မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် အနီးရှိ ဒုက္ခသည်စခန်းများတွင် ရာသီဥတု အအေးဒဏ်ကြောင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ သေဆုံးမှု မြင့်တက်လာကြောင်း သတင်းရရှိသည်။
သေဆုံးမှု မြင့်တက်နေသည့် ဒုက္ခသည်စခန်းများမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ဒုက္ခသည်အဖြစ် တရားဝင် အသိအမှတ်ပြုမထားဘဲ အထောက်အပံ့မရရှိသော ကောက်စ်ဘဇားခရိုင်၊ ဦကီယာမြို့နယ်ရှိ ကူတုပါလန် ဒုက္ခသည်စခန်းနှင့် တာ့ခ်နာ မြို့မယ်မှ လေဒါ ဒုက္ခသည်စခန်းတို့ ဖြစ်ကြောင်း သိရသည်။
UNHCR က တရားဝင် အသိအမှတ် ပြုမထားသောကြောင့် ကလေးနှင့် သက်ကြီးရွယ်အို သေဆုံးမှု စာရင်းကို တိတိကျကျပြောရန် ခက်ခဲနေကြောင်း၊ သေဆုံးမှုများမှာမူ နေ့စဉ်နီးပါး တွေ့နေရကြောင်း ဒုက္ခသည် စခန်းအတွင်း ငတ်မွတ်မှု တိုက်ဖျက်ရေးအဖွဲ့ (Action Against Hunger – ACF) က ကျန်းမာရေးလုပ်သားအဖြစ် တာဝန်ပေးထားသူ ဒလာနာလီက ပြောသည်။
“သူတို့က ဘယ်သူသေတယ်၊ ဘယ်သူမွေးတယ်ဆိုတာကို ဘယ်ကိုမှ အကြောင်းကြားစရာ မလိုတော့ စာရင်းဇယားကို သေသေချာချာ ပြောလို့မရဘူး။ ဒါပေမဲ့ ဒီအတောအတွင်း နေ့တိုင်းမဟုတ်ရင် တရက်ခြားကို တယောက်လောက် သေးနေကြတယ်။ သေဆုံးတဲ့အထဲမှာ ကလေးတွေ တွေ့ရတာများတယ်။ စခန်းက အကျယ်ကြီးဆိုတော့ စခန်းတခုလုံးကိုလည်း ကျနော်တို့က မသိဘူး။ ကျနော် တာဝန်ယူထားတဲ့ နေရာလောက်ကိုပဲ ပြောလို့ရတယ်” ဟု ဒလာနာလီက ဆိုသည်။
UNHCR အထောက်အပံ့ရသည့် ဒုက္ခသည်စခန်းများတွင်မူ အသေအပျောက် နည်းပါးပြီ သေဆုံးသောအခါ UNHCR ရုံးသို့ သတင်းပို့ရကြောင်း၊ အသုဘ တခုလျှင် ဘင်္ဂလားဒေ့ရှ် တာကာငွေ ၆၀၀ စီ ထောက်ပံ့ကြေး ရရှိကြောင်း သိရသည်။
ကူတူပါလန် ဒုက္ခသည်စခန်းမှ ဒုက္ခသည်တဦးဖြစ်သူ မောင်သိန်းက “ကျနော်တို့စခန်းမှာ နို့စို့ကလေးတွေက ၅ ရက်မှာ တယောက်လောက် သေနေတယ်။ လူကြီးပိုင်းတွေ ၁၅ ရက်ထဲမှာ ၂ ယောက်သေသွားပြီ။ လူကြီးပိုင်းဆိုပေမဲ့ တယောက်က ၄၀ လောက်ပဲ ရှိသေးတယ်။ နောက်တယောက်ကတော့ ၆၀ လောက်ရှိပြီ” ဟု ပြောသည်။
လေဒါ ဒုက္ခသည် စခန်းတွင်လည်း ရာသီဥတု အအေးဒဏ်ကြောင့် လူကြီး ၂ ဦးနှင့် ကလေးငယ် တဦး ပြီးခဲ့သည့် သီတင်းပတ်က သေဆုံးခဲ့ကြောင်း ဒုက္ခသည် တဦးဖြစ်သူ မူသာလက်က ဆိုသည်။
“လူကြီးတွေကျတော့ အသက်ကလည်း ကြီးလာပြီး အအေးကလည်း ပိုလာတယ်ဆိုတော့ အဲ့ဒီအအေးဒဏ်ကြောင့် ရောဂါဖြစ်လာပြီး သေသွားကြတာ။ ကျနော်တို့စခန်းက တောင်ကြားမှာဆိုတော့ တခြားနေရာက စခန်းတွေထက် ပိုအေးတယ်လေ” ဟု မူသာလက်က ပြောသည်။
ဒုက္ခသည် ၁ သိန်းခွဲနီးပါးရှိသော ကူတူပါလန်ဒုက္ခသည် စခန်းကို အဖွဲ့တခုတည်းက ကျန်းမာရေးစောင့်ရှောက်မှု ကူညီပေးနေပြီး ဒုက္ခသည် ၁ သောင်းခွဲနီးပါးရှိ လေဒါ ဒုက္ခသည်စခန်းကို Muslim Aid အဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးထားကြောင်း သိရသည်။
မြန်မာနိုင်ငံဘက်မှ အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးလာသူ အစ္စလမ် ၂ သိန်းနီးပါးထဲမှ ၃ သောင်းကျော်ကိုသာ UNHCR က ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားပြီး တာ့ခ်နာမြို့ရှိ နော်ယာပါရာ ဒုက္ခသည်စခန်းနှင့် တချို့ကို ကူတူပါလန် ဒုက္ခသည်စခန်းတွင် ထားရှိကာ ထောက်ပံ့ပေးထားသည်။
ဒုက္ခသည်အဖြစ် အသိအမှတ်ပြု မခံရသူများကို ဘင်္ဂလားဒေ့ရှ် အစိုးရက နားလည်မှုဖြင့် ဒုက္ခသည်စခန်း ၂ ခု ဖွင့်ပေးထားသော်လည်း ဆေးဝါးအနည်းသာ ထောက်ပံ့ကြောင်း သိရသည်။
“UNHCR က အသိအမှတ်ပြုခံရတဲ့ ဒုက္ခသည်တွေဆိုရင် အိမ်ကအစ ဆောက်ပေးတယ်။ အစားအသောက်ဆိုရင်လည်း ပူစရာမရှိဘူး။ ဒါပေမဲ့ UN က အသိအမှတ်မပြုတဲ့ ဒုက္ခသည်တွေကို စားဝတ်နေရေး အကုန်လုံးကို ကိုယ်ဟာကိုပဲ ရှာစားကြရတယ်။ ဘယ်သူကမှ လာပြီး ကူညီပေးတာမရှိဘူး” ဟု ဒုက္ခသည် မောင်သိန်းက ဆိုသည်။