တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများသို့ ဒေါ်လာ ၃ သန်း တန်ဖိုးရှိ အရေးပေါ် ဆေးဝါး အထောက်အပံ့ ပစ္စည်းများ ပေးအပ် သွားမည် ဖြစ်ကြောင်း နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ယိုဟိုင်းဆာဆာကာဝါက အရေးပေါ် အထောက်အပံ့ ပစ္စည်းများ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားတွင် ပြောကြားသည်။
ယင်းအခမ်းအနားကို ဒီဇင်ဘာ ၂၂ ရက်နေ့က မော်လမြိုင်မြို့ ပြည်နယ် ခန်းမတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
နီပွန်ဖောင်ဒေးရှင်း၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် မြန်မာ အစိုးရတို့ အကြား ရရှိခဲ့သည့် သဘောတူညီချက်ကို အခြေခံကာ နီပွန်ဖောင်ဒေးရှင်းက အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ပြီး အထောက်အပံ့ ပစ္စည်းများကို ပြည်တွင်း ဒုက္ခသည်များ ရှိရာ ဒေသများသို့ ဖြန့််ဝေပေး သွားမည်ဟု သိရသည်။
“တိုင်းရင်းသား အဖွဲ့အစည်းတွေကို နိုင်ငံရေး၊ စီးပွားရေး အကူအညီ ပေးဖို့ နောက်ကျနေတော့ အခု လူမှုရေးအတွက် အကူအညီ ပေးဖို့ပါ။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ရဖို့က အရေးကြီးတယ်” ဟု မစ္စတာ ယိုဟိုင်း ဆာဆာကာဝါက ဧရာဝတီသို့ ပြောသည်။
ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ ရှိရာဒေသတွင် အခက်အခဲ ကြုံနေသော ပြည်သူများကို လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အထောက်အပံ့ ပစ္စည်းများ ပေးမည်ဖြစ်ကြောင်း၊ အင်အားစုများနှင့် အစိုးရ အကြား ငြိမ်းချမ်း ရေးရရှိစေရန်လည်း ကူညီမည်ဖြစ်ကြောင်း၊ ထာဝရငြိမ်းချမ်းရေး ကို ဆက်လက် အကောင်အထည် ဖော်သင့်ကြောင်း ၎င်းက ဆိုသည်။
နီပွန် ဖောင်ဒေးရှင်းမှ တိုင်းရင်းသား စစ်ဘေးသင့် ပြည်သူများအတွက် အထောက်အပံ့ အဖြစ် ဒေါ်လာ သန်း ၆၀ ဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီးဌာနမှ သိရသည်။
သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “မြန်မာနိုင်ငံက ဂျပန်အစိုးရက တဆင့် ထောက်ပံ့မှု အတွွက် အမေရိကန်ဒေါ်လာသန်း ၃၀၀ ရဖို့ ရှိတယ်။ အစိုးရအနေနဲ့ နိုင်ငံတကာက NGO၊ INGO တွေနဲ့ ပေါင်းပြီး တိုင်းရင်းသား လူမျိုးတွေကို အကူအညီပေးဖို့ ဆောင်ရွက်သွားမယ်” ဟု အခမ်းအနားတွင် ပြောကြားသည်။
ပြည်တွင်း ဒုက္ခသည် စခန်းများရှိ တိုင်းရင်းသားများ အပြင်၊ ပြည်ပရောက် တိုင်းရင်းသားများကို ပြည်တွင်းသို့ ပြန်လည် ခေါ်ဆောင်မည် ဆိုပါက ၎င်းတို့အတွက် ဒေသအသီးသီးတွင် မြေမြှုပ်မိုင်း ရှင်းလင်းပေးခြင်း၊ နေအိမ်များ ဆောက်လုပ် ပေးခြင်း၊ စားနပ်ရိက္ခာများ ထောက်ပံ့ပေးခြင်းနှင့် အလုပ်အကိုင်သစ်များ ရှာဖွေပေးခြင်းများ ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက သုံးသပ်သည်။
ထို့အပြင် မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ ဦးနိုင်မော်ထွန်းက စစ်ဘေးသင့် ပြည်သူများအတွက် ယခုကဲ့သို့ ထောက်ပံ့ခြင်းကို ကြိုဆိုကြောင်း၊ ခွဲခြားဆက်ဆံံမှု မရှိဘဲ ကူညီသည့် အတွက် ငြိမ်းချမ်းရေး ဖြစ်တည်လာနိုင်ကြောင်း၊ ထာဝရ ငြိမ်းချမ်းရေးကို အကောင်အထည် ဖော်သင့်ကြောင်း သုံးသပ်ပြောကြားသည်။
လက်ရှိတွင် တိုင်းရင်းသားပေါင်း ၄၄၆၀၀ ကျော် ပြည်ပနိုင်ငံ အသီးသီးသို့ ရောက်ရှိနေပြီး ဒုက္ခသည် စခန်းများတွင် ရောက်ရှိ နေသည့် တိုင်းရင်းသား ဒုက္ခသည် ပေါင်း ၃ သိန်းခွဲ ကျော်ရှိကြောင်း သိရသည်။