ဟဲဟိုးလေဆိပ်တွင် လေယာဉ် ပျက်ကျမှုကြောင့် သေဆုံးခဲ့သော ဧည့်လမ်းညွှန် မနွဲ့လင်းရှိန်၏ ဈာပနကို မနက်ဖြန် ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ၎င်း၏ နေရပ် ရှမ်းပြည်နယ် ရပ်စောက်မြို့နယ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း အင်းလေးရှိ Diethelm Travel & Toure ကုမ္ပဏီရုံးခွဲမှ တာဝန်ရှိသူ အမျိုးသမီးတဦးက အတည်ပြုပြောကြားသည်။ “ဒီမနက်ပဲ သူ့မိသားစုတွေက ရပ်စောက်ကို အလောင်းပြန်သယ်သွားပြီ။ အခုချိန်ဆို လမ်းထဲမှာပဲရှိဦးမယ်။ ကျမတို့ ကုမ္ပဏီဘက်ကလည်း သူ့မိသားစုအတွက် အစစအရာရာ ကူညီပေးခဲ့တယ်။ အဲဒီလိုကူညီဖို့ ကားရော၊ လူ ၂ ဦးပါ အချိန်ပြည့် လိုက်ပါကူညီပေးခဲ့တယ်” ဟု ၎င်းကပြောသည်။ အဲပုဂံ လေယာဉ် ဆင်းသက်ရာတွင် လိုအပ်သည်ထက် ပိုမိုနိမ့်ဆင်းပျံသန်းခဲ့ခြင်းကြောင့် တောင်ပံနှင့် သစ်ပင်တို့တိုက်မိကာ လမ်းပေါ်ရှိ သွားလာနေသူကိုပါ ထိခိုက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ထို့အပြင် လေယာဉ်တွင် ဆီနည်းနေပြီဖြစ်သည့်အတွက် ယခုကဲ့သို့ အရေးပေါ် ဆင်းသက်လိုက်ခြင်း ဖြစ်ကြောင်း ဟဲဟိုးရှိ ပြည်တွင်းလေကြောင်းလိုင်းတခုမှ တာဝန်ရှိသူတဦးက ရှင်းပြသည်။ “မြူတွေကတော့ဆိုင်းနေတယ်။ လေကြောင်းလမ်းညွှန်ကဆင်းခိုင်းလို့ ဆင်းရတာ လို့ပဲယူဆရပါတယ်။ တိတိကျကျတော့ မပြောတတ်သေးဘူး။ ဒါပေမယ့် လိုအပ်တဲ့အနိမ့်ထက်ပိုဆင်းလို့ အခုလိုဖြစ်တာလို့တော့ကြားတယ်” ဟု ၎င်းကပြောသည်။ ပျက်ကျသွားသောလေယာဉ်သည် ဟဲဟိုးလေဆိပ်ရှိ လေကြောင်းလမ်းညွှန်၏ ညွှန်ကြားချက်ကို လိုက်နာခြင်းရှိ မရှိနှင့်ပက်သက်ပြီး စုံစမ်း၍ မရသေးကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။