ရန်ကုန် – မန္တလေး – ဟဲဟိုး ခရီစဉ် ပျံသန်းနေသည် အဲပုဂံ လေကြောင်းလိုင်းမှ w9-011 လေယာဉ်သည် ယနေ့နံနက် ၈နာရီ ၅၅ မိနစ်ခန့်က ဟဲဟိုးလေဆိပ်သို့မရောက်မီ အရေးပေါ် ဆင်းသက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ခရီးသည် ၆၅ ဦး လိုက်ပါလာသည့် အဆိုပါလေယာဉ်သည် ဟဲဟိုးလေဆိပ်သို့ ဆင်းသက်ရန် ၂ မိုင်ခန့်အကွာသို့ ရောက်ရှိပျံသန်းနေစဉ် ရုတ်တရက် လယ်ကွင်းအတွင်းသို့ အရေးပေါ် ဆင်းသက်လိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။
မည်သည့်အတွက် အဆိုပါလေယာဉ် အရေးပေါ် ဆင်းသက်ခဲ့ရခြင်းကို မသိရသေးသော်လည်း၊ လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များအနက် ၉ ဦး နှင့် လေယာဉ်မောင်း ၂ ဦး ဒဏ်ရာရရှိကာ ခရီးသည်တဦးသေဆုံးကြောင်း အဲပုဂံ လေကြောင်းလိုင်းမှ တရား ဝင်ထုတ်ပြန်သည်။
ယခုအခါ ဒဏ်ရာရရှိသည့် ခရီးသည်များမှာ တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး ကျန်ခရီးသည် ၅၅ ဦး ကိုလည်း ဟဲဟိုးလေဆိပ်တွင် စောင့်ရှောက်ထားကြောင်း သိရသည်။
ထိုသို့ လယ်ကွင်းအတွင်း အရေးပေါ်ဆင်းသက်ခဲ့သည့် လေယာဉ်သည် မြေပြင်ပေါ်တွင် ဆိုင်ကယ်ဖြင့် သွားလာသူနှစ်ဦးကိုလည်း တိုက်မိသည့်အတွက် လူတဦး ထပ်မံသေဆုံးသွားကြောင်း MRTV 4 ရုပ်သံဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မီးလောင်သွားသည့် လေယာဉ်ပေါ်တွင် ခရစ္စမတ် ပွဲတော်ရက် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသည် အများစု ပါဝင်သည်ဟု သိရှိရသည်။
အစိုးရက လတ်တလော ထုတ်ပြန်သည့်သတင်းများအရမူ ဟဲဟိုးလေဆိပ်တဝိုက် မြူများကျဆင်းနေသည့်အတွက် အရေးပေါ် ဆင်းသက်ခဲ့ရသည်ဟု ဆိုသည်။
သို့သော် မြန်မာလေကြောင်း ဦးစီးဌာနကမူ နိုင်ငံတကာ လေကြောင်းစစ်ဆေးရေး စည်းမျဉ်းများအရ လေယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီ၊ လေကြောင်း ထိန်းသိမ်းရေးဌာန၊ လေကြောင်းဦးစီး၊ ပို့ဆောင်ရေး ဝန်ကြီးဌာန စသည့်တို့ ပူးပေါင်းပြီး ခုံရုံးဖွဲ့ကာ စစ်ဆေးမည်ဟု လေကြောင်း ဦးစီးဌာနမှ အမည်မဖော်လိုသည့် အရာရှိတဦးက ပြောသည်။
“လေယာဉ်မှာ နိုင်ငံခြားသားတွေလည်းပါတော့ အခြေအနေကတော့ ရှုပ်ထွေးတယ်။ မြူဆိုင်းနေမယ် ဆိုရင်လည်း ဟဲဟိုးလေဆိပ် ထိန်းသိမ်းရေးက ကြိုပြီးသတင်းပို့ထားပြီး ဖြစ်မယ်။ ရုတ်တရက် နှင်းကျ မြူဆိုင်းတယ်ဆိုရင်တော့ တမျိုးပေါ့။ ဒါကြောင့် စုံစမ်းစစ်ဆေးရေး လုပ်ရပါမယ်” ဟု အဆိုပါ အရာရှိက ဆိုသည်။
ကမ္ဘာတဝှမ်းရှိ လေဆိပ်များ၊ လေကြောင်းလိုင်းများ၊ လေယာဉ်များသည် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတခုဖြစ်သည့် အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်း အဖွဲ့ချုပ် ထိန်းချုပ်မှုအောက်တွင် ရှိသည့်အတွက် ချမှတ်ထားသည့် စည်းမျဉ်းများအတိုင်း လုပ်ဆောင်ရမည်ဖြစ်ပြီး၊ ခရီးသည် ထိခိုက်ဒဏ်ရာရမှု၊ ပစ္စည်းပျောက်ရှမှုများနှင့် ပတ်သက်၍မှု ခုံရုံးအဖွဲ့က ဆုံးဖြတ်ကာ ပေးလျော်စေမည်ဟု ဆက်လက် ရှင်းပြသည်။
ယခု အရေးပေါ်ဆင်းသက်ခဲ့ရသည့် လေယာဉ်သည် ဖော်ကာ 100 အမျိုးအစား ဂျက်လေယာဉ်ဖြစ်သည်။
ယခုနှစ်ဆန်းပိုင်း ဖေဖော်ဝါရီလအတွင်းကလည်း ကမ္ဘောဇ လေကြောင်းလိုင်း (Air KBZ) မှ ATR 72 အမျိုးအစား လေယာဉ်တစီး ရခိုင်ပြည်နယ် သံတွဲမြို့ မဇင်လေဆိပ် အဆင်းတွင် ဘီးချော်ပြီး ဝမ်းဗိုက်ဖြင့် ဆင်းသက်ခဲ့ရသည်။