီဟသန်းဝင်းက ပြောသည်။ သေဆုံးသွားသူ ကိုစိုင်းစိုးသက်ထွေးသည် တောင်ကြီးမြို့မှ လာရောက်ကျောင်းတက်နေသူ ဖြစ်ပြီး ဗကသအလုပ်များကို တက်ကြွစွာ လှုပ်ရှားလုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။ ၎င်းသည် ဒီဇင်ဘာ ၂၂ ရက်နေ့ စနေနေ့ညက ကျောင်းဝန်းအတွင်းရှိ အကျယ် ၁၀ ပေ၊ အနက် ၉ ပေ ခန့်ရှိသော ရေမြောင်းအတွင်း ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်သည်။ အဆိုပါရေ မြောင်းသည် ယခင်က ယခုလောက်မကျယ်သော်လည်း အကြာမီအချိန်ကမှ တိုးချဲ့ဖောက်လုပ်ခဲ့ပြီး အကာအရံများမရှိကြောင်း၊ ၎င်းသည် စနေ ညပိုင်းတွင် ငါးမျှရန်ဟုဆိုကာ အဆောင်မှထွက်သွားကြောင်း၊ သူ့ကို စိတ်မချသဖြင့် မိနစ် ၃၀ ခန့်အကြာ လိုက်သွားသည့် ရေမြောင်းအတွင်း ရေနစ်နေသည်ကိုတွေ့ရသောကြောင့် ဆရာ၊ ဆရာမ များကိုအကြောင်းကြားခဲ့ကြောင်း၊ နောက်ထပ် မိနစ် ၃၀ ခန့်တွင် မီးသတ်နှင့်ရဲများ ရောက်လာသော်လည်း ရေနစ်သေဆုံးပြီဟု ယူဆကာ အလောင်းကိုဆင်းဆယ်ခြင်း မပြုလုပ်ဘဲ ကုန်းပေါ်တွင်သာ စစ်ချက်များ ယူ၍ ပြန်သွားကြောင်း၊ နောက်တစ်နေ့မှ ဆင်းဆယ်ကြကြောင်း ကိုသီဟသန်းဝင်းက ဆက်ပြောသည်။ “ဖြစ်ဖြစ်ချင်းမှာ ဆင်းဆယ်တဲ့သူတစ်ဦးရှိတယ်။ ဒါပေမယ့် ရေထဲမှာ ငါးဖမ်းပိုက်တွေရှိလို့ ဆယ်မရခဲ့ဘူး။ တကယ်ဆိုရင် တာဝန်ရှိသူတွေက ညတွင်းခြင်း ပြီးအောင်လုပ်သင့် တယ်။ သေပြီဆိုပြီး မျက်နှာလွှဲသွားသလို ဖြစ်တယ်လို့ ကျနော်တို့ ယူဆတယ်၊ မလုပ်သင့်ဘူးပေါ့ဗျာ။ သေချာလား မသေချာလားဆိုတာ ရအောင်လုပ်သင့်တယ်။ အဲဒီသတင်းကို ကျနော်တို့ဆီ ရောက်လာတော့ သန်းခေါင် ၁ နာရီရှိပြီ” ဟု သူက ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။