အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမားက လာမည့် သက်တမ်းသစ်အတွက် နိုင်ငံခြားရေး ဝန်ကြီးသစ်အဖြစ် ရွေးချယ်လိုက်သူ အထက်လွှတ်တော်အမတ် ဂျွန်ကယ်ရီသည် နိုင်ငံတကာ ခေါင်းဆောင်များနှင့် မျက်နှာ မစိမ်းသူ ဖြစ်သကဲ့သို့ မြန်မာ့ ဒီမိုကရေစီနှင့် လူအခွင့်အရေးတို့အတွက် ရှေ့တန်းက အားပေးထောက်ခံခဲ့သူ တဦးလည်း ဖြစ်သည်။
အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီ၏ ဥက္ကဋ္ဌလည်းဖြစ်၊ သံတမန်ရေး ကျွမ်းကျင်ပြီး နိုင်ငံတကာ ခေါင်းဆောင်များနှင့်ပါ ရင်းနှီးကျွမ်းဝင်သူလည်းဖြစ်ပြီး ၂၀၀၄ ခုနှစ်က သမ္မတလောင်းအဖြစ် ရွေးချယ်ခံခဲ့သူလည်းဖြစ်သည့် ဗီယက်နမ် စစ်ပြန် ဂျွန်ကယ်ရီကို သမ္မတ အိုဘားမားက လွန်ခဲ့သည့် သောကြာနေ့က နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ် ကြေငြာခဲ့ခြင်းဖြစ်သည်။
ဂျွန်ကယ်ရီသည် အိုဘားမား အစိုးရအတွက် နိုင်ငံတကာသို့ လှည့်လည် သွားခဲ့သူလည်းဖြစ်သလို နှစ်ပေါင်း ၃၀ နီးပါး အမေရိကန် နိုင်ငံခြားရေးမူဝါဒ၏ အဓိက နေရာက ပါဝင်လှုပ်ရှားနေသကဲ့သို့ အထက်လွှတ်တော်တွင်လည်း ဒီမို ကရက်ပါတီနှင့် ရီပတ်ပလီကန်ပါတီ ၂ ရပ်လုံးက လေးစားယုံကြည်မှုရ၍ အထက်လွှတ်တော်ကလည်း နိုင်ငံခြားရေး ဝန်ကြီးအဖြစ် လျှင်မြန်စွာ အတည်ပြုပေးမည်ဟု ယုံကြည်ကြောင်း သမ္မတ အိုဘားမားက ပြောသည်။
ဂျွန်ကယ်ရီသည် အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု သက်တမ်းတိုးရေး ကိစ္စ တွင် အဓိက အခန်းကဏ္ဍကပါဝင်ခဲ့သော်လည်း မြန်မာ- အမေရိကန် ပုံမှန်ဆက်ဆံရေး ပြန်လည် ရရှိစေရန် အမေရိကန် အမတ်များကို မြန်မာအစိုးရက ပြည်ဝင်ခွင့် ပေးခဲ့သည့်အထဲ မန်ဆက်ချူးဆက် ပြည်နယ်က အထက် လွှတ်တော်အမတ် ဂျွန်ကယ်ရီလည်း ပါဝင်သည်။
မစ္စတာ ဂျွန်ကယ်ရီသည့် လွန်ခဲ့သည့်နှစ် သြဂုတ်လက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများကို အသိအမှတ်ပြု ကြိုဆိုခဲ့သည်။ သို့သော် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုများ မည်သို့ ဆက်လုပ်မည်ဆိုသည်ကို အနီးကပ်စောင့် ကြည့်နေသည်ဟုလည်း သူက ပြောခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံမှ စစ်ဗိုလ်ချုပ်ဟောင်း တချို့နှင့်လည်း ရင်းနှီးသကဲ့သို့ သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့၏ အမေရိကန် ပြည်ထောင်စု ခရီးစဉ်တွင်လည်း ဂျွန်ကယ်ရီသည် အဓိကအခန်းက ပါဝင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း တွေ့ဆုံခဲ့သေးသည်။
ယခုနှစ်ဆန်းပိုင်းက မြန်မာနိုင်ငံနှင့် ပတ်သက်၍ မှတ်ချက်ပေးရာတွင် မြန်မာနိုင်ငံ၏ ပြောင်းလဲလာသည့်အသံကို အသိအမှတ်ပြုကာ အားပေး ထောက်ခံသွားရေးကိုလည်း ဆောင်းပါးတပုဒ်ရေးပြီး တိုက်တွန်းခဲ့ဖူးသည်။
“မြန်မာနိုင်ငံက လမ်းဆုံလမ်းခွကို ရောက်နေပြီ ပြောလို့ရတယ်။ အထိအခိုက် မခံတဲ့ အခြေအနေရှိတဲ့ နိုင်ငံတခုအဖြစ် ရှိနေသေးတယ်။ အပြောင်းအလဲကို အားပေးဖို့ ကွန်ဂရက်မှာလည်း ကျနော်တို့ လုပ်ဆောင်မှာပါ။ အဓိက ကျနော်တို့ စောင့်ကြည့်နေတာကတော့ မြန်မာအစိုးရဟာ မြန်မာပြည်သူတွေအတွက် ဘယ်ကဏ္ဍက ဘယ်လို အစပြု လုပ်မလဲဆိုတာနဲ့ လက်တွဲဖော် အသစ်ဖြစ်ရေးအတွက် အနီးကပ်စောင့်ကြည့်နေပါတယ်” ဟု ဂျွန်ကယ်ရီက Empowering Burma’s voices of change ဆောင်းပါးတွင် ရေးသားခဲ့ဖူးသည်။
မြန်မာ့အရေးနှင့် ပတ်သက်၍ မကြာခဏ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ခဲ့ပြီး နိုင်ငံတကာဆိုင်ရာ အမေရိကန် မူဝါဒနှင့် ပတ်သက်၍ လက်ရှိ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီက အားကိုးရသူ တဦးလည်း ဖြစ်သည်။
နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း ဂျွန် ကယ်ရီကို သူ၏ ယုံကြည်စွာ လက်တွဲ လုပ်ဆောင်နေသည့် လုပ်ဖော် ကိုင်ဖက်ကောင်းတဦး ဖြစ်ကြောင်း ပြောသည်။
“အီရတ်စစ်ပွဲ အဆုံးသတ်ရေး သူ ကူညီခဲ့တယ်” ဟု မစ္စ ဟီလာရီက ဆိုသည်။
ထို့အပြင် အာဖဂန် အသွင်ကူးပြောင်းရေးကာလ စေ့စပ်ညှိနှိုင်းမှုတွင် ကူညီခဲ့သကဲ့သို့ အီဂျစ် အပါအဝင် အရှေ့အလယ်ပိုင်း၊ ပါကစ္စတန်၊ ရုရှား စသည့် နိုင်ငံများနှင့် အရေးကြီးသည့် ဆက်ဆံရေး ကိစ္စများတွင်လည်း ကူညီခဲ့သူဖြစ်ကြောင်းလည်း မစ္စ ဟီလာရီက ဆက်ပြောသည်။
မစ္စ ဟီလာရီသည် မကြာသေးမီက သမ္မတ အိုဘားမား၏ လာမည့် သမ္မတ သက်တမ်းအတွက် နိုင်ငံခြားရေးဝန်ကြီး တာဝန်ကို ဆက်လက်ယူမည် မဟုတ်ကြောင်း ကြေညာထားပြီးဖြစ်၍ ယခုကဲ့သို့ ဂျွန်ကယ်ရီကို နိုင်ငံခြားရေး ဝန်ကြီးသစ် အဖြစ် သမ္မတ အိုဘားမားက ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
အသက် ၆၉ နှစ်ရှိပြီဖြစ်သည့် ဂျွန်ကယ်ရီသည် အရှေ့အလယ်ပိုင်းမှ အစပြုကာ နိုင်ငံတကာရေးရာ ဗဟုသုတ နှံ့စပ် ကြွယ်ဝသူဖြစ်ပြီး ဂျွန်ကယ်ရီကို စစ်ပွဲများ၊ အစိုးရ အုပ်ချုပ်ရေး၊ သံတမန်ရေး နယ်ပယ်များတွင် စမ်းသပ်ခံပြီးသား ဖြစ်ကြောင်း မစ္စ ဟီလာရီက ဆိုသည်။
“ဂျွန်ကယ်ရီဟာ ကမ္ဘာတဝန်းက အမေရိကန် အကျိုးစီးပွားနဲ့ တန်ဖိုးတွေကို ထိထိရောက်ရောက် ရှေ့တန်းရောက်စေဖို့ မနားတမ်း ဦးဆောင်ခဲ့တယ်။ သူနဲ့ အရင်က အတူအလုပ်တွဲလုပ်ရတာကို ကျမ ဂုဏ်ယူတယ်” ဟု ကုလ သမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စ ဆူဇန် ရိုက်စ်က မှတ်ချက်ပေးသည်။
အလားတူ သူ၏ လုပ်ဖော်ကိုင်ဖက်ဟောင်းများ၊ လွှတ်တော်အမတ် အသီးသီးတို့ကလည်း ဂျွန်ကယ်ရီအား နိုင်ငံခြားရေး ဝန်ကြီးအဖြစ် မျှော်လင့်သူများ ရှိသကဲ့သို့ မေးခွန်းထုတ်သူများလည်း ရှိကြသည်။
ဂျွန်ကယ်ရီသည် ၁၉၄၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က မွေးဖွားခဲ့သူဖြစ်ပြီး ၁၉၆၆ ခုနှစ်တွင် ယေးလ် တက္ကသိုလ်မှ ဘွဲ့ရခဲ့သည်။ ဗီယက်နမ်စစ်ပွဲ၌ အမေရိကန် ရေတပ်တွင် ဒုဗိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မဲခေါင်မြစ် တိုက်ခိုက်ရေး ရေယာဉ်မှူးအဖြစ်လည်း တာဝန်ယူခဲ့ကာ ငွေကြယ်၊ ကြေးနီကြယ်နှင့် Purple Heart ဆုတံဆိပ် ၃ ခု ရခဲ့သူဖြစ်သည်။
၁၉၇၀ ခုနှစ်တွင် ဗီယက်နမ်မှ အမေရိကန်သို့ ပြန်လည် ရောက်ရှိခဲ့ပြီး ဗီယက်နမ် စစ်ဆန့်ကျင်ရေး အုပ်စုတခု၏ ခေါင်းဆောင် လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန် ပြည်ထောင်စု၌ လူသိများလာခဲ့သည်။
ဂျွန်ကယ်ရီသည် ၁၉၇၂ ခုနှစ်က မက်ဆာချူးဆက်ပြည်နယ် အောက်လွှတ်တော် အမတ်ရွေးပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။ ထို့နောက် ၁၉၈၂ ခုနှစ်တွင် နိုင်ငံရေးလောကသို့ ပြန်လည် ဝင်ရောက်လာခဲ့ပြီး မက်ဆာချူးဆက်ပြည်နယ်၏ လက်ထောက်အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့သည်။ ၂ နှစ်ခန့်ကြာပြီးနောက် အမေရိကန် အထက်လွှတ်တော် အမတ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ယခုတိုင် ၅ ကြိမ် သက်တမ်းဖြင့် မက်ဆာချူးဆက်ပြည်နယ်၏ အထက်လွှတ်တော် အမတ်အဖြစ် တာဝန်ထမ်းနေဆဲဖြစ်သည်။
ပြိုင်ဘက်ဟောင်း ဖြစ်သကဲ့သို့ လုပ်ဖော်ကိုင်ဖက် ဟောင်းလည်းဖြစ်သူ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ယခုလဆန်းပိုင်းလောက်ကတည်းက ဂျွန်ကယ်ရီကို ရယ်မောကာ နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီဟု ခေါ်ဆိုခဲ့သေးသည်။
မစ္စတာ ဂျွန်ကယ်ရီ ကိုယ်တိုင်ကလည်း နိုင်ငံခြားရေးဆိုင်ရာ လုပ်ငန်းများတွင် ကျွမ်းကျင်သူဟု သတ်မှတ်ထားလေ့ရှိကြောင်း သတင်းများတွင် ဖော်ပြသည်။
မစ္စတာ ဂျွန်ကယ်ရီ နိုင်ငံခြားရေး ဝန်ကြီးဖြစ်လာပါက ရင်ဆိုင်ဖြေရှင်းရမည့် စိန်ခေါ်မှုများက အသင့်ဆီးကြိုလျှက်ရှိသည်။
ဆီးရီးယားနှင့် အစ္စရေး-ပါလက်စတိုင်း စသည့် အရှေ့အလယ်ပိုင်းမှ အစ၊ မြောက်ကိုရီယား အဏုမြူနှင့် ဒုံးကျည်လက်နက် ကိစ္စနှင့် အာရှရေးရာ အလယ်၊ ကျဆင်းနေသည့် အမေရိကန် စီးပွားရေး ကိစ္စများအဆုံး ကမ္ဘာတဝန်း အမေရိကန်၏ ဦးဆောင်မှု အခန်းကဏ္ဍများအား မည်သို့ လုပ်ဆောင်သွားမည်ဆိုသည်ကို စောင့်ကြည့်ရမည် ဖြစ်ပေသည်။