[irrawaddy_gallery]
ကချင် လွတ်လပ်ရေး တပ်မတော် (KIA) လိုင်ဇာ ဌာနချုပ် အနီးသို့ ယနေ့ နံနက်ပိုင်းက အစိုးရတပ်ဖက်မှ ပစ်ခတ်သည့် အမြောက်ဆံ ကျရောက်မှုကြောင့် အမျိုးသား ၁ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၃ ဦးအနက် နှစ်ဦး ဒဏ်ရာ ပြင်းထန်ကြောင်း သတင်းရရှိသည်။
သေဆုံးသူမှာ အသက် ၄၂ နှစ် အရွယ် လယ်သမား ဂျာဂျီ တူးဂျာ ဆိုသူဖြစ်ပြီး ၎င်းအား လိုင်ဇာ ဆေးရုံသို့ ပို့ဆောင်ရာ ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း သိရသည်။
ကွယ်လွန်သူ၏ ဇနီးနှင့် ဆွေးမျိုးများ၏ ပြောဆိုချက်အရ လယ်ကွင်းထဲတွင် ကားပြင်နေစဉ် အနီးသို့ အစိုးရ စစ်တပ်ဘက်မှ ပစ်ခတ်သည့် အမြောက်ဆံ ကျရောက်ပေါက်ကွဲပြီး ပြင်းထန်စွာ ဒဏ်ရာရှိခဲ့ကြောင်း သိရှိရသည်။
ဒဏ်ရာရရှိသူ ၃ ဦးတို့သည် ဖရဲသီးခင်းထဲတွင် ရှိနေကြစဉ် နောက်ထပ် အမြောက်ဆံ ကျရောက်ပေါက်ကွဲပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။
ကျောင်းဆရာမ၊ ကလေးနှစ်ဦး၏ မိခင်ဖြစ်သူ အသက် ၂၅ နှစ်အရွယ် မလာမုန် ခိုင်လင်းမှာ ဒဏ်ရာအများအပြား ရရှိကြောင်း သိရသည်။ ဒေါက်တာ လာစန်း၏ အဆိုအရ မလာမုန် ခိုင်လင်းမှာ အရေးပေါ်သွေးသွင်းရန် လိုအပ်ကြောင်း၊ သို့သော် အသက်အန္တရာယ် စိုးရိမ်စရာ မရှိကြောင်း သိရသည်။
တတိယမြောက် ဒဏ်ရာရရှိပြီး ဆေးရုံ ရောက်လာသူ အမျိုးသားမှာ အသက် ၅၃ နှစ်အရွယ် မာရစ် မာဆန်း ဖြစ်ပြီး ခြေထောက်တွင် ဒဏ်ရာရှိကြောင်း၊ ခြေထောက်ဖြတ်တောက်ရန် လိုမလိုကို ရှင်းလင်းစွာ မသိရသေးကြောင်း ဒေါက်တာ လာစန်း က ဆိုသည်။
ထို့အပြင် အသက် ၅၃ နှစ်အရွယ် ဒေါ်လာမာလူးမှာလည်း ဒဏ်ရာ အသေးစား အနည်းငယ်ရရှိသည်ဟု သိရသည်။
ဒဏ်ရာရရှိသူများ၏ ဆွေမျိုးသားချင်းများ အဆိုအရ ယနေ့နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် ၁၀၅ မမ အမြောက်ဆံ ကျရောက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
မကြာသေးမီ ရက်ပိုင်းအတွင်းကလည်း KIA လိုင်ဇာ ဗဟိုဌာနချုပ် အနီးရှိ စစ်ပြေး ဒုက္ခသည် စခန်း ၅ ခုမှ ဒေသခံများကို မိမိလုံခြုံရေးအတွက် ကြိုတင်ပြင် ဆင်မှုများ ပြုလုပ်ထားရန် အသိပေးထားသည်။
ဒုက္ခသည်များကို စခန်းအပြင် မထွက်ရန်နှင့် ကတုတ်ကျင်းများ တူးထားရန် အသိပေးထားကြောင်း ကချင်ဒုက္ခသည်များ ကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဆလန်ကဘာ ဒွဲပီဆာ ပြောသည်။
လိုင်ဇာဌာနချုပ် အနီးအနားတွင် အစိုးရတပ်များ တိုးချဲ့လာနေကြောင်း၊ အစိုးရတပ်က လိုင်ဇာဌာနချုပ် အနီးတွင် လှုပ်ရှားနေသည့် KIA တပ်ဖွဲ့ဝင်များကို ဖယ်ရှားပေးရန် သတိပေး ပြောကြားထားကြောင်း ၎င်းက ဆက်ပြောသည်။
KIA တပ်များကို ဖယ်ရှားပေးရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်က မြစ်ကြီးနားမြို့ရှိ ကချင် ပြည်နယ် ငြိမ်းချမ်းရေး အကျိုးဆောင် (PCG) အဖွဲ့မှ တဆင့် ဒီဇင်ဘာ ၂၃ ရက်နေ့က စာဖြင့်သတိပေး အကြောင်းကြားခဲ့သည်။
“လဂျားယန်တပ်စခန်း အတွက် အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ရန် လမ်းကြောင်းအတိုင်း တပ်များ ဝင်ရောက်ရန် ရှိပါသည်။ သို့ပါ၍ လမ်းကြောင်း တလျှောက်ရှိ KIA အဖွဲ့များအား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ နောက်ဆုံးထား၍ နောက်ဆုတ်ပေးရေး KIO အဖွဲ့သို့ သတိပေးသွားရန်” ဟု အဆိုပါ သတိပေး အကြောင်းကြားစာတွင် ဖော်ပြပါရှိသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ခေါင်းဆောင်ဟောင်း ဒေါက်တာ တူးဂျာက “စစ်ရေးအရပဲ ဒါကို ရင်ဆိုင်နေကြတယ် ဆိုတဲ့အခါကျတော့ အခြေအနေတွေ အရမ်းဆိုးလာတယ်။ အပစ်မဲ့ ပြည်သူတွေ အများကြီး ဒုက္ခရောက်တယ်။ ကျနော်ကတော့ ဒီလိုအခြေအနေအထိ ရောက်လာတာကို အံ့လည်း အံ့သြတယ်၊ နောက်ပြီး ကြိုက်လည်း မကြိုက်ဘူး၊ လိုလည်း မလိုလားဘူး” ဟု ပြောသည်။
အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ နှစ်ဖက် ကိုယ်စားလှယ်များက ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားသည့်အတွက် အမြန်ဆုံး စေ့ဆပ်စေလိုကြောင်း ၎င်းက ဆိုသည်။
“ငြိမ်းချမ်းရေး ဆွေးနွေးပွဲတခုကို တနာရီ နှစ်နာရီပဲ ထိုင်ပြီး ပျက်ပြားသွားတာ ဒါမကောင်းဘူးလို့ထင်တယ်၊ စိတ်ရှည်ရှည်နဲ့ အချိန်ယူပြီးတော့ ထိုင်ဆွေးနွေးရမှာပေါ့။ မဖြစ်မနေလုပ်မယ် ဆိုတဲ့ သံန္နိဌာန်ချပြီးတော့ လုပ်စေချင်တယ်” ဟု ဒေါက်တာ တူးဂျာက ဆက်ပြောသည်။
အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်များက KIA ကိုယ်စားလှယ်များကို လာမည့်နှစ် ဇန်နဝါရီလဆန်းပိုင်း၌ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းထားရာ KIA ဘက်မှ အကြာင်းမပြန်သေးကြောင်း သိရသည်။
ဧရာဝတီ သတင်းထောက် သန်းထိုက်ဦး ပူးပေါင်းရေးသားသည်။