မြန်မာ့ဆေးဘက်ဆိုင်ရာနှင့် သုတေသန နယ်ပယ်တွင် နျူကလီးယား နည်းပညာ လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။
“တပ်မတော်အနေဖြင့် အဏုမြူနည်းပညာကို လူအများသေစေမည့် လက်နက်များ ထုတ်လုပ်ရန် မဟုတ်ဘဲ အများအကျိုးရှိစေမည့် ဆေးပညာနှင့် သိပ္ပံနယ်ပယ်၊ စွမ်းအင်ဆိုင်ရာ လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲရေး နယ်ပယ်များတွင် အသုံးချရန်၊ လေ့လာသင်ယူမှုများ၊ စမ်းသပ်မှုများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ဆောင်ရွက်သွားရမည်” ဟု ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်နေ့က ပြုလုပ်သည့် တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းဆင်းပွဲတွင် ပြောကြားခြင်းဖြစ်ကြောင်း အစိုးရထုတ် မြန်မာ့အလင်း သတင်းစာတွင် ရေးသားထားသည်။
မြန်မာနိုင်ငံသည် စစ်အစိုးရလက်ထက် ရုရှားနိုင်ငံ၏ အကူအညီဖြင့် သုတေသန နျူကလီးယား ဓတ်ပေါင်းဖိုတလုံး လျှို့ဝှက် တည်ဆောက်ရန် စီစဉ်ခဲ့ခြင်း၊ မြောက်ကိုရီးယားနိုင်ငံနှင့် စစ်ရေးဆက်သွယ်မှုများ ပြုလုပ်ခဲ့ခြင်းတို့ကြောင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ စောင့်ကြည့်ခြင်းကို ခံခဲ့ရသည်။
သမ္မတ ဦးသိန်းစိန်၏ အစိုးရသစ် လက်ထက်တွင်မူ ငွေကြေးနှင့် နည်းပညာပိုင်းတွင် လိုအပ်ချက်များ ရှိသည့်အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အထင်အမြင် လွဲမှားစေသည့်အတွက် အဆိုပါ ဓာတ်ပေါင်းဖို တည်ဆောက်ရေးကို စွန့်လွှတ်ကြောင်း၊ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတနိုင်ငံ ဖြစ်သည်နှင့်အညီ လုံခြံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်ရန် ဆုံးဖြတ်ချက်ချထားကြောင်း ပြီးခဲ့သည့်လက ထုတ်ဖော်ပြောဆိုခဲ့သည်။
သုတေသန နယ်ပယ်၌ အဏုမြူနည်းပညာ လိုအပ်သည်ဟု ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောဆိုမှုမှာ သမ္မတ ဦးသိန်းစိန်၏ သုတေသန နျူကလီးယား ဓာတ်ပေါင်းဖို စီမံကိန်းကို စွန့်လွှတ်သည်ဆိုသော နိုင်ငံတကာသို့ ပြောကြားသည့် စကားနှင့် ဆန်ကျင့်နေသည်ဟု လေ့လာသူများက ဆိုသည်။
နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက “ဦးစီးချုပ် ပြောတဲ့စကားက ကင်ဆာကုသတာတို့၊ ဓာတ်မှန်ရိုက်တာတို့ လုပ်တဲ့ ရေဒီယို အိုင်ဆိုတုတ် သတ္တိကြွတာကို ရည်ရွယ်တာပါ။ နျူကလီးယားကို ပြောတာ မဟုတ်ပါဘူး။ ဒါကို နားလည်မှု လွဲမှားကြတာပါ” ဟု ဆိုသည်။
ယခင် စစ်အစိုးရလက်ထက်က ရည်ရွယ်ခဲ့သည့် စွမ်းအင်ထုတ်လုပ်ရေး နျူကလီးယား ဓာတ်ပေါင်းဖိုစီမံကိန်းမှာ လုံး၀ ရပ်ဆိုင်းပစ်လိုက်ပြီ ဖြစ်ကြောင်း၊ ထိုဆောင်ရွက်ချက်ကိုလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မှ လိုက်နာကြောင်း၊ ယခုပြောဆိုသည့် မိန့်ခွန်းမှာ ဆေးပညာသုံး အဏုမြူအစီအစဉ်နှင့် ပတ်သက်၍ တိုးတက်ရန်အတွက် ညွန်ကြားခြင်းသာ ဖြစ်သည်ဟု ဦးဇော်ဌေးက ရှင်းပြသည်။
မကြာသေးမီကလည်း ဂျပန်နိုင်ငံ တိုကျို ဆိပ်ကမ်းတွင် မြောက်ကိုရီးယား ကုန်တင်သင်္ဘောပေါ်မှ မြန်မာနိုင်ငံသို့ တင်ပို့မည်ဟု ယူဆရသော နျူကလီးယား လုပ်ငန်းသုံး အဆင့်မြင့် သတ္တုပိုက်များကို အာဏာပိုင်တို့က ဖမ်းဆီးရမိကြောင်း ဂျပန်နိုင်ငံထုတ် အဆာဟိရှင်ဘွန်း သတင်းစာက ရေးသားခဲ့သေးသည်။